သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် Pat Jasan ခရီး ပိတ်ပင်မှု ဖယ်ရှားပေးပြီ


Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်တွေ ခရီးဆက်လက် ထွက်ခွာနေစဉ် -၂၃ ဖေဖဝါရီ ၂၀၁၆ (Photo-Ying kyang)
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်တွေ ခရီးဆက်လက် ထွက်ခွာနေစဉ် -၂၃ ဖေဖဝါရီ ၂၀၁၆ (Photo-Ying kyang)

ကချင်ပြည်နယ် ကန်ပိုက်တီမြို့နယ်အတွင်းက ဘိန်းခင်းတွေကို သွားရောက် ဖျက်ဆီးမယ့်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကို ဝိုင်းမော်မြို့နယ် ဆဒုံး၊ ချီဖွေလမ်းခွဲမှာ တပတ်ကျော်ကြာ တားဆီးခဲ့ရာက ဒီကနေ့ နေ့ခင်း ၂ နာရီမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဆက်လက်ထွက်ခွာခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။

ကန်ပိုက်တီး နယ်က ဘိန်းခင်းရှင်တွေက လက်နက်တွေကိုင်ဆောင်ပြီး လမ်းခုလပ်ကနေ ဟန့်တားဖို့ ပြင်ဆင် နေတယ် လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့်မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဝင်တွေ လုံခြုံရေးအတွက် အာဏာပိုင်တွေ ဘက်က ပြင်ဆင်နေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

Pat Jasan (ခေါ်) ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်တွေကို ဝိုင်းမော်မြို့နယ် ဆဒုံး၊ ချီဖွေ လမ်းခွဲမှာ ဒီလ ၁၆ ရက်နေ့ကတည်းက ရဲနဲ့ စစ်တပ်က တားဆီးထားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတားဆီးတာ တပတ်လောက်ရှိလာချိန်မှာတော့ Pat Jasan အဖွဲ့ဝင်တွေက အင်္ဂါနေ့ နေ့ခင်း၂ နာရီမှာ မဖြစ်မနေ ဆက်လက် ထွက်ခွာဖို့ တနင်္လာနေ့က ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့နေ့ခင်းမှာတော့ အာဏာပိုင်တွေဘက်က ကန်ပိုက်တီးဒေသဖက်ကို ဆက်လက်ထွက်ခွာဖို့ ခွင့်ပေးလိုက် တယ်လို့ ဒီခရီးကို လိုက်ပါသွားတဲ့ တနိုင်းဒေသ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာနော်တောင်က ပြောပါတယ်။

“အဲဒါအခု ဒီည ကျနော်တို့က ဘွမ်တောင်ဆိုတဲ့နေရာမှာ ရွှေ့ပြီးစခန်းပြောင်းမှာ။ အဲဒီမှာလည်း ထပ်ပြီးမှ တဖွဲ့ပြီး တဖွဲ့သွားဖို့ အစီအစဉ်ရှိတယ်။ ကျနော်တို့ အခုက ၃၀၀၀ လောက်ရှိတယ်။ ၂ နာရီခွဲ လောက်ကနေ စထွက်တာ။”

ဘိန်းခင်းရှင်တွေဖက်က ဓါး၊ လံှ၊ သေနတ်တွေ ကိုင်ဆောင်ပြီး လမ်းခရီးကနေ ကတုတ်ကျင်းတူးစောင့်ဆိုင်း နေတယ်လို့ သတင်းရထားကြောင်း နဲ့ စစ်တပ်၊ ရဲ၊ မီးသတ်နဲ့ တခြားဌာနဆိုင်ရာဝန်ထမ်းတွေက လုံခြုံရေး လိုက်ပါဖို့ ကမ်းလှမ်းထားပြီး မနက်ဖြန်မှ လုံခြုံရေးကိစ္စ ဆွေးနွေးဖို့ ရှိကြောင်းလည်း ပြောပါတယ်။

“အန္တရာယ် ကတော့ ရှိမှာပဲလေ။ ဘာပဲဖြစ်ဖြစ် လုံခြုံရေးကိစ္စကတော့ မနက်ဖြန် စခန်းချမယ့် နေရာ မှာ ရောက်မှပဲ ပြန်လည် ဆွေးနွေးမှာဖြစ်တယ်။”

မူးယစ်တိုက်ဖျက်ရေး အဖွဲ့နဲ့ ဘိန်းခင်းရှင်တွေအကြား အခင်းဖြစ်ပွားနိုင်တာကြောင့် ပြည်နယ်အစိုးရဖက်က လုံခြုံရေးအတွက် တပ်မတော်၊ ရဲနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းလိုက်ပါဖို့ ပြင်ဆင်ထားကြောင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းနိုင်က ပြောပါတယ်။

“သူတို့အဖွဲ့နဲ့ ကချင်ပြည်နယ်စုက အဖွဲ့နဲ့ ညှိနှိုင်းသဘောတူညီကတည်းက အဖွဲ့ ၆ ဖွဲ့ပေါ့ ။ သူတို့ဆီက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့လို့ပြောနေတဲ့လူတွေဆီက အဖွဲ့ ၆ ဖွဲ့ပေါ့။ အဲဒီ အဖွဲ့ ၆ ဖွဲ့က ကျနော်တို့က ဒါ တပ်မတော်ရယ် ၊ ရဲတပ်ဖွဲ့ရယ်၊ ဌာနဆိုင်ရာတွေရယ် အဲဒီ ၆ ဖွဲ့ ပူးပေါင်းပြီးတော့မှ သူတို့ ဘိန်း ရှိပါတယ် ဆိုတဲ့နေရာတွေကို မနက်ဖြန်က စထွက်မှာပါ။ မနက်ဖြန်မှာ ၂ ဖွဲ့ထွက်မှာပေါ့နော်။ ၂၅ ရက်နေ့မှာ နောက် ၂ ဖွဲ့ထွက်မယ်။ ၂၆ ရက်နေ့မှာ နောက် ၂ ဖွဲ့ ထွက်မယ်။ ကျနော်တို့ဆီကတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပါမယ်။ မြေစာရင်း ပါမယ်။ လဝက ပါမယ်။ စိုက်ပျိုးရေး ပါမယ်။ သစ်တော ပါမယ်။ ကျန်းမာရေးပါမယ်။ ကျနော်တို့ ဒါ နယ်ဘက်နဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ ဝန်ထမ်းကတော့ ။ ကျန်တာရဲတပ်ဖွဲ့ကတော့ သူတို့အဖွဲ့အစည်း သူတို့ အင်အားပေါ့နော် အဲဒါလေးတွေနဲ့ သွားမယ်ပေါ့နော်။ အဓိကကတော့ security အပိုင်းမှာ စိုးရိမ်တဲ့အတွက် ဒါ ညှိနှိုင်းပြီးမှ တကယ့်အဆင်ပြေအောင် စုဖွဲ့ပြီးတော့မှ ထွက်ကြမှာပေါ့နော်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာလက တနိုင်းမြို့နယ်ဖက်မှာ ဘိန်းခင်းဖျက်ဆီးစဉ်မှာ တူမီးသေနတ်နဲ့၂ကြိမ် ချောင်းမြောင်း ပစ်ခတ်ခံရတာကြောင့် Pat Jasan အဖွဲ့ဝင် လူငယ်တယောက်သေဆုံးခဲ့သလို တယောက် ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ ဝိုင်းမော်မြို့နယ် ချီဖွေနဲ့ ရှငေါ်ဒေသဖက်တွေကို သွားရောက် ဖျက်ဆီးစဉ်မှာတော့ မိုင်းခွဲတိုက်ခိုက် တာကြောင့် ၃ ယောက်ထိခိုက်ခဲ့သလို တိုက်ခိုက်မှု စုစုပေါင်း ၃ ကြိမ် ရှိခဲ့ပါတယ်။

ကန်ပိုက်တီး နယ်ဖက်မှာ ဘိန်းခင်းဧက ၅ထောင်လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ကချင်ပြည်နယ်က မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေဟာ ဒီနှစ် ဘိန်းစိုက်ရာသီမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဟူးကောင်းတောင်ကြားဒေသက ဘိန်းခင်းဧက ၈ ထောင် လောက်ကို ဖျက်ဆီးခဲ့ပြီလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG