သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အဦး ပြန်လည်ဆောက်လုပ်ရေးတောင်းဆို


7 ဇူလိုင် အထိမ်းအမှတ် အခမ်းအနားပုံရိပ်တချို့။ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၃)။ ဓာတ်ပုံ - ၈၈ မျိုးဆက်
7 ဇူလိုင် အထိမ်းအမှတ် အခမ်းအနားပုံရိပ်တချို့။ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၃)။ ဓာတ်ပုံ - ၈၈ မျိုးဆက်
တကသ လို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်က မိုင်းခွဲ ဖျက်စီးခံခဲ့ရတဲ့ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ခွင့် ရရေး တောင်းဆို လိုက်ကြပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ၅၁ နှစ်မြောက် 7 ဂျူလိုင်နေ့ အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့ချုပ်ရုံးမှာ ကျင်းပစဉ် အခုလို တောင်းဆိုခဲ့ကြတာပါ။ ဒါ့အပြင် ဒီ 7 ဂျူလိုင် မမေ့နိုင် အခမ်းအနားတွေ ကိုလည်း မြန်မာနိုင်ငံတဝှမ်းမှာ ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

စစ်အာဏာရှင် အစိုးရလက်အောက်မှာ နေခဲ့စဉ်က တရားဝင် လွတ်လွတ် လပ်လပ် ကျင်းပခွင့်မရခဲ့တဲ့ 7 ဂျူလိုင် မမေ့နိုင် အောက်မေ့ဘွယ် အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေ အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မှာဆိုရင် သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးမှာ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရန်ကုန် ကွန်ပြူတာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ အမျိုးသားစီမံခန့်ခွဲမှု ကောလိပ် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တို့ကနေ ပူးပေါင်းပြီး ဒီကနေ့ ကျရောက်တဲ့ ၅၁ နှစ်မြောက် 7 ဂျူလိုင်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြတာပါ။

“ပထမဆုံး အလေးပြုတယ်။ ပြီးတော့ တစ်မိနစ် ငြိမ်တယ်။ ပြီးတော့ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၂ အထိကို ခေတ်အဆက်ဆက် ကျောင်းသား မျိုးဆက် ခေါင်းဆောင်တွေကနေပြီးတော့ အထိမ်းအမှတ်စကား ပြောကြတယ်။ ပြီးတော့ ကျနော်တို့ ကဗျာ ရွတ်တယ်ခင်ဗျ။ ကဗျာရှည်တစ်ပုဒ် ရွတ်တယ်။ ကျနော်တို့ ကျောင်းသားသမဂ္ဂများ မြက်ခင်းပြင် ရှေ့အထိကိုသွားပြီးတော့ အလံအလေးပြုခြင်းလုပ်တယ်။ တစ်မိနစ် ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်တယ်။”

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုပိုင်ရဲသူ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၆၂ ခုနှစ် ဂျူလိုင်လ ၇ ရက်နေ့က ဦးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ ကနေ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲ ဖျက်စီးခဲ့စဉ်က ပြိုကျခဲ့တဲ့ သမဂ္ဂအဆောက်အဦးရဲ့ အုတ်ပုံအတိုင်း သဏ္ဍန်တူအောင် သရုပ်ပြ Performance တခုကိုလည်း ဒီအခမ်းအနားမှာ ကျောင်းသားတွေက လုပ်ခဲ့ကြပါတယ်။

“ညောင်ရေအိုးလောက်ရှိတဲ့ အိုး ၅၁ အိုးကို ကျောင်းသားသမဂ္ဂ နံရံလိုပုံစံမျိုး ထား ထားပြီးတော့ ခွဲတယ်။ ကျောင်းသားသမဂ္ဂ အဆောက်အဦး မိုင်းနဲ့ဖျက်ဆီးခံရတဲ့အချိန်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး လုံး၀ အုတ်ပုံနီးနီး ဖြစ်သွားတယ်ဗျာ။ အဲဒီအထိမ်းအမှတ် ညောင်ရေအိုးကို ခွဲတယ်။ ခွဲတဲ့အခါ အဲဒီအနားမှာ အုတ်ပုံကြီးလို နည်းနည်းကြီးသွားတယ်။ အဲဒီလို ပုံစံမျိုးဖြစ်သွားတယ်။ ပြီးတော့ ခွပ်ဒေါင်းအလံအမည်း တဝက် တက်တယ်။ ပြီးတော့ မိုးပျံပူဖောင်း လွှတ်ခဲ့တယ်။ နှင်းဆီပန်းတွေ ကျောင်းသား သမဂ္ဂမြေပြင်မှာ ချခဲ့တယ်ခင်ဗျ။

“ကျောင်းသားတွေ အများကြီး သေဆုံးခဲ့ရတယ်ဗျာ။ အဲဒီတော့ ဝမ်းနည်းခြင်းအနေနဲ့ ခွပ်ဒေါင်းအလံကိုလည်း အနက်ရောင် ရွေးခဲ့တယ်။ မိုးပျံပူဖောင်းကိုလည်း အနက်ရွေးခဲ့တယ်။ နှင်းဆီပန်းကိုလည်း အနက်ရွေးခဲ့တယ်ခင်ဗျ။”

အဲ့ဒီနောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ က ဒီအခမ်းအနားမှာ -

“ကျနော်တို့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို မိုင်းခွဲပြီး ဖြိုချလိုက်တယ် ဆိုတာဟာ အဆောက်အဦးကို သက်သက် ဖြိုချတာမဟုတ်ဘဲ နဲ့ ကျောင်းသားတွေရဲ့ တော်လှန်တဲ့စိတ်၊ လွတ်လပ်ရေး လွတ်လပ်မှုအတွက် အာခံတဲ့စိတ်ဓာတ်၊ အဲဒီ သမဂ္ဂစိတ်ဓာတ်ကြီးကို အပြီးသတ်ဖြိုချ ဖို့ တော်လှန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအကြံအစည်ဟာ ဒီနေ့ မြင်ကွင်းကို ကြည့်လိုက်မယ်ဆိုရင် မအောင်မြင်ဘူးဆိုတာ ထင်ရှားပါတယ်။ ဘယ်တော့မှလည်း အောင်မြင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံ ကျောင်းသားတွေရဲ့သမိုင်းဟာ ထူးခြားတဲ့ဖြစ်စဉ်တခုပါ။ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ၊ အမျိုးသား လွတ်မြောက်ရေး ခေါင်းဆောင်တွေကို အဲဒီသမဂ္ဂ ကပဲ မွေးထုတ်ခဲ့တယ်။ လွတ်လပ်မှု တိုက်ပွဲအဆက်ဆက် အဲဒီသမဂ္ဂ ကပဲ မွေးထုတ်ခဲ့တယ်။ အဲဒီတော့ ကျနော်တို့ရဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသားသမဂ္ဂစိတ်ဓာတ် ဟာ တော်လှန်တဲ့စိတ်ဓာတ်၊ အာခံတဲ့စိတ်ဓာတ်၊ လွတ်လပ်မှုကို မြတ်နိုးတဲ့ စိတ်ဓာတ်၊ အဲဒီစိတ်ဓာတ်ဟာ ဘယ်တော့မှမမေ့ဘဲနဲ့ ကျောင်းသားမျိုးဆက်ရှိနေ သမျှ ကာလပတ်လုံး အဲဒီတော်လှန်တဲ့ အာခံတဲ့စိတ်ဓာတ်၊ လွတ်လပ်မှုကို မြတ်နိုးတဲ့စိတ်ဓာတ်က ရှိနေဦးမှာဖြစ်ပါတယ်။”

ဒီကနေ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးမှာ ကျင်းပခဲ့တဲ့ တကသ ကျောင်းသားများအဖွဲ့ကတော့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီး ပြန်လည် တည်ဆောက်ခွင့်ရရေး အပါအဝင် ၅ ချက်ကို တောင်းဆိုခဲ့ကြတယ်လို့ လည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုပိုင်ရဲသူ က ဆက်ပြောပြပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန် ဖွံ့ဖြိုးရေးနဲ့ မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ခွင့် ရရှိရေး၊ တက္ကသိုလ်အက်ဥပဒေ အမျိုးသားပညာရေးမူဝါဒ အမြန်ဆုံး အကောင်အထည်ဖော်ပြီး တက္ကသိုလ်မြေပေါ်တွင် ကျောင်းသားသမဂ္ဂ တရားဝင်ရပ်တည်ရေး အဲဒါကို တောင်းဆိုတာခင်ဗျ။”

ဒီ 7 ဂျူလိုင် မမေ့နိုင် အခမ်းအနားတွေကို ရန်ကုန် တောင်ဥက္ကလာပမြို့နယ်၊ သန်လျင်မြို့နယ်တွေအပြင် မန္တလေး စတဲ့ နယ်မြို့အသီးသီးမှာ လည်း ကျောင်းသားအဖွဲ့အစည်းတွေက ကျင်းပခဲ့ကြသလို၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ကလည်း 7 ဂျူလိုင် အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။
XS
SM
MD
LG