သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကျန် အမေရိကန်စစ်မှုထမ်း ရုပ်ကြွင်းရှာဖွေရေး စတင်


JPAC အဖွဲ့ ဗီယက်နမ်စစ်အတွင်း ကျဆုံး စစ်သည်တွေကို ရှာဖွေစဉ် မှတ်တမ်းဓာတ်ပုံ (By Joint POW/MIA Accounting Command)
JPAC အဖွဲ့ ဗီယက်နမ်စစ်အတွင်း ကျဆုံး စစ်သည်တွေကို ရှာဖွေစဉ် မှတ်တမ်းဓာတ်ပုံ (By Joint POW/MIA Accounting Command)
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မြောက်ပိုင်း ဟိမဝန္တာ တောင်တန်းတွေအနီး ပျောက်ဆုံးခဲ့တဲ့ အမေရိကန် စစ်သည်တွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို အမေရိကန်ပြည်ထောင်စုက စုံစမ်းနေပါတယ်။

ဟာဝိုင်အီ အခြေစိုက် JPAC - Joint POW/MIA Accounting Command အမေရိကန် စစ်သုံ့ပန်းနဲ့ ပျောက်ဆုံး စစ်သည်တွေကို ပူးတွဲ ရှာဖွေ မှတ်တမ်း ပြုစုရေး ဌာနချုပ်ရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အစိုးရ တာဝန်ရှိသူတွေ၊ သမိုင်း သုတေသီတွေနဲ့ တွေ့ဆုံပြီး ဒီနှစ်ကုန်ပိုင်းမှာ ရှာဖွေရေး လုပ်ငန်းတွေ စတင်နိုင်ဖို့ အပြီးသတ် ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။

ဒါကြောင့် မြန်မာပြည်သူ လူထုအနေနဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း ပျောက်ဆုံးခဲ့တဲ့ အမေရိကန် စစ်မှုထမ်းတွေ ရှာဖွေရေးနဲ့ ပတ်သက်လို့ သတင်းပေးနိုင်ပါရန် အမေရိကန် ပြည်ထောင်စု က နှိုးဆော်လိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်း က တင်ပြထားပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ် တပ်တွေနဲ့အတူ မြန်မာပြည် မြောက်ပိုင်းမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ အမေရိကန် ကျဆုံး စစ်သည်တွေကို ရှာဖွေဖို့အတွက် အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် အခြေစိုက် အမေရိကန် ပစိဖိတ် စစ်ဌာနချုပ်ရဲ့ တိုက်ရိုက် ကွပ်ကဲမှုနဲ့ ဖွဲ့စည်းထားတဲ့ JPAC ခေါ် အမေရိကန် စစ်သုံ့ပန်းနဲ့ ပျောက်ဆုံး စစ်သည် ပူးတွဲ ရှာဖွေရေးဌာနက စီစဉ်နေတာ ဖြစ်ပါတယ်။

JPAC ရဲ့ လူထု ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးလည်းဖြစ်၊ အမေရိကန် လေတပ်က ဗိုလ်မှူး လည်းဖြစ်သူ ဗိုလ်မှူး ဖိလစ် အူလ်မာ (Phillip Ulmer) က JPAC ရဲ့ ရည်ရွယ်ချက်ကို ဗွီအိုအေ ကို အခုလို ရှင်းပြပါတယ်။

“JPAC လို့ အတိုကောက်ခေါ်တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန် စစ်သုံ့ပန်းတွေနဲ့
ပျောက်ဆုံး စစ်သည်တွေ ပူးတွဲ ရှာဖွေ မှတ်တမ်းပြုစုရေး ဌာနချုပ်ဟာ လူသားချင်း စာနာမှု ရည်ရွယ်ချက်နဲ့ ဖွဲ့စည်း ထူထောင်ထားတာ ဖြစ်ပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စစ်မှုထမ်းဦးရေ မှတ်တမ်းပြုစုရေး ကြိုးပမ်းမှုအတွက် JPAC အနေနဲ့ အတိတ်က ပဋိပက္ခတွေ အတွင်းမှာ ကျဆုံးခဲ့တဲ့၊ ဒါမှမဟုတ် ပျောက်ဆုံးခဲ့တဲ့ အမေရိကန် စစ်သည်တွေကို ရှာဖွေရေး၊
ပြန်လည် သယ်ယူရေး၊ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ဓာတ်ခွဲ စမ်းသပ်တာတွေနဲ့ အကူအညီပေးနေတာဖြစ်ပါတယ်။”

မြန်မာပြည်အတွင်းမှာ ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန် စစ်သည် ဘယ်နှစ်ယောက်လောက် များ ပျောက်ဆုံးခဲ့ တယ်လို့ JPAC အနေနဲ့ ခန့်မှန်းထားပါသလဲဆိုတဲ့ အမေးကိုတော့ ဗိုလ်မှူး ဖိလစ် အူလ်မာ က အခုလို ဖြေပါတယ်။

“JPAC မှာ တာဝန် ထမ်းဆောင်နေကြတဲ့ အမျိုးသားနဲ့ အမျိုးသမီး အမှုထမ်းတွေက ဒုတိယ ကမ္ဘာစစ်အတွင်း ဟိမဝန္တာ တောင်တန်းတွေအနီး ပျောက်ဆုံးခဲ့တယ်လို့ ယူဆရတဲ့ အမေရိကန် စစ်သည် ၇၀၀ ကျော်ကို ဆက်လက်ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။”

အမေရိကန် ပျောက်ဆုံးစစ်သည် ရှာဖွေရေးနဲ့ ပြန်လည် သယ်ယူရေး JPAC ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို မကြာခင်က ရောက်ရှိခဲ့ပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ
ဆွေးနွေးခဲ့တယ်လို့ ဗိုလ်မှူး ဖိလစ် အူလ်မာ က အခုလို ပြောပြပါတယ်။

“JPAC ရဲ့ စီစဉ်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကနေ မကြာခင်ကပဲ ပြန်ရောက်လာ ကြတာပါ။ အဲ့ဒီခရီးစဉ် အတွင်းမှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒီနှစ်ကုန်ပိုင်းမှာ စတင်ဖို့ စီစဉ်ထားတဲ့ JPAC ရဲ့ အနာဂတ် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အပြီးသတ် ညှိနှိုင်းနိုင်ခဲ့ ပါတယ်။ အဖွဲ့ဝင် ၅ ဦး ပါဝင်တဲ့ JPAC ကိုယ်စားလှယ်အဖွဲ့နဲ့ အတူ အမေရိကန် သံရုံးဝန်ထမ်းတွေ လည်း မြန်မာအစိုးရ အရာရှိတွေနဲ့ ဆွေးနွေး ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒေသခံ သမိုင်း ပညာရှင်
တွေ၊ ဒုတိယ ကမ္ဘာစစ်ဆိုင်ရာ သုတေသီတွေနဲ့ မော်ကွန်းတိုက် မှတ်တမ်းဆိုင်ရာ ပြတိုက်မှူးတွေ အပြင် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံနိုင်ခဲ့ပါတယ်။”

JPAC ကိုယ်စားလှယ်အဖွဲ့ရဲ့ ရှာဖွေရေး လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၈ နှစ်က ဆောင် ရွက်ခဲ့ဖူးပါတယ်။ မှတ်တမ်းတွေအရ မြန်မာပြည်တွင်း ခန့်မှန်းချေ အမေရိကန် စစ်ဘက်နဲ့ အရပ်ဘက် အမှုထမ်းပေါင်း ၇၃၀ ခန့် ပျောက်ဆုံး ခဲ့တယ်လို့ ရန်ကုန် အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာပြည်က အများပြည်သူအနေနဲ့ အမေရိကန် POW (Prisoners of War) စစ်သုံ့ပန်းနဲ့ MIA (Missing In Action) ပျောက်ဆုံး စစ်သည်တွေနဲ့ ပတ်သက်လို့ သတင်းပေးနိုင်ဖို့အတွက် JPAC ကိုယ်စားလှယ်အဖွဲ့က မေတ္တာရပ်ခံ ထားတာနဲ့ ပတ်သက်လို့လည်း ဗိုလ်မှူး ဖိလစ် အူလ်မာ က အခုလို ရှင်းပြပါတယ်။

“မြန်မာပြည်တွင်း အမေရိကန် စစ်မှုထမ်း ဒါမှမဟုတ် အမေရိကန် လေယာဉ် ပျက်ကျခဲ့တဲ့ နေရာနဲ့ ပတ်သက်လို့ ဘယ်သူပဲ ဖြစ်ဖြစ် သတင်းပေးဖို့ရှိရင် အကြောင်းကြားပေးနိုင်ဖို့အတွက် JPAC ကိုယ်စားလှယ်အဖွဲ့က အရေးပေါ် တယ်လီဖုန်းလိုင်း ဖွင့်ပေးထားပါတယ်။ ခေါ်ဆိုရမယ့် ဖုန်းနံပါတ် က ၀၉-၅၄၁၉၅၆၉ ဖြစ်ပါတယ်ခင်ဗျ။”

ကမ္ဘာတဝှမ်း အတိတ်ကာလက ပဋိပက္ခတွေအတွင်း ပျောက်ဆုံးခဲ့တဲ့ အမေရိကန် နိုင်ငံသား ၈၃,၀၀၀ ကို ရှာဖွေဖို့ အတွက် JPAC အဖွဲ့က စစ်ဘက်နဲ့ အရပ်ဘက် ဝန်ထမ်း အင်အား ၅၀၀ ကျော် နဲ့ ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မြန်မာပြည်တွင်း ပျောက်ဆုံး အမေရိကန် စစ်သည်တွေနဲ့ အမေရိကန် လေယာဉ် ပျက်ကျတဲ့ နေရာတွေနဲ့ ပတ်သက်လို့ သတင်းပေးဖို့ ရှိတယ်ဆိုရင် တယ်လီဖုန်းနံပါတ် ၀၉-၅၄၁၉၅၆၉ ကို ဆက်သွယ် သတင်းပေးနိုင်ကြောင်း အသိပေး အပ်ရင်း ပူးပေါင်း ကူညီကြပါရန် ရန်ကုန်မြို့ အမေရိကန် သံရုံးက နှိုးဆော်ထားပါတယ်။
XS
SM
MD
LG