သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၃၀ နီးပါး သေဆုံးကြောင်း AA အဖွဲ့ သတင်းထုတ်ပြန်


ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများနဲ့ ကျန်ရစ်သူမိသားစုဝင်များ (AA)
ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများနဲ့ ကျန်ရစ်သူမိသားစုဝင်များ (AA)

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၃၀ နီးပါး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် AA အဖွဲ့က ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။ AA အဖွဲ့က ထိန်းချုပ်ထားတဲ့ ရမ်ချောင်းအနီး နယ်မြေကို စစ်ကောင်စီက မနေ့နှောင်းပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၂၈ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ၃၅ ယောက်လောက် ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသမှု ပေးထားပြီး၊ ဒဏ်ရာပြင်းထန်သူတွေ ရှိတာကြောင့် သေဆုံးသူ ထပ်တိုးနိုင်တယ်လို့ ပြောပါတယ်။ သေကျေထိခိုက်သူတွေဟာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားတာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေကျေထိခိုက်မှုတွေအတွက် လတ်တလော သီးခြားအတည်ပြုလို့ မရသေးသလို၊ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။

ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခတွေမှာ နယ်မြေလက်လွတ် ဆုံးရှုံးမှုတွေ ကြုံနေရချိန်မှာပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာနေတာ ဖြစ်ပါတယ်။ ဒီလဆန်းမှာပဲ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံ ၄၀ ကျော်သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ကုလသမဂ္ဂကလည်း သတိပေး ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ သေကျေထိခိုက်ခဲ့ရပါတယ်။

Forum

XS
SM
MD
LG