သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ကို စနက်တံတွေ ရောင်းချမှုရပ်ဖို့ Justice For Myanmar တောင်းဆို 


အိန္ဒိယနိုင်ငံ Sandeep Metalcraft ကုမ္ပဏီမှာထုတ်တဲ့ ချိန်ကိုက်စနစ်ပါ အဆင့်မြင့်စနက်တံပုံစံ။ (ဓာတ်ပုံ Justic For Myanmar/သြဂုတ် ၁၇၊ ၂၀၂၂)
အိန္ဒိယနိုင်ငံ Sandeep Metalcraft ကုမ္ပဏီမှာထုတ်တဲ့ ချိန်ကိုက်စနစ်ပါ အဆင့်မြင့်စနက်တံပုံစံ။ (ဓာတ်ပုံ Justic For Myanmar/သြဂုတ် ၁၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ကာကွယ်ရေးနဲ့ လုံခြုံရေးပစ္စည်းတွေထုတ်လုပ်တဲ့ ဆွီဒင်ကုမ္ပဏီ Saab (ဆာ့ဘ်) ရဲ့ စစ်လက်နက်ပစ္စည်းတွေဟာ အိန္ဒိယကုမ္ပဏီကတဆင့် မြန်မာစစ်တပ်ဆီ ရောက်ရှိနေတယ်လို့ Justice For Myanmar ကပြောလိုက်ပါတယ်။ မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်နေတယ်လို့ ဝေဖန်ခံနေရချိန်မှာ မြန်မာစစ်တပ်ကို အိန္ဒိယကုမ္ပဏီတခုက စစ်သုံးပစ္စည်းတွေ ရောင်းချနေတဲ့အပေါ် မြန်မာအရပ်ဘက်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ ရန်ကုန်ပေးပို့တဲ့ ဒီသတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

ဆွီဒင်နိုင်ငံအခြေစိုက် Sabb (ဆာ့ဘ်) ကုမ္ပဏီထုတ် ဖောက်ခွဲရေးပစ္စည်းတွေမှာသုံးတဲ့ ချိန်ကိုက်စနစ်ပါ အဆင့်မြင့်စနက်တံတွေကို အိန္ဒိယနိုင်ငံက Sandeep Metalcraft ကုမ္ပဏီက မြန်မာလက်နက်ပွဲစားကုမ္ပဏီ Creative Exploration ကို ရောင်းချခဲ့တယ်လို့ Justice For Myanmar က ပြောကြားလိုက်ပါတယ်။ မြန်မာကုမ္ပဏီ Creative Exploration ဟာ မြန်မာရဲတပ်ဖွဲ့အတွက် အဓိကပစ္စည်းတင်သွင်းပေးတဲ့ ကုမ္ပဏီဖြစ်သလို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်လက်နက်ပွဲစားကုမ္ပဏီလည်းဖြစ်တယ်လို့ Justice For Myanmar က သြဂုတ်လ ၁၅ ရက်က ထုတ်ပြန်လိုက်တာပါ။ ဒေါ်လာ ၂ သိန်း ၇ သောင်းကျော်ဖိုး တန်ဖိုးရှိတဲ့ စနက်တံ ၃,၀၀၀ ကို Sandeep Metalcraft ကုမ္ပဏီက အခုနှစ် မတ်လ ၂၅ ရက်က တင်ပို့ခဲ့တယ်လို့ Justice For Myanmar ကထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရောင်းချလိုက်တဲ့ လက်နက်ခဲယမ်းတွေက ဂျီနီဗာပဋိညာဉ်ကို ချိုးဖောက်တယ်လို့ မှန်းဆနိုင်တဲ့ အခြေအနေမှာ စစ်လက်နက်တွေကို လွှဲပြောင်းရောင်းချခြင်းမလုပ်ဖို့ လူ့အခွင့်အရေး ဥပဒေတွေကို အိန္ဒိယနိုင်ငံက လိုက်နာဖို့တာဝန်ရှိတယ်လို့ Justice For Myanmar က ပြောလိုက်တာပါ။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ကန့်ကွက်ဖို့၊ စစ်ကောင်စီကို အသိအမှတ် မပြုဖို့ မြန်မာအရပ်ဘက်အဖွဲ့တွေက အိန္ဒိယအစိုးရကို တောင်းဆိုနေတဲ့ကြားကပဲ အခုလိုကိစ္စတွေရှိနေတာပါ။ အိန္ဒိယအစိုးရဟာ လက်ရှိအချိန်အထိ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆက်ရေးကောင်းမွန်အောင် ဆက်ပြီးထိန်းသိမ်းနေတဲ့အနေအထားဖြစ်တယ်လို့ အိန္ဒိယအခြေစိုက်တဲ့ မြန်မာအရပ်ဘက်အဖွဲ့ India For Myanmar ရဲ့တာဝန်ခံ ဆလိုင်းဒိုခါရ် (Salai Dokha) က ဗွီအိုအေကို ပြောပါတယ်။ မြန်မာအဖွဲ့အစည်းတွေက ဒီလိုအလားတူကိစ္စတွေကို တောက်လျှောက် ကန့်ကွက်နေတဲ့ကြားကပဲ အိန္ဒိယအစိုးက မသိဘာသာနေတဲ့သဘော ရှိနေတယ်လို့ သူကပြောပါတယ်။

“အိန္ဒိယနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေအနေနဲ့ဆိုရင် ဒီကိစ္စကို တောက်လျှောက်လည်း ကန့်ကွက်တယ်။ စုံစမ်းမေးမြန်းခြင်းခံရတဲ့အထိကို ကျနော်တို့ ကန့်ကွက်တယ်။ Justice For Myanmar ကထုတ်ပြန်ထားတဲ့ အချက်ကိုလည်း အိန္ဒိယနိုင်ငံ CBI ကို ကျနော်တို့ ပို့ထားပြီးတော့မှ ဒီကိစ္စကို သိထားတာရှိလားဆိုပြီး မေးမြန်းထားတယ်။ CBI ရဲ့တာဝန်ရှိသူတချို့ကလည်း အပေါ်ကို မေးကြည့်လိုက်ပါမယ်၊ စုံစမ်းကြည့်ပါမယ်ဆိုတာ ရှိနေတယ်။ ဆိုတော့ ချုံ့ပြောရရင် အိန္ဒိယက မသိဘဲနဲ့တော့မနေဘူး၊ သိတယ်။ သို့သော်လည်း မသိသလိုတော့ နေရလိမ့်မယ်၊ ဒီလိုအနေအထားမှာ အိန္ဒိယက ရှိနေတဲ့သဘောရှိတယ်။"

အိန္ဒိယဗဟိုအစိုးရက မြန်မာစစ်ကောင်စီနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးရှိနေပေမယ့် မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်တွေကို တဘက်တလမ်းကနေ အကာအကွယ်ပေးနေတဲ့ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ သဘောထားကိုတော့ မြန်မာအရပ်ဘက်အဖွဲ့တွေက ကြိုဆိုကြပါတယ်။ အလားတူပဲ အိန္ဒိယ ဗဟိုအစိုးရကိုလည်း မြန်မာ့အရေးမှာ လျှစ်လျူမရှုဖို့ တိုက်တွန်းချင်တယ်လို့ ဒီမိုကရေစီကို ကူညီကြသူများကွန်ရက် (HPD) တည်ထောင်သူ ကိုစိုးဝင်းဆွေက ဗွီအိုအေကို ပြောပါတယ်။

"လက်ရှိစစ်ကောင်စီနဲ့ ဒေလီအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံနေတယ်ဆိုတာတွေ ကျနော်တို့ သိရတဲ့အခါကျတော့ ဒါ ကျနော်တို့ အများကြီးတော့ စိတ်မကောင်းဖြစ်တာပေါ့။ ဒါပေမဲ့လို့ အဝေးကလူတွေ ကောင်းတယ်ဆိုတာက အိမ်နီးချင်းတွေ ဆိုးတာလောက်ပဲရှိသေးတယ် ဆိုတဲ့ စကားရှိတယ်ဗျာ၊ အဲဒီအတိုင်းပဲ ဘယ်လိုပဲဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံတွေက ဒဏ်တော့ခံရတာပဲလေ။ ပြီးတဲ့အခါကျတော့ အိန္ဒိယနဲ့ မြန်မာဆိုတာလည်း ဟိုးလွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလကတည်းက အမျိုးသားခေါင်းဆောင် အချင်းချင်းလည်း ရဲဘော်ရဲဘက် နီးကပ်တဲ့ဆက်ဆံရေး ရှိခဲ့တဲ့အခါကျတော့ ဒါတွေကို ထောက်ထားပြီးတော့ ဒေလီအစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ ခံစားချက်တွေကို လျစ်လျူမရှုဖို့တော့ ကျနော် တိုက်တွန်းချင်ပါတယ်။"

အိန္ဒိယကုမ္ပဏီက မတ်လ၂၅ ရက်က မြန်မာကိုတင်ပို့ခဲ့တဲ့ Fuze 447 စနက်တံတွေဟာ တတိယအကြိမ်မြောက် ဖြစ်တယ်လို့ Justice For Mynamar ကပြောထားပါတယ်။ ဒီစနက်တံတွေကို မူလထုတ်လုပ်တဲ့ ဆွီဒင်ကုမ္ပဏီဘက်ကတော့ မြန်မာကုမ္ပဏီနဲ့ ဆက်ဆံရေးမရှိဘူးလို့ ငြင်းဆိုထားပြီး အိန္ဒိယကုမ္ပဏီဘက်ကို မေးမြန်းစုံစမ်းသွားမယ်လို့ တုံ့ပြန်ထားပါတယ်။ အိန္ဒိယကုမ္ပဏီကို တစုံတရာ အရေးယူတုံ့ပြန်ဖို့ လိုမလိုဆိုတာကိုလည်း ဆုံးဖြတ်သွားမယ်လို့ ဆွီဒင်ကုမ္ပဏီက Justice For Myanmar ကို ဖြေကြားခဲ့တယ်လို့ ပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှုကို မဖြစ်မနေအဆုံးသတ်ရလိမ့်မယ် လို့ Justice For Myanmar က သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ရေးသားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]










XS
SM
MD
LG