သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိန်းဖျက်ဆီးရေး PJS အဖွဲ့ ပြန်လည်ဆုတ်ခွာ


ကချင် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ဘိန်းခင်းဖျက်ဖို့ သွားနေစဉ်။ (Photo-Ying kyang)
ကချင် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ဘိန်းခင်းဖျက်ဖို့ သွားနေစဉ်။ (Photo-Ying kyang)

ကချင်ပြည်နယ်တွင်း လူထုအားနဲ့ ဘိန်းခင်းဖျက်ဖို့ သွားနေကြတဲ့ Pat Jasan လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ဝင်တွေရဲ့ အသက်အန္တရာယ် လုံခြုံရေး စိုးရိမ်ရတဲ့ အနေအထားဖြစ်လာနေလို့ ကချင် ရပ်မိရပ်ဖတွေရဲ့ တိုက်တွန်းချက်နဲ့ ပြန်လာနေကြပြီဖြစ်ပါတယ်။ ဘိန်းခင်းစိုက်သူနဲ့ ဘိန်းဖျက်သူတွေကြား နှစ်ဘက်အပြင်းအထန် တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် ကချင်ပြည်နယ်အစိုးရဘက်က စစ်တပ်နဲ့ ရဲလုံခြုံရေးဘက်က လုံခြုံရေး တာဝန်မယူတော့ဘူးလို့ ပြောဆိုလိုက်တဲ့အပေါ် ဘိန်းသွားဖျက်သူ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရလို့ ပြန်လာနေကြတာဖြစ်ပါတယ်။ အသေးစိတ် မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မူးယစ် အန္တရာယ်ကြီးမားနေပြီဖြစ်တဲ့ ကချင်ပြည်နယ်တွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို လူထုအားနဲ့ တိုက်ဖျက်နိုင်ဖို့ ထောင်ချီတဲ့ ဒေသခံ ကချင်ပြည်သူလူထုက ဦးဆောင်ပြီး ကချင်ပြည်နယ်တွင်း ဘိန်းအများဆုံး စိုက်ပျိုးရာဒေသတွေဆီ ဘိန်းသွားဖျက်နေကြတဲ့ Pat Jasan လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဝင်တွေ ရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်လာနေလို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့ စနေနေ့မှာတော့ မိမိတို့ရောက်ရှိနေတဲ့ နေရာတွေကနေ ပြန်လာဖို့ တိုက်တွန်း ကြတဲ့အတွက် ပြန်လာနေကြပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဦးစခုန်တိုန်ယင်းရဲ့ နယ်ခြား စောင့်တပ်နဲ့ ပြည်သူ့စစ် ပိုင်နက်ဖြစ်တဲ့ ကချင်ပြည်နယ် ကန်ပိုက်တီးဒေသ ဝေမိုးရွာမှာ ဘိန်းခင်းစိုက်သူတွေနဲ့ ဘိန်းဖျက်ဆီးဖို့သွားတဲ့ Pat Jasan တွေ ကြား သေနတ်တွေနဲ့ပစ်၊ မိုင်းတွေခွဲ အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် နှစ်ဘက် အတော်လေး အထိနာခဲ့ကြပါတယ်။ ဒီလို ဘိန်းဖျက်လူထုအဖွဲ့ကို တိုက်ခိုက် ခဲ့တဲ့အတွက် ဒေသခံကချင်ပြည်သူလူထုတွေက ကချင်ပြည်နယ်အစိုးရနဲ့ ဝန်ကြီးချုပ်ကို ဆန္ဒပြခဲ့ကြရာက ရဲလုံခြုံရေးတွေနဲ့လည်း အခြေအတင် တင်းမာ မှုတွေဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ဘက်က လုံခြုံရေးတာဝန်မယူနိုင်တော့ဘူးလို့ အတိအလင်းပြောကြားပြီးတဲ့နောက် ဘိန်းဖျက်ဖို့သွားနေတဲ့ Pat Jasan အဖွဲ့တွေ ရောက်တဲ့နေရာကနေ ပြန်လာကြဖို့ တာဝန်ရှိသူတွေက မေတ္တာရပ်ခံခဲ့တယ်လို့ ကြားဝင်ညှိနှိုင်းဖြေရှင်းပေးနေတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်အောင်က ပြောပါတယ်။

“မနေ့က ဒီဘက်မှာလဲ ဆန္ဒတွေ ဖော်ထုတ်ကြတဲ့ အခါကျတော့ ပြည်နယ် အစိုးရနဲ့ ပြည်နယ်ရဲနဲ့ ဒီ Pat Jasan အဖွဲ့နဲ့ ညှိကြတာ ဖြစ်ပါတယ်။ ညှိကြတဲ့အခါကျ သူတို့ကလဲ အခြေအနေအရ ပြည်နယ်အစိုးရ အနေနဲ့ ရဲအနေနဲ့ကော တာဝန်မယူနိုင်ဘူး။ စစ်တပ်နဲ့ပဲ ဆက်လုပ်ရင်လုပ်ပါဆိုတဲ့ အနေအထားမျိုးနဲ့ အခုကတော့ ဒီအစီအစဉ်ကို ရပ်သွားတဲ့ ဟာမျိုးရှိပါတယ်။ တပ်ကို လုပ်ဖို့ဆိုတာကတော့ ပြည်ထောင်စုအစိုးရအနေနဲ့ တောင်းဆိုမှ ရမယ့် အနေအထားမျိုးဖြစ်နေပါတယ်။ အခုတော့ ဆက်လုပ်လို့ မရတဲ့ အနေအထားမျိုး ရှိနေပါတယ်။ လုံခြုံရေးကတော့ တပ်ကပါမယ်။ ဒါမှမဟုတ်လည်း ရဲတွေကလဲ ပျောက်သွားတာမျိုး မဖြစ်ပဲ အတူတူသွားမယ်ဆိုရင်တော့ ဒီလောက်တော့ အခြေအနေ မဆိုးလောက်ပါဘူး။ ခုဟာက ဘာမှ မပါတော့ လက်နက်မဲ့ ဖြစ်တဲ့အခါကျတော့ ပိုပြီးတော့ အခုလိုဖြစ်သွားတဲ့ အနေအထား မျိုးရှိတယ်။ ”

ဘိန်းခင်းအများအပြားစိုက်ပျိုးထားတဲ့ ကချင်ပြည်နယ် ကန်ပိုက်တီးဒေသထဲမှာ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေဘက်က တာဝန်ခံမှုမရှိပဲ သွားရောက်မယ်ဆိုရင်တော့ အလွန်ကို အန္တရာယ်များတဲ့ အနေအထားဖြစ်နေတယ်လို့ ဘိန်းခင်းဖျက်အဖွဲ့ Pat Jasan နဲ့ တောက်လျောက် သတင်းလိုက်ပါ ရယူနေတဲ့ ဒေသခံသတင်းထောက်ကိုဇော်မိုးထက်က လုံခြုံရေးအနေအထား စိုးရိမ်ရတဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။

“လုံခြုံရေးအခြေအနေက စစ်တပ်မပါလို့ကတော့ ထိခိုက် ဒဏ်ရာရမှု သေဆုံးမှု တော်တော့်ကို များမယ့်သဘောရှိတယ်။ သူတို့တတွေပေါ့နော် ခုလို ပြန်ပြီးတော့ ခေါက်လာလိုက်တာကလဲ အဆိုးထဲက အကောင်းလို့ ပြောလို့ ရတာပေါ့လေ။ ကျွန်တော်တို့ သုံးသပ်ကြည့်တာပေါ့နော်။ ဒီအဖွဲ့တွေ ရှေ့ဆက်ပြီး တိုးသွားမယ် လုံခြုံရေးအရလည်း ရဲအင်အားလောက်ပဲ ထည့်လိုက်မယ် ဆိုရင်တော့ အရမ်းကို စိုးရိမ်စရာ အနေအထားပါ။ သူတို့ တကယ်လို့ လုံခြုံရေး မပေးလည်း စွတ်ပြီး သွားမယ်ဆိုရင် မမြင်နိုင်တဲ့ effect တွေ အများကြီးဖြစ်လာနိုင်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ နယ်မြေဖြစ်သွားပြီလေ။ လုံခြုံရေးအခြေအနေကတော့ Pat Jasan အဖွဲ့တွေအတွက် အလွန်ကို အားနည်းပါတယ်။ တော်တော့်ကို အားနည်းတယ်။”

ကချင်ပြည်နယ်တွင်း ဘိန်းခင်းအများဆုံးစိုက်ပျိုးရာ ဒေသတွေဖြစ်တဲ့ ကဒုံးနဲ့ ကန်ပိုင်တီဒေသတွေဆီကို သွားနေကြတဲ့ Pat Jasan လို့ခေါ်တဲ့ ကချင်လူထု ဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့ကို ဘိန်းခင်းပိုင်ရှင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုရှိမှာစိုးတဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်တပ်နဲ့ နယ်မြေရဲလုံခြုံရေးတွေဘက်က ပိတ်ပြီး တားဆီးခဲ့ပြီးတဲ့နောက် ရဲလုံခြုံရေးတွေနဲ့အတူ Pat Jasan အဖွဲ့တွေ အဖွဲ့ခွဲ ချီတက်သွားကြပြီးတဲ့နောက်မှာ ဘိန်းခင်းစိုက်ဒေသဖြစ်တဲ့ ကန်ပိုက်တီး ဝေမိုးရွာမှာ ဘိန်းစိုက်သူနဲ့ ဘိန်းဖျက်သူတို့ကြား အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူအယောက်(၃၀)လောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး မြစ်ကြီးနားဆေးရုံကို တင်ပြီး ကုသမှုခံယူနေကြရတာပါ။

ပြည်သူလူထုက လူထုအင်အားနဲ့ ကိုယ်တိုင်ပါဝင်တိုက်ဖျက်ဖို့ ကြိုးစားတဲ့ လှုပ်ရှားမှုအပေါ် သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ဘက်က ပူးပေါင်းပါဝင်သင့်တယ်လို့ အရပ်ဖက် လူထုအခြေပြုအဖွဲ့ CSOs Forum က မသိန္နီဦးကလည်း အခုလိုပြောပါတယ်။

“ဟုတ်ကဲ့ ကျွန်မတို့ အစိုးရရဲ့ အားပေးမှုနဲ့ အစိုးရရဲ့ ပူးပေါင်းပါဝင်မှုကိုသာ ရမယ်ဆိုရင် လူထုလုပ်ရှားမှုအနေနဲ့ ပိုပြီးတော့ အောင်မြင်မှာပါရှင့်။ အသွင်ကိုလဲ ကျွန်မတို့က လူတွေကို ထိခိုက်နာကျင်မှု မရှိစေတဲ့ နည်းမျိုးတွေကို ပိုပြီးတော့ ကျွန်မတို့ စနစ်တကျ စီစဉ်ဖို့ လိုပါတယ်။ ကလေးတွေက နောက်မဆုတ်ချင်ကြဘူးပေါ့နော်။ ကျွန်မတို့အလည်း လူကြီးတွေနဲ့ အမျိုးမျိုး ညှိနှိုင်းပါတယ်။ စိတ်စေတနာကောင်း မှန်သော်လည်း ဆက်မတိုးကြပါနဲ့ပေါ့နော်။ အန္တရာယ်မဖြစ်စေတဲ့ နည်းနဲ့ လုပ်ပါ။ ပြန်ဆုတ်ခဲ့ပါ။ ပြီးရင် နောက်ထပ် ညှိနှိုင်းမှုတွေ ပြင်ဆင်မှုတွေ နဲ့ ပြန်လုပ်ပါဦး ဆိုပြီး မနည်း ညှိရပါတယ်ရှင်။ ”

အခုလို ဘိန်းခင်းဖျက်ဆီးဖို့သွားတဲ့ လူထုဦးဆောင်တဲ့အဖွဲ့နဲ့ ဘိန်းခင်းစိုက်သူ ရွာသားတွေကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားတာကို ရှုတ်ချကြောင်းနဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူ၊ စီစဉ်ဆောင်ရွက်သူတွေကို အမြန်ဆုံး ဖော်ထုတ်စစ်ဆေးပြီး တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့နဲ့ တိုက်ခိုက်ခံရသူတွေရဲ့ နစ်နာမှုတွေကို တာဝန်ရှိသူတွေဘက်က တာဝန်ယူပေးဖို့ကို အရပ်ဖက်လူထုအခြေပြုအဖွဲ့ CSOs Forum ကလည်း ကြေညာချက်ထုတ် တောင်းဆိုပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ စိုးရိမ်စရာ အနေအထားကို ရောက်နေတဲ့ ဖြန့်ဖြုူး ရောင်းချသုံးစွဲနေတဲ့ မူးယစ်ဆေးဝါးပြဿဿဿ နာ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ မူးယစ်အထူးနှိမ်နှင်းရေး လူထုရဲ့ လိုလားချက်အတိုင်း ပြည်သူလူထုနဲ့ လက်တွဲ ပူးပေါင်း ဆောင်ရွက်ဖို့ကိုလည်း ပြည်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုနေကြပါတယ်။

XS
SM
MD
LG