သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားသေနတ်ပစ်မှု သံသယရှိသူ စစ်သားဖမ်းဆီးခံရ


သေဆုံးခဲ့တဲ့ ကျောင်းသားရုပ်အလောင်းကို ရင်ခွဲရုံကနေ ကျွန်းပင်သာရပ်ရှိနေအိမ်ကို သယ်ယူရာမှာ ရာနဲ့ချီတဲ့ ပြည်သူတွေ လိုက်ပါခဲ့ (Photo-Hkun Awng Nlam Facebook)
သေဆုံးခဲ့တဲ့ ကျောင်းသားရုပ်အလောင်းကို ရင်ခွဲရုံကနေ ကျွန်းပင်သာရပ်ရှိနေအိမ်ကို သယ်ယူရာမှာ ရာနဲ့ချီတဲ့ ပြည်သူတွေ လိုက်ပါခဲ့ (Photo-Hkun Awng Nlam Facebook)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တပ်မတော်သားနဲ့ အရပ်သားတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာမှာ သေနတ်ထိမှန်ပြီး ကျောင်းသားတယောက် သေဆုံးခဲ့ရမှုနဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်အောင်ဆောင်ရွက်ဖို့အတွက် ကချင်ပြည်နယ် ဒီမိုကရေစီပါတီက တောင်းဆိုလိုက်ပါတယ်။ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ပစ်ခတ်သူလို့ စွပ်စွဲခံရတဲ့ တပ်မတော်သားကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြစ်ကြီးနားမြို့ သီတာရပ်ကွက်မှာ တနင်္လာနေ့ည ၉နာရီခွဲအချိန်က တပ်မတော်သားနဲ့ အရပ်သားတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာက အသက် ၁၉နှစ်အရွယ် မောင်ဂွမ်ဆိုင်းအောင် သေနတ်ထိမှန် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒီသေဆုံးတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP ဥက္ကဌ ဒေါက်တာတူးဂျာက အခုလို တောင်းဆိုပါတယ်။

“တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ကောင်းကောင်းထားဖို့လိုနေတာ။ ဒီလူငယ်တွေအနေနဲ့ ဆိုးသွမ်းတဲ့လူတချို့ရှိတယ်။ နောက်အခု ဝန်ထမ်းတွေကလည်းဒါကို စည်းကမ်းမလိုက်နာတဲ့လူတွေ ချိုးဖောက်တာတွေလည်းရှိတယ်ဆိုတော့ လူ့အသတ်တွေပျောက်ကုန် ဒုက္ခရောက်တာပေါ့ ပြည်သူတွေ။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ အဲဒီလိုပြည်သူတွေဒုက္ခရောက်တာကို မဖြစ်စေချင်ဘူးလေ။ ဒါကြောင့်မို့လို့ ကျနော်တို့ အာဏာပိုင်တွေကို ကျနော်တို့တင်ပြတာပါ။ အာဏာပိုင်တွေအနေနဲ့ ပိုပြီးတော့ ကျပ်ကျပ်မတ်မတ် လုပ်နိုင်ဖို့ ပြည်သူတွေရဲ့အသတ်ဘေးအန္တရာယ်လုံခြုံရေးကို အာမခံချက်ပေးနိုင်ဖို့တောင်းဆိုတာပါ။”

နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးကို ဦးတည်နေချိန်မှာ ဒေသတွင်းတည်ငြိမ်ဖို့ အရေးကြီးကြောင်းလည်း သုံးသပ်ပါတယ်။

“ဒီအပြောင်းအလဲအတွက်ကို ရုန်းကန်လှုပ်ရှားနေတဲ့အချိန် ငြိမ်းချမ်းရေးကို ဦးတည်နေတဲ့အချိန်မှာ ဒေသတည်ငြိမ်ရေးက အင်မတန်အရေးကြီးပါတယ်။ ဒီ ဒေသတည်ငြိမ်ရေးကို ကျနော်တို့က ပျက်ကွက်မယ်ဆိုရင်တော့ ကျနော်တို့ရှေ့ကိုလှမ်းမယ့်ခြေလှမ်းတွေက တွန့်သွားနိုင်တယ်။”

KSDP ပါတီအနေနဲ့အမြန်ဆုံး အမှုမှန်ဖော်ထုတ်ပြီး တရားမျှတမှုရှိအောင် အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်းလည်း ထုတ်ပြန်ကြေညာထားပါတယ်။

မောင်ဂွမ်ဆိုင်းအောင်သေဆုံးတာနဲ့ပတ်သက်ပြီး ပစ်ခတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ တပ်သားမောင်မောင်ကို ဖမ်းဆီးထားကြောင်း မြစ်ကြီးနားမြို့ အမှတ်၁ရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ဒီ မြစ်ကြီးနားရဲစခန်းမှာတော့ ပ အမှတ် ၁၁၄/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄ နဲ့အရေးယူထားပါတယ်။”

ဒီအခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ၂၀ရက်နေ့ ည ၉နာရီကျော်လောက်မှာ အမျိုးသမီး၂ယောက်နဲ့ အမျိုးသား၂ယောက်က သူတို့ကို လူ၈ယောက်က လိုက်လံနှောက်ယှက်နေတာကြောင့် ဗလမင်းထင်တံတားရှိ လုံခြုံရေး တာဝန်ယူနေတဲ့ ထောက်ပံရေးတပ် ၇၂၇မှ ထံ အကူအညီတောင်းခံခဲ့ကြောင်း၊ အကူအညီတောင်းလာသူတွေကို ဒုတပ်ကြပ် နဟီခင်တန်နှင့် တပ်သား မောင်မောင်တို့က လိုက်လံပို့ဆောင်ရာမှာ သီတာရပ်ကွက် သခင်နက်ဖေလမ်းနဲ့ သီတာလမ်း ၄ဒေါင့်မှာ ဆိုင်ကယ်ဓါတ်ဆီဖြည့်စဉ် နောက်မှ လိုက်လာတဲ့လူငယ် ၈ ဦးက တပ်သား၂ယောက်ကို ဝိုင်းဝန်းထိုးကြိတ်ပြီး တပ်သားမောင်မောင်ကိုင်ဆောင်ထားတဲ့သေနတ်ကို လုယူခဲ့တာကြောင့် သေနတ်ပစ်ဖောက်ရာက လူငယ်တဦးသေဆုံးရကြောင်း ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

အခင်းဖြစ်ပွားတာနဲ့ပတ်သက်ပြီး ပြောဆိုတာတွေ အမျိုးမျိုးရှိနေကြောင်းလည်း မြစ်ကြီးနားဒေသခံတဦးက ပြောပါတယ်။

“ဖြစ်စဉ်ကတော့ အမျိုးမျိုး ဖြစ်နေတယ် ရဲတွေကပြောတာတော့တမျိုး ၊ ဟိုဘက်က သူ့ သူငယ်ချင်းတွေပြောတာတော့ တမျိုး ဖြစ်နေတယ်။ သူ့သူငယ်ချင်းတွေပြောတာကတော့ မနေ့က အဲဒီ ၈ ယောက်ဆိုတာကတော့ ၈ ယောက်တော့ မဟုတ်ဘူးတဲ့ ၂ ယောက်ပဲတဲ့ အဲလိုပြောတယ်။”

သေဆုံးသူရဲ့ ရုပ်အလောင်းကို ရင်ခွဲရုံကနေ ကျွန်းပင်သာရပ်ရှိနေအိမ်ကို သယ်ယူရာမှာ ရာနဲ့ချီတဲ့ ပြည်သူတွေ လိုက်ပါခဲ့ပြီး ဒီသတ်ဖြတ်မှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG