သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်စီဒေသ တိုက်ပွဲတွေ ဆက်ဖြစ်


ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ရှေ့တန်းတနေရာမှာတွေ့ရစဉ်။
ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ရှေ့တန်းတနေရာမှာတွေ့ရစဉ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင်းမှာ မြန်မာအစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA အကြား ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး၊ တိုက်ပွဲကြောင့် ဒေသခံတွေလည်း ထွက်ပြေးခဲ့ကြရသလို၊ ရွာထဲက အိမ်ခြေတချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ကိုယ်တိုင်ထွက်ပြေးခဲ့ရသူ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်းမှာ မြန်မာအစိုးရတပ်တွေနဲ့ KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း ၁၂ အကြား ဒီလဆန်းကစပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။ ဒီကနေ့မှာတော့ နမ့်လင်းပါရွာနဲ့ မကျန့်ရွာဘက်မှာ မနက်အစောပိုင်းကစလို့ နေ့ခင်းအထိ အစိုးရဘက်က လက်နက်ကြီးအပါအဝင် နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရတဲ့ နမ့်လင်းပါရွာ ဒေသခံတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ဒီမနက်မှာလည်း လက်နက်ကြီးတွေနဲ့ပစ်တာများတယ်။ အခုနေ့လည်မှာလည်း တနာရီ၊ တနာရီလောက်ခြားပြီး လက်နက်ကြီးနဲ့ တခါနှစ်ခါ အဲလိုမျိုး လှမ်းပစ်ကြတယ်။ အခု ထွက်ပြေးနေကြတယ်။ တယောက်တပေါက်စီပေါ့။ ဟို…တောထဲမှာရောက်တာတို့၊ တချို့ဆိုရင် ဘယ်နား ဘယ်နားရောက်သွားမှန်းတောင် မသိသေးဘူး။ ရွာမှာလည်း အိမ်ခြေ သုံးအိမ်လောက်တော့ မီးလောင်သွားပြီ-အဲဒီလက်နက်ကြီးကျလို့။ ဈေးလှည့်ရောင်းတဲ့သူတွေက သူတို့ပစ္စည်းတွေက ဒီအတိုင်းပဲ၊ ဘာမှတောင် မယူလိုက်ရဘူး။ တချို့ဆို ပိုက်ဆံအိတ်တွေတောင်မှ ဒီအတိုင်းပဲ ထားပြီးမှ တချို့…တယောက်တောင်မှ မယူဘူး။ ဒီအတိုင်းပဲထားပြီးတော့မှ ထွက်ပြေးသွားကုန်တာ။”

ဒီ့မတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း အစိုးရဘက်က လေကြောင်းကနေပါ ဗုံးကြဲ ပစ်ခတ်တာတွေရှိတဲ့အတွက် ကလေးတွေ အပါအဝင် ဒေသခံတွေဟာ ရွာအပြင် တောထဲကို ထွက်ပြေးပုန်းအောင်းခဲ့ကြရပြီး သူကိုယ်တိုင်လည်း ကျည်ဆံတွေအကြား အသက်မသေ လွတ်မြောက်ခဲ့ရတဲ့ အတွေ့အကြုံကို အခုလို ပြောပြခဲ့ပါတယ်။

“…လေယာဉ်ပါတယ်။ လေယာဉ် နှစ်စီး။ ကျနော်တောင်မှ ထိဖို့ နည်းနည်းပဲလိုတာ။ ကျနော်နဲ့ကိုက် လေး-ငါးဆယ်ပေါ့၊ အဲလောက်အကွာမှာ စက်သေနတ်တွေနဲ့ပစ်ပြီးမှ ဗုံးနဲ့ကြဲသွားတယ်။ ကျနော်က အဲ လေယာဉ်စဝဲတုန်းကတော့ တဲမှာပဲနေတာ။ လေယာဉ်တခြားဘက်ရောက်သွားတာနဲ့တခါတည်း ချောင်းဘက်ခုန်ဆင်းပြီးမှ ချောင်း ကျောက်ကမ်းပါးမှာ တခါတည်းပုန်းနေတာ။ အဲဒီမှာ ကျနော်တို့ ဆယ်ယောက်ကျော်ပေါ့။ သစ်ပင်အောက်တို့၊ ချောင်းကမ်းပါးတို့၊ ကျောက်ခဲတုံးရဲ့အောက်တို့မှာဝင်ပုန်းနေကြတာ ကျနော်တို့။ လေယာဉ်ပြန်သွားမှ ကျနော်တို့ပြန်ထွက်လာတာ။”

လောလောဆယ် နမ့်လင်းပါရွာနဲ့ မကျန့်ရွာ ၂ ခုစလုံးမှာ မြန်မာအစိုးရတပ်တွေက တပ်စွဲထားတာပါ။ အစိုးရပိုင် မြဝတီသတင်းမှာတော့ မန်စီဒေသမှာ တရားမဝင် သစ်မှောင်ခိုထုတ်မှုကို နှိမ်နင်းတာဖြစ်ပြီး ဒီနှိမ်နင်းမှုအတွင်း လူ ၇ ဦးအပါအဝင် ကျွန်းသစ်တွေ၊ သစ်ခွဲစက်တွေနဲ့ သစ်တင်ဆောင်တဲ့ မော်တော်ယာဉ်တွေကိုလည်း ဖမ်းဆီးရမိတဲ့အကြောင်း သတင်းမှာဖော်ပြထားပါတယ်။ ဒါပေမဲ့လို့လည်း KIA ဘက်ကတော့ အစိုးရဘက်က သစ်မှောင်ခိုနှိမ်နင်းမှု ဆိုတဲ့အကြောင်းပြချက်ကို အရင်ကတည်းက လက်မခံငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့စုဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်း လက်မှတ် ရေးထိုးပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာပါ။ တဘက်နဲ့ တဘက် အခုလို ယုံကြည်မှု တည်ဆောက်နေချိန်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နှစ်ဘက်ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့က သုံးသပ်ခဲ့ပြီးတော့ ဒါတွေဟာ စားပွဲဝိုင်းမှာ တဘက်နဲ့တဘက် ထိုင်ဆွေးနွေးနေရုံနဲ့ မလုံလောက်ဘူးဆိုတာကိုလည်း သက်သေပြနေတယ်လို့ မနေ့က အင်းယာလိတ်ဟိုတယ်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ စဒကပါတီ ဗဟိုကော်မတီဝင် ဦးဖော်လားဂမ်ဖန် က ပြောပါတယ်။

“အကောင်းဆုံးကတော့ တဘက်နဲ့တဘက်ကို ကိုယ့်နေရာနဲ့ကိုယ် ဆုတ်ပြီးတော့မှ ခြားပေးလိုက်ရင် ငြိမ်းချမ်းရေးက အလိုအလျှောက် ရလာမယ်၊ အလိုအလျှောက် အဆင်ပြေလာမှာပေါ့နော်။ ကျနော့်အမြင်နဲ့သုံးသပ်ရမယ်ဆိုရင် ပဋိပက္ခဖြေရှင်းရေး-ဆိုတဲ့ အဖွဲ့တွေလည်း သူ့ဟာနဲ့သူတော့ ဖွဲ့ထားပြီးသားရှိတယ်။ သို့သော်လည်းပဲ အဲဒီ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကလည်း အားလုံးက မြို့ပေါ်မှာ၊ စားပွဲပေါ်မှာ ဖွဲ့ထားတာကိုး။ ..ဆိုတော့ ထိတွေ့မှုရှိနိုင်တဲ့နေရာတွေမှာ Group လေးတွေပေါ့လေ၊ အဖွဲ့လေးတွေ ဖွဲ့ထားဖို့သင့်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်။”

ဒါ့အပြင် ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းဒေသတွေမှာ ဧပြီလကဖြစ်ခဲ့တဲ့တိုက်ပွဲတွေကို အတူသွားရောက်စစ်ဆေးဖို့ အစိုးရနဲ့ KIO ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့အကြား သဘောတူခဲ့ကြပြီးမှ အစိုးရဘက်က အဆင်သင့်မဖြစ်သေးတဲ့အတွက် သွားရောက်စစ်ဆေးမယ့် အစီအစဉ်ဟာ မဖြစ်မြောက်ခဲ့ပါဘူးရှင်။

XS
SM
MD
LG