သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဘိန်းတိုက်ဖျက်ရေး လှုပ်ရှားမှု ဆက်လုပ်မည်


ကချင်ဘိန်းတိုက်ဖျက်ရေး လှုပ်ရှားမှု
ကချင်ဘိန်းတိုက်ဖျက်ရေး လှုပ်ရှားမှု

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံး၊ ချီဖွေလမ်းခွဲမှာ တားဆီးခံထားရတဲ့ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဟာ ကန်ပိုက်တီမြို့နယ် အတွင်းက ဘိန်းခင်းတွေကို ဖျက်ဆီးဖို့အတွက် မနက်ဖြန်မှ ဆက်လက်ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ လောလောဆည် လုံခြုံရေးတပ်ဖွဲ့တွေက တားဆီးထားသလို ဘိန်းခင်းရှင်တွေက လက်နက်ကိုင် ဟန့်တားဖို့ ပြင်ဆင်ထား တာကြောင့် တင်းမာလာမယ့်အခြေအနေတွေရှိနေပါတယ်။ ဒီသတင်းကို တော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan အဖွဲ့ဝင် ၄ ထောင်လောက်ဟာ ဆဒုံး၊ ချီဖွေလမ်းခွဲမှာ ဒီလ ၁၆ ရက်နေ့တည်းက ရဲနဲ့ စစ်တပ်က တားဆီးထားတာဖြစ်ပါတယ်။ တနင်္ဂနွေနေ့က လူအင်အား တသောင်းလောက် လာရောက်စုဝေးပြီး လုပ်ငန်းအောင်မြင်ဖို့ ဝတ်ပြုဆုတောင်းပြီးတဲ့နောက်မှာ ဒီကနေ့မှာတော့ ဘိန်းခင်းတွေဖျက်ဆီးဖို့ အတွက် ဆက်လက်ထွက်ခွာဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီအခြေအနေကို ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ရဲ့ အကြံပေးအဖွဲ့ဝင် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှုး ဒေါက်တာ ခါလမ် ဆမ်ဆွန် က အခုလို ပြောပါတယ်။

“အခုကျနော်တို့က အဲဒါကို သက်ဆိုင်ရာတွေနဲ့လည်း ကျနော်တို့ တော်တော် ညှိနှိုင်းတယ်။ ဒါပေမယ့် ထူးခြားမှု တွေကတော့ မရှိဘူး။ ကျနော်တို့လူတွေကလည်း တပတ်လောက်ရှိပြီဆိုတော့ ပင်ပန်း လာပြီ။ သူတို့ပြောတဲ့ အကြောင်းအရာတွေ ကလည်း ကျနော်တို့လက်ခံပါတယ်။ ဒါပေမယ့် ဒီလို ပိတ်ပင်တားဆီးမှုကိုတော့ ကျနော်တို့က နားမလည်နိုင်ဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အားလုံးက ဒီလူထုအခြေပြု မူးယစ်ဆေးဝါးက မနက်ဖြန် ကျနော်တို့ ရောက်နိုင် တဲ့အထိ ရောက်အောင်သွားပြီးမှ လုပ်ငန်းစဖို့ အဲလိုဆုံးဖြတ်ထားပါတယ်။ သူတို့ကို ကျနော်တို့ တောင်းဆိုမယ်။ စာလည်း ရေးထားတယ်။ အကြောင်းကြားပြီးမှ ကျနော်တို့သွားမှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ရက်တွေကတော့ ကန်ပိုက်တီနယ်ဘက်က ဘိန်းခင်းရှင်တွေဟာ သေနတ်၊ တုတ်၊ ဓား စတဲ့လက်နက်ကိုတွေကိုင်ဆောင်ပြီး လူအင်အား ၂၀၀ လောက်နဲ့ လမ်းခရီးမှာ စောင့်ဆိုင်းနေတယ်လို့လည်း သတင်းထွက်ပေါ်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေကို ဒီလ ၁၆ ရက်နေ့မှာ ဆက်လက်မသွားဖို့ တားဆီးခဲ့တာဖြစ်ပါတယ်။

ဒီလို တားဆီးတာနဲ့ပတ်သက်ပြီး ပြည်နယ်ရဲမှုးကြီး ချစ်ဦးက တဖက်က ရန်ပြုတိုက်ခိုက်နိုင် တာကြောင့် ဖြစ်ကြောင်းနဲ့ အရင် တနိုင်း ၂ ကြိမ်နဲ့ ဝိုင်းမော်မြို့နယ်အတွင်းမှာ ၃ကြိမ် တိုက်ခိုက်ခဲ့ရကြောင်း ဒီလ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒေါက်တာ ခါလမ်ဆမ်ဆွန်ကတော့ သွေးထွက်သံယိုမှုတွေ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက် သွားမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

“သွေးထွက်သံယိုမှုတွေ မဖြစ်အောင်တော့ ကျနော်တို့ ဘာသာရေး အဖွဲ့အစည်းအားလုံးကနေ ထိန်းကျောင်း သွားမှာဖြစ်ပါတယ်။ ဒါက နိုင်ငံရေးလည်း မဟုတ်ဘူး။ ဘာမှနိုင်ငံရေး ပယောဂ လည်းမရှိဘူး။ ကျနော်တို့ရဲ့ လူထု လှုပ်ရှားမှု ဒီ ဘိန်းခင်းကို ဖ ျက်တာပဲ။ ဒါဟာကောင်းမြတ်တဲ့ လုပ်ငန်းဆိုတာ ကျနော်တို့ အသိစိတ်နဲ့ လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကပြောမယ် သွားမယ်။ ဘယ်လောက်အထိ ပိတ်ပင်မလဲဆိုတာကတော့ ကျနော်တို့က လက်တွေ့ လုပ်မှပဲ တွေ့ရမှာပေါ့။”

ကချင်ပြည် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ တိုက်ခိုက်တာတွေ မဖြစ်အောင် အာဏာပိုင်တွေက နှစ်ဘက်ညှိနှိုင်းပြီး ဆောင်ရွက်သင့်တယ်လို့ အခုလို ပြောပါတယ်။

“အကောင်းဆုံးက ကျနော်မြင်တာက ဒီအာဏာပိုင်တွေ အနေနဲ့ပေါ့၊ အခုဒီ မူးယစ်ဆေးဝါးနှိမ်နင်းတဲ့ ခေါင်းဆောင်တွေ အနေနဲ့ရော ဘိန်းခင်းတောင်သူတွေနဲ့ရော တာဝန်ရှိသူတွေနဲ့ပါ ညှိနှိုင်းပေးပြီးတော့မှ အဆင်ပြေအောင် လုပ်ပေးမယ်ဆိုရင် အကောင်ဆုံးပါ။ ဒီအဖွဲ့တွေက ဆက်သွားဖို့ တကဲကဲဖြစ်နေတာ။ အဲဒါဆိုရင် ဒီမှာလည်းပြဿနာ ပေါ်နိုင်တယ်။ ပြီးရင် ဆက်သွားလို့ရှိရင် ဟိုမှာလည်း ပြဿနာ ပေါ်နိုင်တယ်။ ဆိုတော့ဒါ အင်မတန်စိုးရိမ်စရာ ကောင်းတယ်။ ရင်လေးစရာ ကောင်းပါတယ်။”

ကချင်ပြည်နယ်က မူးယစ်တိုက်ဖျက်ရေး အဖွဲ့တွေဟာ ဒီနှစ် ဘိန်းစိုက်ရာသီမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဟူးကောင်းတောင်ကြားဒေသက ဘိန်းခင်းဧက ၈၀၀၀ လောက်ကို ဖျက်ဆီးခဲ့ပြီလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေ သွားရောက်မယ့် ကန်ပိုက်တီ ဒေသဟာ ဦးစခုန်တိန့်ယိန်း ခေါင်းဆောင်တဲ့ NDA-K ( ခေါ် ) အပစ်ရပ် ကချင်ဒီမိုကရေစီသစ်တပ်ဖွဲ့ကနေ အသွင်ပြောင်းထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးပါတီတချို့ကို အဲဒီနယ်မြေမှာ မလာရောက်ဖို့ ပိတ်ပင်တာတွေ ရှိခဲ့ဖူးပါတယ်။

XS
SM
MD
LG