သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဝန်ကြီးသုံးဦး ရာထူးနုတ်ထွက်ခိုင်းမှု ပါတီမှ စုံစမ်းမည်


ကချင်ပြည်နယ်အစိုးရ (ဓါတ်ပုံ- Kachin State Government Office)
ကချင်ပြည်နယ်အစိုးရ (ဓါတ်ပုံ- Kachin State Government Office)

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦးကို ပြည်နယ်ဝန်ကြီးချုပ်က နုတ်ထွက်ခိုင်းတဲ့ကိစ္စ စုံစမ်းစစ်ဆေးဖို့ လုပ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကိုပြောပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်က နုတ်ထွက်ခိုင်းတာ ဟုတ်မဟုတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်ချက်အပေါ် ပါတီဘက်က စုံစမ်းစစ်ဆေး ပေးဖို့ နုတ်ထွက်ခိုင်းထားတဲ့ထဲမှာပါတဲ့ ဝန်ကြီးတဦး ပေးပို့တဲ့ တိုင်ကြားလွှာမှာလည်းကွဲလွဲမှုတွေ ရှိနေတာကြောင့် အတိအကျ စုံစမ်းပြီးမှပဲ အဖြေပေးမယ်လို့ NLD ပြောခွင့်ရက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရဆိုပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြည်နယ်ဝန်ကြီး ၃ ဦးကို မိမိသဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ကြောင်း စာတင်ဖို့ ညွန်ကြားခဲ့တယ်လို့ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးတွေကပြောကြပါတယ်။

နုတ်ထွက်စာတင်ဖို့ ပြောထားတဲ့ ဝန်ကြီးတွေကတော့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးမြသိန်း၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသင်းလွင် နဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးH လှအောင်တို့ ဖြစ်ပါတယ်။

ဒီလို စာတင်ဖို့ညွှန်ကြားခံရသူထဲက စိုက်မွေးဝန်ကြီး ဦးမြသိန်းကတော့ ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်ချက်အပေါ် NLD ပါတီဘက် က စုံစမ်းစစ်ဆေးပေးဖို့ ပါတီဌာနချုပ်ကို စာပေးပို့ထားတယ်လို့ သတင်းမီဒီယာတွေကို ပြောထားပါတယ်။

လက်ရှိ ပြည်နယ်ဝန်ကြီး ၃ ပါး နုတ်ထွက်ဖို့ ဝန်ကြီးချုပ်ကပြောတာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်လို့ဆိုတာနဲ့ပတ်သက်ပြီး တကယ်လုပ်ဆောင်ခိုင်းခြင်းဟုတ်မဟုတ်ကို ခုထိရှင်းရှင်းလင်း လင်းမသိရသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာမျိုးညွှန့်ကို ဆက်သွယ်မေးမြန်းတာမှာတော့ -

"တကယ်ထွက်ခိုင်းမယ်လို့တော့ ကျနော်တို့မယုံကြည်ပါဘူး။ သတင်းအရတော့ထွက်နေတယ်။ ဘာမှတိတိကျကျစုံစမ်းမေး မြန်းလို့မရသေးပါဘူး။ ဘာဖြစ်မှန်း အမှန်တကယ်ဘာဖြစ်မှန်းမသိသေးပါဘူး"

လက်ရှိမှာတော့ စိုက်မွေးဝန်ကြီး ဦးမြသိန်းက ဝန်ကြီးချုပ်တင်ခိုင်းတဲ့အတိုင်း နုတ်ထွက်စွာ တင်ပြီးပြီလို့ပြောထားပါတယ်။

ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်ချက်အပေါ် NLD ပါတီဘက်က စုံစမ်းစစ်ဆေးပေးဖို့ စိုက်မွေးဝန်ကြီး ဦးမြသိန်းက တိုင်ကြားစာ ပေးပို့ထားတာနဲ့ပတ်သတ်လို့ မေးမြန်းတာမှာတော့ ဒေါက်တာမျိုးညွှန့်က -

"အဖြစ်မှန်ကို ကျနော်တို့အရင်သိပြီးတော့မှ ကျနော်တို့ဘာဆက်လုပ်ရမလဲစဉ်းစားလို့ရမယ်ခင်ဗျ၊ သူပြောတာနဲ့ သူကမီဒီယာ တွေကိုပြောတဲ့ ကြားထဲမှာ ခုပို့တဲ့စာတောင်ကွဲလွဲမှုတချို့ရှိနေပါတယ်။ အဲတော့ကျနော်တို့ဘာမှမှတ်ချက်ပေးလို့မရပါဘူး"

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ အရ နိုင်ငံတော်အပေါ် သစ္စာမစောင့်သိတာ၊ ကိုယ်ကျင့်တရား ပျက်ပြားတာ၊ ပေးအပ်ထားတဲ့တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်တာ ဆိုတဲ့အချက်တချက်ချက်နဲ့ ဝန်ကြီးတဦးကို စွပ်စွဲ ပြစ်တင်ခွင့် ရှိပါတယ်။ ဒါပေမယ့် တိကျခိုင်မာတဲ့ အချက်မရှိဘဲ စွပ်စွဲပြစ်တင်ခွင့်မရှိသလို အတင်းအကျပ် ဖိအားပေး နုတ်ထွက်ခိုင်းတာမျိုးကို လည်း လုပ်လို့မရပါဘူး။

လုပ်ငန်းတာဝန်မကျေပွန်တဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ရာထူးကနေ နုတ်ထွက်ဖို့ နိုင်ငံတော်သမ္မတက ညွန်ကြားနိုင်ကြောင်းနဲ့ ညွန်ကြားချက်ကို မလိုက်နာရင် တာဝန်ကနေ ရပ်စဲခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

လက်ရှိတည်ဆဲဥပဒေအရ လုပ်ငန်းတာဝန်မကျေပွန်တဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ရာထူးကနေ နုတ်ထွက်ဖို့ ညွန်ကြားနိုင်တဲ့ အခွင့်အာဏာကို နိုင်ငံတော်သမ္မတကိုသာ ပေးထားတာပါ။

အခုလို ဝန်ကြီး ၃ ဦးကို နုတ်ထွက်စာ တင်ခိုင်းခဲ့တာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဒီကနေ့ မြစ်ကြီးနားမြို့မှာ သတင်းထောက်တွေ မေးမြန်းတာကို အခုလိုဖြေသွားပါတယ်။

" အန်ကယ်တို့က အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖြစ်တယ်။ Chain Of Command ဆိုတာရှိတယ်။ အဆင့်ဆင့် ကွပ်ကွဲညွန် ကြားတဲ့ လုပ်ရိုးလုပ်စဉ်တွေရှိတယ်။ ဒါကို ပြောခြင်းဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။"

ဝန်ကြီးတွေနုတ်ထွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားတာဟုတ်မဟုတ် သတင်းထောက်တွေက မေးမြန်းတာကိုတော့ ကချင်ဝန်ကြီးချုပ်က တိတိကျကျဖြေကြားတာ မရှိဘဲ အထက်ကဆိုတော့ အားလုံးပါတယ်လို့သာ ဖြေကြားခဲ့ပါတယ်။

ဒီအတောအတွင်း တနင်္သာရီတိုင်းဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက သတင်း ထွက်နေတာတွေရှိပြီး ပါတီအနေနဲ့တော့ လက်ရှိမှာ ဒီကချင်ဝန်ကြီး ၃ ဦးကိစ္စကိုသာ စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး တနင်္သာရီ ဝန်ကြီးချုပ်ကိစ္စနဲ့ပတ်သတ်လို့ တစုံတရာတိုင်ကြားစာရရှိထားခြင်းမရှိလို့ စုံစမ်းစစ်ဆေးတာလုပ်ဖို့မရှိသေးဘူးလို့ ဒေါက်တာ မျိုးညွန့်ကပြောပါတယ်။

ဒါ့အပြင် ပါတီကနေ အပြီးတိုင် ထုတ်ပယ်ထားပြီးဖြစ်တဲ့ ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဌ နဲ့ပတ်သက်လို့လည်း ပါတီအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီ ပေးပို့ထားပြီး လိုအပ်သလိုလုပ်နိုင်ဖို့ ပြောဆိုထားပြီးဖြစ်တာကြောင့် ဒီအအပေါ် ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG