သုံးရလွယ်ကူစေသည့် Link များ

မြန်မာစစ်တပ် အမြောက်လေ့ကျင့်မှုနဲ့ မိုင်းကြောင့် ကချင်ဒေသခံ ၂၀ ဒဏ်ရာရ

  • နူးပန်

မြန်မာစစ်တပ် အမြောက်လေ့ကျင့်မှုနဲ့ မိုင်းကြောင့် ကချင်ဒေသခံ ၂၀ ဒဏ်ရာရ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ မြန်မာအစိုးရ တပ်တွေကြား တင်းမာမှုတွေ ဆက်ရှိနေပြီး မနေ့ကတော့ ၀ိုင်းမော်မြို့မှာ ဗုံး ၂ ကြိမ် ပေါက်ကွဲခဲ့ပါတယ်။ ဒီရက်ပိုင်း ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေပြီး ဒေသခံ အယောက် ၂၀ လောက်ကလည်း မြစ်ကြီးနားဆေးရုံမှာ တက်နေရပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရတို့ကြား အပစ်ရပ်ရေးအတွက် ဆွေးနွေးနေကြဆဲ ဖြစ်ပေမဲ့ ရှေ့တန်းမှာ ပစ်ခတ်မှု မရပ်သေးဘူးလို့လည်း KIO အရာရှိတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က စုစည်း တင်ပြထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်တဘက်ကမ်း ၀ိုင်းမော်မြို့ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် ဦးဇခုန်တိန့်ယိန်း နယ်ခြားစောင့်တပ်ရှိရာ ကန်ပိုင်တီသွားလမ်းကို ဆက်သွယ်ထားတဲ့ တံတားအပါအ၀င် မနေ့ညက ဖောက်ခွဲမှု ၂ ကြိမ်ဆက်တိုက် မုတ်ကြိတ်ကျေးရွာမှာ ဖြစ်သွားခဲ့တာလို့ ဒေသခံက အခုလို ပြောပါတယ်။

“မနေ့ည ၇ နာရီလောက်မှာ ၀ိုင်းမော်မြို့နယ် မုတ်ကြိတ်ကျေးရွာမှာရှိတဲ့ တံတားကို ဖောက်ခွဲတဲ့ဟာ သိရတယ်။ ဒီမနက်ပိုင်း ၂ နာရီလောက်မှာ မုတ်ကြိတ် အနီးတ၀ိုက်မှာပေါ့ ဆက်သွယ်ရေး ဓာတ်တိုင်ပေါ့နော် ဒစ်ဂျစ်တယ် တယ်လီကွမ်း ဆိုတဲ့ဟာ လုပ်ထားတာကို ဖောက်ခွဲတယ်လို့ ကျနော်တို့ ကြားရတာပေါ့နော်။”

ဖောက်ခွဲမှုကြောင့် ပျက်စီးမှု ရှိပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ ပြောပါတယ်။

အခုဖောက်ခွဲမှုကို ဒေသခံတွေကတော့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) အနေနဲ့ ပြည်သူလူထုတွေ ရှိနေတဲ့နေရာ မြို့တွင်းတွေမှာ ဖောက်ခွဲမှု ရပ်ထားတယ်လို့ ပြောဆိုထားတဲ့အတွက် အစိုးရ စစ်တပ်တွေလက်ချက် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုနေပါတယ်။

ဒီလို အစိုးရစစ်တပ်ရဲ့ ဖောက်ခွဲမှုဟာလည်း လတ်တလော ပြီးခဲ့တဲ့ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ဖားကန့်သွားလမ်း ကားမိုင်း ကတန်ကျေးရွာမှာ စစ်တပ်ရဲ့ အမြောက် လေ့ကျင့်ပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံ အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လူနာတွေနဲ့ တွေ့ခဲ့တဲ့ ခုန ဒေသခံက ဆက်ပြောပါတယ်။

“ကားမိုင်းမြို့ ခထန်ယန်ကျေးရွာက လူထုတွေ၊ တောင်သူလယ်သမားတွေ ဗုံးထိခိုက်ဒဏ်ရာရတာက မြစ်ကြီးနားဆေးရုံ အရေးပေါ်ခန်းမှာ ၁၁ ယောက်ပေါ့နော်၊ ကျန်တဲ့လူတွေကိုလည်း အထူးအရိုးကုခန်းမှာ ဆေးကုသနေတယ်။ ဒီဟာဖြစ်ပုံက ခလရ ၂၄ ကနေ အမြောက်ပစ်ခတ်တဲ့ အတွက်ကြောင့်မို့ လယ်တောထဲမှာရှိတဲ့ တောင်သူတွေကို ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ကျနော်တို့ သိရှိရတယ်။ တခုက ဗုံးနင်းမိတဲ့ အတွက်ကြောင့်မို့ ထိခိုက်ဒဏ်ရာ ရတယ်လို့ သိရပါတယ်။”

ကာမိုင်းဒေသမှာ KIO နဲ့ အစိုးရတပ်တွေကြား တင်းမာမှုမရှိတဲ့ နေရာမှာ အခုလို ဒေသခံ တောင်သူတွေ လယ်တောဘက်မှာ မိုင်းမြှုပ်ထားတာတွေ၊ အမြောက်တွေနဲ့ စမ်းသပ် ပစ်ခတ်တာတွေဟာ KIA တပ်နဲ့ ပတ်သက်မှု မရှိဘူးလို့ KIO တွဲဖက်အတွင်းရေးမှူး ဦးလနန်က ငြင်းဆိုခဲ့ပါတယ်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်လည်း ရှေ့တန်းမှာ ရှိနေသလောက် ရဲဘော်တွေကို စုံစမ်းပြီးပြီ။ အဲဒီဒေသမှာ ဖြစ်တဲ့အချိန်မှာ ကျနော်တို့ ရဲဘော်တွေ အဲဒီမှာ မရောက်ဘူး။ ဒါကြောင့်မို့ ဖြစ်သွားတဲ့ မိုင်းကွဲမှုမှာ ကျနော်တို့ KIO နဲ့ လုံးဝ ပတ်သက်မှု မရှိဘူးခင်ဗျ။ ကျနော်တို့ကတော့ လူထုကို ထိခိုက်စေမယ့် ဖြစ်စဉ်မျိုး တခုမှ မလုပ်ပါဘူး၊ လုပ်ဖို့လည်း ရည်ရွယ်ချက် မရှိပါဘူး။ အဲဒီဘက်မှာ KIA ရှေ့တန်းစခန်းတွေ မရှိပါဘူး။ အဲဒီမှာ အမြဲတမ်း သူတို့ရဲ့ နယ်မြေစိုးမိုးရေး အနေနဲ့ မြန်မာစစ်တပ်တွေ အမြဲတမ်း လှုပ်ရှားနေတဲ့ နယ်မြေတွေပါ။”

ဒဏ်ရာရထားတဲ့ ဒေသခံတွေကို မြစ်ကြီးနား ဆေးရုံမှာ ဆက်လက်ထားရှိပြီး မိသားစု ဆွေမျိုးကလွဲလို့ အကူအညီ တခြားမယူဖို့ ကချင်ပြည်နယ် ၀န်ကြီးအဖွဲ့တွေက လာရောက်ကြည့်ရှု တာဝန်ပေးခဲ့တယ်လို့လည်း ဆေးရုံ အသိုင်းအ၀ိုင်းက ပြောပါတယ်။

အခုလို အစိုးရ စစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရရှိတာနဲ့ ပတ်သက်လို့ အစိုးရကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ မြန်မာအစိုးရ တပ်တွေကြား တိုက်ပွဲ စတင်ဖြစ်ပွားလာကတည်းက စစ်တပ်ဘက်က စစ်အင်အား လက်နက်တွေ ကချင်ပြည်နယ်တ၀ိုက် တိုးချဲ့မှုတွေကို ဟန့်တားတဲ့ အနေနဲ့ လမ်းတံတား ဖောက်ခွဲဖျက်ဆီးမှုတွေကို ၂၀ စင်းထက်မနည်း ပြုလုပ်ခဲ့တယ်လို့ KIO အရာရှိတွေက ပြောပါတယ်။

အခုလို တင်းမာနေတဲ့ အချိန်မှာပဲ အပစ်ရပ်ရေးကို ယာယီပြုလုပ်ဖို့အတွက် ဇူလိုင်လ ၈ ရက်နေ့က မြန်မာအစိုးရကို KIO က တောင်းဆိုထားတဲ့အတွက် အစိုးရဘက်က တုံ့ပြန်မှုကို မျှော်လင့် စောင့်ဆိုင်းနေချိန်မှာ အခုလို ဗုံးဖောက်ခွဲမှုတွေ ဆက်တိုက်ဖြစ်နေတာ ဖြစ်သလို ရှေ့တန်း စစ်မျက်နှာမှာလည်း နှစ်ဘက် ပစ်ခတ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ KIO တွဲဖက်အတွင်းရေးမှူး ဦးလနန်က ပြောပါတယ်။

XS
SM
MD
LG