သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း အုတ်ဖိုနဲ့ တလိုင်းရွာ လေကြောင်းထိုးစစ် တိုက်ခိုက်ခံရ


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းကျေးရွာတချို့ မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းကျေးရွာတချို့ မီးရှို့ခံရ

စစ်ကိုင်းမြို့အစွန် အုတ်ဖိုရွာနဲ့ တလိုင်းရွာကို စစ်တပ်က ဒီကနေ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုလဲမြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဆက် ဖြစ်နေပါတယ်။ စစ်ကိုင်းတိုင်းဘက်က နောက်ဆုံးရ အခြေအနေတွေကို အလိမ္မာက စုစည်းတင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အစွန်မှာရှိတဲ့ အုတ်ဖိုရွာက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ စခန်းတခုကို ဒီနေ့ ဧပြီ ၈ ရက် မနက်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ လာရောက်စီးနင်း တိုက်ခိုက်တာဖြစ်ပြီး အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ အုတ်ဖိုရွာနဲ့ ၂ မိုင်ခန့်သာဝေးတဲ့ တလိုင်းရွာကိုပါ လေကြောင်းကနေ ပစ်ခတ်ပြီး တပ်တွေနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနောက် စစ်တပ်က တလိုင်းရွာထဲမှာ တပ်စွဲနေချိန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့အတွက် ညနေပိုင်းမှာ လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ နောက်တကြိမ် ပစ်ခတ်ခဲ့ပါတယ်။

လက်ရှိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တလိုင်းကျေးရွာ ဒေသခံ ၂ ဦးလည်း ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“ဖြစ်တာက မနက်က ၉ နာရီကျော်လောက်က စတာ။ အုတ်ဖိုကို လူချပြီးတော့ စီးတယ်။ အုတ်ဖိုစခန်းကို အဲ့မှာ စီးပြီးတော့ ဒီဘက် တလိုင်းဘက်မှာလည်း လူတဖွဲ့ချတယ်။ ၁၀ နာရီလောက်မှာ တခါချပြီးတော့ ၁၀ နာရီလောက်မှာ ပစ်ပြီးတော့ ဝင်တယ်။ အဲ့တလိုင်း ဈေးထဲမှာ ၂ ယောက် ထိတယ်။ အဲ့မှာ အမျိုးသမီး ၂ ယောက် ထိတယ်။ တလိုင်းရွာထဲမှာ တပ်စွဲတဲ့အချိန်မှာ ဒီဘက်က ပြန်ဝိုင်းတယ် ပြန်ဝိုင်းတဲ့ အချိန်မှာ ဒီညနေပိုင်းအထိ တိုက်ပွဲဖြစ်နေတာပေါ့နော်။ အုတ်ဖိုမှာလည်း ဖြစ်တယ်။ သူတို့လူချတဲ့နေရာတွေမှာ ဖြစ်နေတာပေါ့။ အုတ်ဖိုမှာလည်း ဖြစ်တယ်။ တလိုင်းမှာလည်း ဖြစ်တယ်။ အဲ့အချိန်မှာ ဒီဘက်က ပြန်ဝိုင်းကြတာပေါ့။ ဒီဘက်က လက်နက်ကြီးနဲ့ထုတာ ရှိတယ်။ ကပ်ပစ်တာတွေ ရှိတယ်။ အဲ့ဒါကြောင့် ခုနကလေးတင် 35 တစီးနဲ့ ပြန်လာပစ်တာ ရှိသေးတယ်။”

အုတ်ဖိုကျေးရွာက စခန်းကို ဝင်ရောက်စီးနင်းချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး၊ တလိုင်းရွာမှာကတော့ ကာကွယ်ရေး တပ်ဖွဲ့စခန်း မဟုတ်ဘဲ၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းကို ဝင်ရောက်စီးနင်းတာလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရှိသေးပါဘူး။

လက်ရှိအချိန်ထိ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားနေပြီး၊ ရွာထဲမှာ နေအိမ်တွေ မီးရှို့ခံနေရတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ် ဘယ်လောက် မီးရှို့ခံရတယ်ဆိုတာတော့ အတိအကျ မသိသေးဘဲ ဒေသခံ အများအပြား ကေတာ့ တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအတွင်းမှာပဲ ပုလဲမြို့နယ်မှာလည်း စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ မနေ့ သောကြာနေ့က တိုက်ပွဲဖြစ်သလို၊ ဧပြီ ၈ ရက်၊ ဒီနေ့လည်း တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သခင်ဒေါင်းညိုအဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“၁၁ နာရီ ၄၀ ဝန်းကျင်လောက်မှာ ထိတွေ့မှုတွေ ဖြစ်သွားကြတာပေါ့။ တိုက်ပွဲရဲ့ ကြာချိန်က ၁၅ မိနစ် မိနစ် ၂၀ လောက်ပေါ့။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို ခိုးယူ၊ ဓားပြတိုက်သွားတယ်ပေါ့။ အဲ့အချိန်မှာ ကျွန်တော်တို့နဲ့ ထိတွေ့မှု ဖြစ်သွားတယ်ခင်ဗျ။ ကန့်ဒေါင့် (ကျေးရွာ) နားလေးမှာပဲ။”

ဧပြီ ၅ ရက်မှာ စစ်တပ်က ပုလဲမြို့နယ်ထဲက ဒေသခံကာကွယ်ရေး တပ်ဖွဲ့စခန်းတခုကို လေကြောင်းကနေ တိုက်ခိုက်သိမ်းယူခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့သလို၊ ဧပြီ ၆ ရက်နေ့ တိုက်ပွဲဖြစ်တာမှာလည်း ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး စစ်တပ်ဘက်က ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကတဆင့် ကြားသိရပါတယ်။ စစ်ကောင်စီဘက်ကတော့ လတ်တလော သတင်းထုတ်ပြန်တာ မရှိသေးသလို၊ သေဆုံးကျဆုံးမှုတွေနဲ့ ပတ်သက်လို့ ဗွီအိုအေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်းထဲက ဒေသခံကာကွယ်ရေးတပ်စခန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဝင်ရောက်စီးနင်း တိုက်ခိုက်တာတွေ ပိုလုပ်လာနေပြီး၊ မတ်လ ၃၀ ရက်ကနေ ဧပြီ ၈ ရက်၊ ဒီကနေ့အထိ ဒေသခံကာကွယ်ရေးစခန်း ၄ ခု စီးနင်းခံရသလို ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၁ ဦးအထိ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

==== Unicode =====












XS
SM
MD
LG