သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မရိမ်းတပ်ဖွဲ့ဝင် မြန်မာအမျိုးသမီးနဲ့ တပ်တွင်း လိင်စော်ကားမှုပြဿနာ


အမေရိကန်စစ်တပ် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မသည်းဥ။ (ဓာတ်ပုံ - Justice for Thae Ohu Facebook)
အမေရိကန်စစ်တပ် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မသည်းဥ။ (ဓာတ်ပုံ - Justice for Thae Ohu Facebook)

(Zawgyi / Unicode)

အမေရိကန် မရိမ်းတပ်ဖွဲ့မှာ တပ်ကြပ်အဆင့်အဖြစ် ၇ နှစ်ကြာ တာဝန်ထမ်းဆောင်လာခဲ့တဲ့ မသဲဥဟာ လက်ရှိမှာ အမေရိကန်စစ်တပ်ရဲ့ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။ မသဲဥဟာ ၂၀၁၅ ခုနှစ်နှောင်းပိုင်း အမေရိကန် မရိမ်းစစ်တပ်ထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ၂ ကြိမ်ရှိခဲ့ပေမဲ့ မရိမ်းစစ်တပ် အရာရှိတွေက သေချာစစ်ဆေး အရေးယူမှု မလုပ်ခဲ့တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနဲ့ စိတ်ဒဏ်ရာရမှုတွေ ကြုံရကြောင်း သဲဥရဲ့ ဖခင်ဖြစ်သူ ဦးအာယုက ဗွီအိုအေကို ပြောပြပါတယ်။ မအိသန့်စင်က တင်ပြထားပါတယ်။

“အဲဒီအကျဉ်းထောင်မှာ ထိန်းသိမ်းတာ ဧပြီလတုန်းက၊ အဲဒီလိုပဲ သူက သူ့အပြုအမူတွေက ပုံမှန်မဟုတ်ဘူး၊ နည်းနည်း စိတ်တိုနေတာပေါ့။ သူက သူ့ Boyfriend နဲ့ အတူတူနေတာ၊ သူ့ Boyfriend ကို သူက စိတ်တိုပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာပေါ့၊ ဓားတွေ ဘာတွေနဲ့ ခြိမ်းခြောက်တာ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စကားများကြတာ။ အဲဒါကို သူ့ကို အိမ်တွင်းအကြမ်းဖက်မှု ဖြစ်တယ်ဆိုပြီး ပထမတော့ သူ့ကို စိတ္တဇထောင်ကို ပို့တာပေါ့။ စိတ္တဇထောင်ကတဆင့် သူ့ကို အချုပ်ထောင်ကို ပို့တာပေါ့။ အချုပ်ထောင်ကို ပို့တာတော့ ဇွန်လထဲမှာ ပို့တာ။ စိတ္တဇဆေးရုံမှာ နေရတာတော့ ဧပြီကတည်းက နေရတာ။”

မသဲဥကို အိမ်တွင်းအကြမ်းဖက်မှု အမှုနဲ့ စစ်တပ်ထောင်ထဲမှာ ဧပြီလတည်းက အဖမ်းခံထားရပေမဲ့ မိသားစုကို အကြောင်းကြားတာ မရှိခဲ့သလို မိသားစုနဲ့လည်း တွေ့ခွင့်မရဘူးလို့ ဦးအာယုက ပြောပါတယ်။

“တွေ့ခွင့်မရဘူး၊ ထောင်ထဲမှာပဲ ထားတယ်။ ကျနော့်ဆီကို အကြောင်းလည်း မကြားဘူး၊ စာလည်းမပို့ဘူး၊ ဘယ်လိုနည်းနဲ့မှလည်း အဆက်အသွယ် မလုပ်ဘူး။ Public Defender တယောက်ပေးထားတယ်၊ မစ္စတာ ဘလဲယား ဆိုတာ။ သူက Captain အဆင့်ရှိတယ်။ သူကလည်း အရမ်းကြောက်တယ်။ သူက စစ်တပ်ထဲမှာ တပ် Lawyer ပဲ၊ Public Defender နဲ့တူပါတယ်။ ဒါပေမယ့် စကားပြောကြည့်ရတာ အရမ်းကြောက်တယ်။ ဘာမှလည်း ထွက်ပိုင်ခွင့်လည်း မရှိဘူး။ ဒါကြောင့် ကျနော်တို့က Civil Lawyer ကို ငှားဖို့ ကြိုးစားနေကြတယ်။ ဒါပေမဲ့ စစ်တပ်က ခွင့်ပြု မပြုတော့ ကျနော်တို့ မသိသေးဘူး။”

ဖခင်အရင်းတယောက်ဖြစ်တဲ့၊ မိသားစုဝင်တယောက်ဖြစ်တဲ့ ဦးအာယုဟာ သူ့သမီး တရားစွဲခံထားရတဲ့ အမှုရဲ့ အကြောင်းအရင်း၊ အမှုအသေးစိတ် အခြေအနေကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။ လတ်တလောမှာတော့ အမေရိကန် မရိမ်းစစ်တပ်ဘက်က မှတ်ချက်ပေး ပြောဆိုတာ မရှိသေးပါဘူး။

“အမျိုးမျိုး ဆက်သွယ်တယ်၊ ဒါပေမယ့် သူတို့ ဖုန်းကိုင်တာတို့၊ အီးမေးလ်ပြန်တာတို့ ဘာမှမလုပ်ဘူး။ အစိုးရပိုင်းအနေနဲ့ ကျနော့်ကို ဘာမှ Response ဘာမှပြန်မပေးဘူး။ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဆိုတာ ပေါ်လွင်လာတယ်။ စိတ်မကောင်းဖြစ်တာပေါ့၊ စိတ်ဝေဒနာ ခံစားရတာပေါ့။ ကျနော်တို့က ဒီနိုင်ငံမှာ နိုင်ငံသားဖြစ်တယ်ဆိုတော့ ကျေးဇူးစောင့်သိတဲ့ အနေနဲ့ ကလေးတွေလည်း စစ်တပ်ကို စိတ်ဝင်စားကြတယ်။ အဲဒါနဲ့ ကျနော်ပဲ စစ်ထဲသွင်းလိုက်တာ။ တပ်ထဲမှာ လေးငါးခြောက်နှစ် ခုနှစ်နှစ်၊ ဝမ်းသာတာပေါ့လေ တပ်ထဲမှာ တာဝန်ထမ်းဆောင်တယ်ဆိုတော့ နည်းနည်းလည်း စိတ်အေးတာပေါ့။ ဒါပေမဲ့ အခုလို ဖြစ်သွားတယ်ဆိုတော့ စိတ်မချမ်းသာဘူးပေါ့ နံပါတ်တစ်က။ ကိုယ်အထင်ကြီး လေးစားခဲ့တာတွေ အားလုံးက သဲထဲရေသွန် ဖြစ်သွားတယ်။ နောက်တခုက အသက်လည်း ကြီးတယ်ဆိုတော့ စိတ်ခံစားမှု မကောင်းဘူးပေါ့ဗျာ။ ဝမ်းလည်းနည်းတယ်၊ ကြေလည်း ကြေကွဲတယ်။ ငါ့သမီးလေး ဒီလိုဖြစ်ရတယ် ဆိုပြီးတော့။”

အမေရိကန်စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနဲ့ စော်ကားခံရကြောင်း တိုင်ကြားမှုဟာ ၂၀၁၈ ခုနှစ်နဲ့ယှဉ်ရင် ၂၀၁၉ ခုနှစ်မှာ ၃ ရာခိုင်နှုန်း တိုးလာတာ တွေ့ရကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်တဲ့ ၂၀၁၉ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမေရိကန် မရိမ်းတပ်ဖွဲ့မှာတော့ အမျိုးသမီးတပ်သား ၉ ရာခိုင်နှုန်းနီးပါးသာ ရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ကြည်းတပ်၊ ရေတပ်၊ မရိမ်းတပ်နဲ့ လေတပ် ၄ ခုထဲမှာ ၂၀၁၉ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု တိုင်ကြားမှုနှုန်းမှာ မရိမ်းတပ်ဖွဲ့မှာ တိုင်ကြားမှုက ဒုတိယအများဆုံးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန စာရင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန် မရိမ်းတပ်ဖွဲ့မှာ လူ ၁,၀၀၀ မှာ ၅.၅ ယောက်နှုန်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန စာရင်းမှာ ဖော်ပြထားပါတယ်။

သာမန်အားဖြင့် စစ်တပ်ထဲဝင်သူ အများစုဟာ အမျိုးသားတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် အမျိုးသားတွေများတဲ့ စစ်တပ်က ပြောဆိုဆက်ဆံပုံ၊ လေးစားလိုက်နာပုံ စတဲ့ လုပ်ထုံးလုပ်စဉ်တွေက အမျိုးသမီးတပ်သားတွေအတွက် မဆီလျော်တာတွေ ရှိနိုင်တာတွေကိုလည်း ၂၀၂၀ မှာ ပြင်ဆင်သွားမယ့်အကြောင်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)











XS
SM
MD
LG