သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်မြေမခွဲခြားခင် မြန်မာနဲ့ကချင်တပ်ဖွဲ့တွေ စည်းကမ်းလိုက်နာဖို့လို


KIA တပ်စခန်းတခုကို မြန်မာစစ်တပ်က သိမ်းပိုက်မီးရှို့စဉ် - (ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)။
KIA တပ်စခန်းတခုကို မြန်မာစစ်တပ်က သိမ်းပိုက်မီးရှို့စဉ် - (ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)။
ကချင်ပြည်နယ်တွင်းက အစိုးရတပ်တွေနဲ့ ကချင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ် တပ်နေရာချထားရေး၊ သတ်မှတ်နယ်မြေ မခွဲခြားနိုင်သေးခင်မှာ နှစ်ဘက်သဘောတူထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ အထူးအရေးကြီးတယ်လို့ သမ္မတပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။

တပြည်လုံးအတိုင်းအတာနဲ့ အပစ်ရပ်ရေး လက်နက်ကိုင်တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ကြိုးပမ်းနေချိန် အခုလို တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပြန်လည် ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး အခြေအနေတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ လမ်းညွှန်ချက်နဲ့ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တိ့ု နှစ်ဘက်သဘောတူ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ရေးဆွဲပြီးတော့ မူဘောင်တွေ အတည်ပြုချမှတ်နိုင်ဖို့ လုပ်ဆောင်နေကြချိန်မှာပဲ အခုလို တိုက်ပွဲတွေဖြစ်ရတာဟာ သက်ဆိုင်ရာဒေသတွင်းမှာ တပ်နေရာချထားရေး နယ်မြေ တရားဝင် မသတ်မှတ်နိုင်ခင်မှာ နှစ်ဘက်သဘောတူထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာလို့ ဖြစ်တယ်လို့ သမ္မတပြောခွင့်ရလည်းဖြစ်၊ ဒုပြန်ကြားရေးဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ် က ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းဖို့ဆိုတာက နှစ်ဘက်စလုံးက စည်းကမ်းလိုက်နာဖို့ လိုတာပေါ့။ ကချင်ပြည်နယ်မှာကတော့ သန်းခေါင်စာရင်း ကောက်ယူနေတဲ့ အချိန်အတွင်းမှာ ကျနော်တို့ ဟုတ်လား သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့တွေကို တားမြစ်ခဲ့တာတွေ၊ ဟန့်တားခဲ့တာတွေ ရှိတယ်။ အဲ့လိုဖြစ်တဲ့နေရာတွေကလည်း မူလ KIA နေရာမဟုတ်ဘူး။ တပ်မတော်ကလှုပ်ရှားတဲ့ နေရာတွေထဲကို ဝင်လာပြီးတော့မှ သူတို့ဆီက အဖွဲ့ငယ်တွေ ဝင်လာပြီးတော့ တားမြစ်တာတွေဖြစ်တယ်။ နောက်တခါ အဲ့ဒီလို တားမြစ်ယုံတင်မဟုတ်ဘဲနဲ့ သန်းခေါင်စာရင်းကောက်ယူရေးကိစ္စတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တပ်မတော်က အရာရှိတွေနဲ့ စစ်သည်တွေကို ချောင်းမြောင်းပစ်ခတ်တဲ့အတွက်ကြောင့်မို့ ဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ရတာရှိပါတယ်။ နောက်တခါ နယ်စပ်ဂိတ်တွေဖွင့်ပြီးတော့မှ သစ်ခိုးထုတ်တဲ့ဟာတွေ ဝင်လုပ်လာတာတွေ ရှိတယ်။”

ကချင်တပ်တွေနဲ့ မြန်မာစစ်တပ်ကြား အခုလို တိုက်ခိုက်မှု ပြန်လည်ဖြစ်ပွားနေတဲ့အပေါ် ဒေသတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အကြိုညှိနှိုင်းရေး အဖွဲ့တွေကနေတဆင့် ညှိနှိုင်းကြိုးပမ်းသွားမယ်လို့ သမ္မတပြောခွင့်ရက ပြောပါတယ်။

“ဒီလိုဖြစ်ပြီဆိုတဲ့အခါကျတော့ အောက်မှာ ကျနော်တို့ရဲ့ Technical Team တွေရှိတယ်လေ။ ဒီအကြောင်းအရာတွေကို ကျနော်တို့က ပြန်ညှိရမှာပေါ့။ ကျနော်ပြောသလိုပဲ အောက်မှာ တကယ်မလိုက်နာတဲ့ မိမိတပ်ဖွဲ့တွေကို ထိန်းသိမ်းနိုင်မယ်ဆိုရင် ဟိုမှာ ကျနော်တို့ ကရင်ပြည်နယ်တို့ မွန်ပြည်နယ်တို့ ကယားပြည်နယ်တို့ရဲ့ အတွေ့အကြုံအရဆိုရင် ဒီလိုမျိုးဖြစ်စရာ အကြောင်းမရှိဘူးပေါ့။ အခုနလို နယ်မြေကျော်ဝင်လာပြီးတော့ သန်းခေါင်စာရင်းလုပ်တာမျိုးတွေကို နှောင့်ယှက်တာမျိုးတို့၊ သစ်ခိုးတဲ့ကိစ္စတွေကို --- မျိုးတို့ဆိုရင်တော့ တပ်မတော်ကလည်း မိမိနယ်မြေထဲမှာ တရားဥပဒေစိုးမိုးဖို့ တာဝန်ရှိလို့ ကျနော်တို့က ဝင်ရှင်းရတာပေါ့။ ဒါပေမဲ့ ကျနော်တို့သိသလောက်တော့ မရှင်းခင်မှာတော့ သူတို့ကို ထွက်သွားဖို့ ပြောတာတွေရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုပေါ့ အောက်ခြေက တပ်ဖွဲ့တွေက မလိုက်နာတော့ ဝင်လာတဲ့အခါမှာ နှစ်ဘက်ထိတွေ့မှုတွေ ဖြစ်တာမျိုးတွေရှိတာပေါ့။”

အခုလိုမျိုး ကချင်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီဖို့ ကြိုးပမ်းနေတာကို ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲဆိုတဲ့ မေးခွန်းအပေါ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဦးဆောင်ဆွေးနွေးနေတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က အခုလို ပြောပါတယ်။
"တိုက်ပွဲ ဒီလိုပြင်းထန်တယ် ဆိုရင်တော့ အခုသွားနေတဲ့ တွေ့ဆုံဆွေးနွေးရေးပေါ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးပေါ့ အဲ့ဒီမှာလည်းပဲ သွားပြီးတော့ ထိခိုက်မှု ရှိနိုင်ပါတယ်။ အဲ့ဒီထိခိုက်မှု ဘယ်လောက် အတိုင်းအတာရှိမလဲဆိုတာတော့ ကျနော်တို့ မကြာခင်မှာ အစည်းအဝေး ထိုင်ကြမယ်လေ။ ကျနော်တို့ ညီညွတ်သောလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ကလည်း ထိုင်မယ်။ ညှိနှိုင်းရေးလုပ်နေတဲ့ NCCT အနေနဲ့လည်းထိုင်မယ်။ ထိုင်ပြီးတော့ ပြန်သုံးသပ်မယ့်သဘော ရှိတာပေ့ါ။ မြေပြင်တိုက်ပွဲတွေကို ဘယ်လိုလျှော့နိုင်မလဲ။ ဘယ်လိုရပ်ဆိုင်းနိုင်မလဲပေါ့။”

ကချင်တပ်တွေနဲ့ မြန်မာတပ်တွေကြား စစ်အင်အားတိုးချဲ့နေမှုနဲ့ နယ်မြေတွင်း တင်းမာမှုတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက တရားဝင် နယ်မြေ မသတ်မှတ်နိုင်သေးခင် ဖြစ်နိုင်တဲ့ စစ်ရေးအခြေအနေတွေအပေါ် သူ့အမြင်ကို ပြောပါတယ်။

“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လို မဖြစ်ခင်မှာ တပ်မတော်ဘက်က မြေပြင်အနေအထားပေါ့လေ ရနိုင်သလောက် ယူချင်တယ်။ ရနိုင်သလောက် တိုးချဲ့ထားချင်တယ်။ ရနိုင်သလောက် ထိန်းချုပ်ထားချင်တယ်။ အဲ့ဒီသဘောတော့ ရှိတယ်နဲ့တူတယ်။”

သင်္ကြန်ကာလအတွင်းမှာပဲ တိုက်ပွဲတွေ ပြင်းထန်နေလို့ နှစ်ဘက် အကျအဆုံးရှိခဲ့တဲ့အပေါ် သမ္မ္မတပြောခွင့်ရက အခုလို ပြောပါတယ်။

“ကျနော်တို့လည်း တပ်မတော်သားဘဝမှာ ဖြတ်သန်းခဲ့ရတာပေါ့ဗျာ။ ဒီလိုမျိုး သင်္ကြန်အချိန်အခါမှာ ကျနော်တို့လည်း ကျန်တဲ့ပြည်သူတွေလိုပဲ မိသားစုနဲ့ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေချင်တာပေါ့။ သို့သော် တဘက်ကလည်း ကျနော်တို့က ကိုယ့်နယ်မြေထဲမှာရှိတဲ့ ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို လုပ်ဖို့တာဝန်ရှိတဲ့အခါကျတော့ ဒီတာဝန်ကို ထမ်းဆောင်ရတာပေါ့။ တကယ်တော့ ဒီလိုထမ်းဆောင်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ ရဲဘော်တွေ အသက်ပေးရတဲ့အပေါ်မှာလည်း ကျနော်တို့ စိတ်မကောင်းဖြစ်မိပါတယ်။ ကြားမှာ အနေအထိုင် အစားအသောက် ဒုက္ခရောက်တဲ့ ပြည်သူတွေ၊ နောက်တခါ သမ္မတကြီးပြောသလိုပေါ့ဗျာ KIA ဘက်က ရဲဘော်တယောက်ကျရင်လည်း ကျနော်တို့ တိုင်းပြည်အတွက် ဆုံးရှုံးတာပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ကိုယ့်တပ်ဖွဲ့တွေကို ကိုယ် ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီးတော့ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည် ဖော်နိုင်ဖို့ပဲ KIA ကို တိုက်တွန်းချင်ပါတယ်။”

ဧပြီလ ၁၀ ရက်နေ့ကနေစလို့ ကချင်ပြည်နယ်တွင်း အပြန်အလှန် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လာနေကြလို့ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ကချင်ပြည်သူတွေ စစ်ဘေးရန်က အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရသလို ကချင်တပ်စခန်းတချို့ မီးရှို့ဖျက်ဆီးခံရသလို အစိုးရတပ်တွေရဲ့ ယာဉ်တန်းတွေကို အတိုက်ခိုက်ခံနေရပါတယ်။ ကချင်ပြည်နယ် မန်စီမြို့နယ်၊ ဗန်းမော်မြို့နယ်နဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ဘက်မှာ စစ်အင်အား တို့ချဲ့ချထားမှုတွေရှိပြီး နှစ်ဘက်တပ်တွေ အပြန်အလှန် ပစ်ခတ်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG