သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရနဲ့ KIO ရွှေလီမှာ ဒုတိယအကြိမ်ဆွေးနွေး


မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ KIO ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံစဉ် (၁၁ မတ်လ ၂၀၁၃) ဓာတ်ပုံ - ကိုစည်သူ/ဗွီအိုအေ-မြန်မာပိုင်း
မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ KIO ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံစဉ် (၁၁ မတ်လ ၂၀၁၃) ဓာတ်ပုံ - ကိုစည်သူ/ဗွီအိုအေ-မြန်မာပိုင်း
မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင်လွတ်မြောက်ရေး ကိုယ်စားလှယ်အဖွဲ့တို့က ဒီနေ့ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ကချင်ပြည်နယ်ရဲ့ စစ်ဘက်ရေးရာ အကြီးအကဲ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး က လောလောဆယ် အပစ်ရပ်ထားပြီး တည်ငြိမ်မှုရှိနေတယ်လို့ ပြောပါတယ်။ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကလည်း ဒုက္ခသည်အရေး ကူညီပေးနေတဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီး ဗွီအိုအေကို ဒီကနေ့ ရှင်းပြပါတယ်။ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူနေတဲ့ ဒေါ်ခင်စိုးဝင်း က တင်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ သေနတ်သံတွေ စဲပြီး ဒုက္ခသည်တွေ နေရပ် ရင်း ပြန်နိုင်အောင် မြန်မာအစိုးရ ဘက်ကရော၊ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ဘက်က လိုလားနေကြ တာ ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲကနေ အနည်းဆုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီနိုင်လိမ့်မယ်လို့ လည်း မျှော်လင့်ထားကြတာပါ။

ဒီနေ့မနက် အစည်းအဝေးက ၉ နာရီ ၂၀ မှာ စပြီးတော့ ခေတ္တ ရပ်နားချိန်တွေ ရှိပါတယ်။ နောက် ထမင်းစားပြီးတဲ့အချိန်မှာ KIO ဘက်ကနေ ဌာနချုပ်ကို ပြန်ပြီးတော့ ညှိနှိုင်းတာတွေ တင်ပြဖို့ ရှိတယ်။ အချိန်လိုတဲ့အတွက်ကြောင့်မို့ မြန်မာကိုယ်စားလှယ်ဘက်က အချိန်ပေးပြီးတော့ အခု စောင့်ဆိုင်းနေ ကြပါတယ်။

အခု ကျမ သတင်းမပို့ခင် အချိန်လေးမှာပဲ KIO ကချင်အဖွဲ့က ဗိုလ်ချုပ်ဂွန်မော် ကနေ လာပြီးတော့ အကြောင်းကြားပါတယ်။

“အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်နိုင်တဲ့အဆင့် ရောက်ဖို့အတွက် ကြိုတင် သဘောတူညီ ချက်တွေ၊ နောက်လုပ်ဆောင်ချက်တွေ၊ နားလည်မှုတွေ လိုတယ်။ တပ်ဘက်ကနေပြောတာက အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ်ချုပ်ချင်တယ်။ ကျနော်တို့ဘက်ကနေ ပြောတာကလည်း အပစ်အခတ် ရပ်ဆိုင်းရေးစာချုပ် ချုပ်နိုင်တဲ့ အဆင့်ရောက်ဖု့ိအတွက် ပြင်ဆင်ရဦးမယ်။ တချိန်ချိန်မှာတော့ ဒီအဆင့်ကို ရောက်သွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဒီဆွေးနွေးပွဲမစခင်နဲ့ ရပ်နားချိန်တွေမှာ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် ကိုလည်း တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ ဆွေးနွေးပွဲတွေနဲ့ ညှိနှိုင်းနေတဲ့ အချိန်တွေမှာပဲ မြန်မာ စစ်တပ်ကနေ စစ်ရှိန်တွေ မြှင့်နေတာ၊ တပ်တွေ တိုးချတာ၊ ရိက္ခာတွေ ဖြည့်တာနဲ့ပတ်သက် လို့ မေးမြန်းတဲ့အခါမှာ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က အခုလို ဖြေပါတယ်ရှင်။

“လောလောဆယ်က ကျနော်တို့က အားလုံးကို ထိတွေ့မှုနည်းပါးအောင်ပေါ့ ဒါတွေကို ထိန်းသိမ်းထားပါတယ်။ ထိန်းသိမ်းထားတယ် ဆိုတာက သွားတာလာတာ၊ လှုပ်တာရှားတာ အကုန်လုံးကို ကျနော်တို့က လမ်းကြောင်းတွေဘာတွေကအစ စနစ်တကျ သတ်မှတ်ပေး ထားပြီးတော့ သွားခိုင်းတာပေါ့နော်။ ဟိုမှာလည်း ကျနော်တို့ လမ်းကြောင်းတွေအတိုင်း သွားနေတာပဲ။ အဲဒီတော့ အခုထိတွေ့မှုလျော့ပါးအောင် ဆောင်ရွက်တဲ့ အပိုင်းမှာတော့ အတော်လေး ထိရောက်မှုရှိပါတယ်။ သူတို့ဘက်ကလည်း ကျနော်တို့ကို ဘာမှပစ်တာခတ်တာ မလုပ်တဲ့အ တွက်ကြောင့်မို့လို့ မရှိသလောက် ဖြစ်သွားတာပေါ့၊ ပစ်ခတ်တိုက်ခိုက်မှုတွေကလေ။ အဲဒီတော့ ထပ်ပြီးတော့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ဖို့ဆိုတာကတော့ ဒီကရလဒ်အပေါ်မှာပဲ မူတည်မှာပါ။ ဆွေးနွေးပွဲ ရလဒ်အပေါ် မူတည်ပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့ တပ်မတော်အနေနဲ့ ဘာပဲဖြစ်ဖြစ် အမိန့်နာခံမှုရှိတဲ့ တပ်မတော်ပဲ။ ကျနော်တို့က အမိန့်ပေးလိုက်ရင်၊ အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်ရင် အားလုံးက လိုက်နာကြပါတယ်။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်လို့ သိပ်အထွေအထူး ပြောစရာတော့ မရှိပါဘူး။ သို့သော်လည်း သူတို့ကို ပြန်ပြီးတော့ ဖြေသိမ့်ဖို့ဆိုတဲ့ အပိုင်းကလည်း ကျနော်တို့ အဆင်ပြေပါတယ်။ သိပ်ပြဿနာမရှိပါဘူး။ နားလည်အောင် ရှင်းပြလို့လည်း ရပါတယ်။ အဲဒီတော့ ကျနော်တို့က အဓိကကတော့ အမိန့်နာခံမှုရှိတဲ့ တပ်မတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါအတွက် ပြဿနာမရှိပါဘူး။”

မြန်မာစစ်တပ်က KIA အပေါ် ထိုးစစ်ဆင်တာတွေကြောင့် စစ်ပြေးဒုက္ခသည်ဘဝနဲ့ တိမ်းရှောင်နေ ရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့လည်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ကို ကျမ မေးမြန်းခွင့်ရခဲ့ပါတယ်။

“ကျနော်တို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ နေရာတွေမှာ IDP Camp ပေါင်းက ၁၁၃ ခုရှိပါတယ်။ လူဦးရေက ၃၈,၀၀၀ ရှိပါတယ်။ ဒီဟာကို ကျနော်တို့ ၁ နှစ်နဲ့ ၈ လ ရှိနေတဲ့ အချိန်ကာလ အတောအတွင်းမှာ ကျနော်တို့ ကချင်ပြည်နယ် အစိုးရအနေနဲ့ အဲ့ဒီမှာရှိတဲ့ IDP Camp တွေအားလုံးကို အစစအရာရာ အဆင်ပြေအောင် ကျနော်တို့ ကြိုးစားနိုင်ခဲ့တယ်။ ဥပမာအားဖြင့် သူတို့နဲ့အတူ ပါလာတဲ့ ကလေးတွေကိုလည်းပဲ အားလုံး ပညာသင်ကြားပေး နိုင်အာင် ဆောင်ရွက်ပေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အနေနဲ့ဆိုရင် ယနေ့အချိန်အထိ ဒီလိုလူအများ စုဝေးနေထိုင်တဲ့ နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး အရ ကူးစက်တတ်တဲ့ ရောဂါမျိုး မဖြစ်ခဲ့ပါဘူး။ ပြီးတော့ အဲဒီမှာဖြစ်နေတဲ့ ဒဏ်ရာရတဲ့ ခရီးသွား ရင်းနဲ့ပေါ့လေ ဒဏ်ရာရခဲ့တာတို့ နောက်ပြီးတော့ IDP Camp မှာနေရင်းနဲ့ ကျန်းမာရေး စောင့်
ရှောက်မှုလုပ်ငန်းတွေဆိုရင် ဆေးရုံမှာလည်း ကချင်ပြည်နယ် အစိုးရအနေနဲ့ Free ပဲ သူတို့ကို ကုန်ကျစားရိတ်အားလုံးကို တာဝန်ခံပေးတာတွေ ရှိပါတယ်။”

ဒီကနေ့ ဆွေးနွေးပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေတာ ဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ကို ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးအုန်းမြင့်တို့ ဦးဆောင်ပြီးတော့၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ အရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးတို့က ဦးဆောင်နေ တာ ဖြစ်ပါတယ်။ KIO ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဆရာကြီး ဦးဆွမ်လွတ်ဂမ်၊ ဗိုလ်ချုပ် ဂွန်မော်၊ ဗိုလ်မှူးကြီးဇော်ရော် တို့က ဦးဆောင်နေတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်နဲ့ NDAA မိုင်းလား လက်နက်ကိုင်အဖွဲ့တို့ရဲ့ ကိုယ်စားလှယ်တွေလည်း သက်သေအဖြစ် တက်ရောက်နေကြ တာ တွေ့ရပါတယ်ရှင်။

ဒီဆွေးနွေးပွဲသတင်းနဲ့ပတ်သက်ပြီးတော့ နောက်ဖြစ်ထွန်း တိုးတက်မှုတွေကိုလည်း ဆက်ပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG