သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီနဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်း


ရန်ကုန်တက္ကသိုလ်
ရန်ကုန်တက္ကသိုလ်
ဇူလိုင်လ ၇ ရက်နေ့ဟာ သမိုင်းဝင် သမဂ္ဂအဆောက်အဦး မိုင်းခွဲဖျက်ဆီး ခံရတဲ့ နှစ် (၅၁)မြောက်နေ့ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဆိုပေမဲ့ အဲဒီအချိန်တုန်းက ကျောင်းသားခေါင်းဆောင်တွေနဲ့ မျိုးဆက်သစ်ကျောင်းသားတွေက မေ့လျော့မသွားဘဲ သမဂ္ဂအစဉ်လာနဲ့ သမဂ္ဂစိတ်ဓာတ်ကို လက်ဆင့်ကမ်း သယ်ဆောင်နေကြဆဲပါ။ သမဂ္ဂအဆောက်အဦး ဖြိုခွဲခံရတာဟာ ဒီမိုကရေစီအုတ်မြစ်ဖြိုချခံရတာဖြစ်တယ် လို့လည်း ကျောင်းသားခေါင်းဆောင်တွေက ပြောကြပါတယ်။ အပြည့်စုံကို ဗွီအိုအေ သတင်းထောက် ကိုကျော်ထင်က စုစည်းတင်ပြထားပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတို့မှာ သမိုင်းဝင် ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တဲ့ သမဂ္ဂအဆောက်အဦးကြီးဟာ စစ်အာဏာရှင်စနစ် စတင်လာချိန်မှာ ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီမိုကရက်တစ်ကျောင်းသားခေါင်းဆောင် နိုင်ငံရေး သမားကြီး ဦးသုဝေက သမဂ္ဂအဆောက်အဦး ဖြိုခွဲခံရ တာကြောင့် ကျောင်းသားတွေအကြား စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ် ပိုမို ကြီးထွား လာတယ်လို့ဆိုပါတယ်။

“ဒီအဖြစ်အပျက်ကြီးကတော့ ဘယ်မေ့နိုင်မလဲ။ ဒီအဖြစ်ပျက်က မမေ့နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကာလတုန်းကဆိုရင် ကျောင်းသားတွေက စစ်တပ်ကို အတော်မုန်းသွားတာပေ့ါနော်၊။ 7th July ကာလတုန်းက ကျောင်းသားတွေဆိုရင်၊ ကဲ… တို့ ဒီစနစ်ကြီးကို ဖြိုခွဲမှဖြစ်မယ်ဆိုပြီး ကျောင်းသားတော်တော်များများ စစ်တပ်ထဲရောက်သွားကြတယ်ဗျ။ စစ်တပ်ထဲရောက်တဲ့အခါ သူတို့ မူလစိတ်ထားတွေပျောက်ပြီး သူတို့လည်း တပ်မတော် ခေါင်းဆောင် ကြီးတွေ ဖြစ်ကုန်ကြတာပဲလေ။”

အာဏာသိမ်းခေါင်းဆောင်ကတော့ သမဂ္ဂအဆောက်အဦးဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ခြေကုပ်ယူတဲ့ နေရာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါသေးတယ်။ သမဂ္ဂအမှုဆောင်တွေထဲမှာ ဝါဒရေးရာ မတူညီမှုတွေရှိခဲ့တယ်လို့ ဦးသုဝေက ဆက်ပြောပါတယ်။

“ဗကပ ဆိုတာကတော့ ကျနော်တို့ ကျောင်းသားဘဝကတည်းကတော့ အဖွဲ့အစည်းပါဝတီဝင်စွဲတွေ ရှိခဲ့တယ်လေ။ ၁၉၅၃ ခုနှစ်လောက်ကတည်းက။ အဲဒီတုန်းကဆိုရင် ကျနော်တို့က ဒီမိုကရက်တစ်ကျောင်းသားအဖွဲ့ ဆိုတော့ အစိုးရအဖွဲ့နဲ့ နီးစပ်တာပေါ့နော်။ အစိုးရကျောင်းသားလို့ ခေါ်ကြတာပေါ့။ အဲဒီကာလက အတိုက်ခံပါတီတွေထဲမှာလည်း ၅၃ ခုနှစ်ကျောင်းသား လှုပ်ရှားမှုပေါ့နော်။ အဲဒီတုန်းက ရွေးကောက်ပွဲတု့ိ၊ သပိတ်တို့မပေါ်ခင်တုန်း က နိုင်ငံရေးနယ်ပယ်မှာ အလုပ်သမား လယ်သမားနယ်ပယ်ထဲမှာ သူတို့လည်း ပါတီတွေအပြိုင်ရှိတယ်။ အပြိုင်ရှိတဲ့အခါမှာ ဖဆပလ က အသာရနေတာပေါ့ဗျာ။ အဲဒီအခါကျတော့ ကျောင်းသားလောကကို အားလုံးဝိုင်းပြီးတော့ အတိုက်ခံတွေက စုစည်းပြီး၊ အင်အားစုတရပ်အနေနဲ့ တည်ဆောက်တာပေါ့။ အဲဒီတုန်းကဆိုရင် ပမညတ ကျောင်းသားကိုယ်စားလှယ်တို့၊ ဗကပ ကိုယ်စားလှယ်တို့လည်း ရှိခဲ့တာပဲ။ ကျနော်တို့ကတော့ ပါတီအယူဝါဒကွဲပေမဲ့ လူချင်းကတော့ ခင်နေတာပဲ။ ခုထိလည်း ခင်နေတုန်းပဲ။ ဗကပ ဆိုတာက ရှိတော့ရှိခဲ့တာပဲ သူ့အစွဲတွေကတော့။ တပ်မတော်အနေနဲ့ လက်နက်ကိုင် တိုက်ခိုက်နေတော့ အစွန်းရောက် အမြင်တွေတော့ရှိတာပေါ့။ ဒါပေမဲ့ ကျနော်ထင်တယ်၊ ဗကပ ကျောင်းသားတွေကြောင့်ရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ။”

၁၉၅၈ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကြားဖြတ်အစိုးရကို ဖဆပလ က အာဏာလွှဲပေးလိုက်ရချိန်မှာလည်း ကျောင်းသားတွေက စစ်အာဏာ သိမ်းတယ်ဆိုပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ ဦးနု ခေါင်းဆောင်တဲ့ ပထစ အစိုးရ အနိုင်ရကတည်းက စစ်တပ်ဟာ အာဏာသိမ်းဖို့ ပြင်ဆင်နေပြီလို့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးသာဘန်းက ပြောပါတယ်။

“အဲဒီကတည်းက သူတို့က အာဏာသိမ်းဖို့ ကျားကုတ်ကျားခဲ စီစဉ်နေခဲ့ကြတာပဲလေ။ ဦးနုရဲ့ ပထစထဲမှာလည်း အကွဲပြဲတွေဖြစ်၊ တိုင်းရင်းသားတွေ ကလည်း သူတို့ရပိုင်ခွင့်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တန်းတူရေး ဖက်ဒရယ်စနစ်ထူထောင်ရေးကို တောင်းဆိုတော့ ဦးနေဝင်းက တိုင်းရင်းသားတွေတောင်းဆိုမှုကို လှည့်ကွက်လုပ်ပြီးတော့ ခွဲထွက်ရေး လုပ်ပါတယ် ဆိုပြီးတော့ အာဏာသိမ်းဖို့လုပ်တာပဲ။ အာဏာသိမ်းတဲ့ မတ်လ ၂ ရက်နေ့မတိုင်မီ ည ၁၁ နာရီလောက် ကတည်းက တင့်ကားတွေရွေ့လျားပြီး အာဏာသိမ်းဖို့လုပ်တော့ သမဂ္ဂအဆောက်အဦးကို သူတို့တင့်ကားနဲ့ အရင်ဆုံးချိန်တာပဲ။ သမဂ္ဂ အဆောက်အဦး ရင်ပြင်မှာရှိတဲ့ ဟိုတုန်းက အဝိုင်းလေးခေါ်တယ်။ အခုတော့ စာတိုက်နဲ့ တက္ကသိုလ်စာအုပ်ဆိုင်ကြားမှာ ရှိတဲ့ ကွက်လပ်ကနေ တကသ ကို ချိန်တာပဲ။ အဲဒီကတည်းက တကသကို ဖြိုမယ်ဆိုတဲ့ စိတ်ကူး ရှိတယ်နဲ့တူပါတယ်။

"ကျောင်းသားတွေကလည်း အာဏာသိမ်းတာကို ကျန်တဲ့နိုင်ငံရေးပါတီတွေ၊ လက်ဝဲပါတီတွေက ဆိုရှယ်လစ်စနစ်နဲ့ သွားမယ်ဆိုတော့ ယောင်ဝါးသွားကြ တာပေါ့။ ဒါပေမဲ့ ကျောင်းသားတွေက ဒီစစ်တပ်က ဆက်လက် အာဏာသိမ်းတာပဲ။ အာဏာသိမ်းတာကို ကန့်ကွက်တယ်ဆိုပြီး ပြတ်ပြတ် သားသား ဆန့်ကျင်ကြတာ။ အဲဒီဆန့်ကျင်မှုကြောင့်လည်း အာဏာရှင်ရဲ့ မင်းသားခေါင်းဆောင်းထားတဲ့ မျက်နှာဖုံးဟာ ကွာကျသွားတာပဲ။ အဲလိုဆန့်ကျင်မှုရဲ့ နောက်ဆက်တွဲ ၅၉ ကျွန်းဆွယ်အရေး၊ ၆၄ အလုပ်သမားအရေး၊ ဦးသန့်အရေး၊ မှိုင်းရာပြည့် စတဲ့ လှုပ်ရှားမှုတွေပေါ်လာလို့ စစ်အစိုးရရဲ့ မျက်နှာဖုံးကို ဒီလှုပ်ရှားမှုတွေက ခွာချခဲ့လို့ စစ်အစိုးရဆိုတာကို ပေါ်လွင်စေတာပဲ။ ဒါ ကျောင်းသားသမဂ္ဂရဲ့ အရေးပါတဲ့ အခန်းကဏ္ဍပဲ။”

သမဂ္ဂအဆောက်အဦးကို မိုင်းနဲ့ ဖောက်ခွဲအပြီးမှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက ဒါးးဒါးချင်း လှံလှံချင်း ဆိုပြီး လက်နက်မဲ့ကျောင်းသားတွေ ကို စိန်ခေါ်ခဲ့ပါသေးတယ်။ သမဂ္ဂအဆောက်အဦး ဖြိုချခံရသလို ဒီမိုကရေစီ အခွင့်အရေးလည်း ဆိတ်သုန်းသွားတယ်လို့ ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။

“ဒီမိုကရေစီ အုတ်မြစ်တွေ ဖြိုချခံရတာပါ။ အဲဒီချိန်တုန်းက အာဏာသိမ်းခဲ့တာ ဟာ တိုင်းပြည်ကို အာဏာသိမ်းရုံတင်မက၊ ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကိုလည်း အာဏာသိမ်းခဲ့တယ်။ သမဂ္ဂကျောင်းသားတွေက ကျောင်းသားလွှတ်တော်အဖြစ်နဲ့ တရားဝင်ရပ်တည်နေတဲ့၊ လွတ်လပ်စွာဆောင်ရွက်နေတဲ့ အစဉ်လာကိုလည်း ချိုးဖျက်ခဲ့တယ်။ အာဏာရှင်စနစ်ကို အသက်သွင်းခဲ့တာနဲ့တပြိုင်နက် သမဂ္ဂ ဆိုတဲ့အခြေခံအုတ်မြစ်ကို ရိုက်ချိုးခဲ့တယ်။ အခုဆိုရင် သမဂ္ဂအုတ်မြစ် ကို ပြန်လည်တည်ဆောက်ဖို့ တော်တော်ကြီးကို ခက်ခက်ခဲခဲ ကြိုးပမ်းနေရတယ်။ တနိုင်ငံလုံးအနှံ့ ကျောင်းသားတွေရဲ့ စုစည်းညီညွတ်မှုအားမရှိဘဲ ဒီအုတ်မြစ်ကို ဘယ်တော့မှမချနိုင်ဘူး။ အဲဒါက အင်မတန်အရေးပါတဲ့ကိစ္စ ဖြစ်တယ်။ 7th July တိုက်ပွဲစဉ်ဟာ ခုချိန်ထိမပြီးနိုင်သေးဘူးလို့တောင် ကျနော်တို့ပြောနိုင်ပါတယ်။”

7th July အခမ်းအနားကို ကျောင်းသားသမဂ္ဂ ၇ ခုက ဦးစီးပြီး တနိုင်ငံလုံးအနှံ့ ကျင်းပကြမယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG