သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်မှာ မြန်မာစစ်တပ်လှုပ်ရှားမှု များပြား


ကချင်မှာ မြန်မာစစ်တပ်လှုပ်ရှားမှု များပြား
ကချင်မှာ မြန်မာစစ်တပ်လှုပ်ရှားမှု များပြား

အခုရက်ပိုင်း မြန်မာစစ်အစိုးရတပ်တွေရဲ့ တင့်ကားတွေ ၁၀ စီးထက်မနည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေ (KIA) ဌာနချုပ်ဘက်ကို ဦးတည်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကေအိုင်အို (KIO) ရဲ့ လက်နက်ကိုင် ကေအိုင်အေအဖွဲ့က ပြည်သူ့စစ်ဖွဲ့စည်းရေးကို ကြေညာခဲ့ပြီး နောက်တရက်မှာပဲ အခုလို စစ်ကားတွေလှုပ်ရှားနေတာကြောင့် စစ်ရေးပဋိပက္ခတွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် မနူးပန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က ကချင်လွှတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေက ပြည်သူ့စစ်တပ်ဖွဲ့စည်းမယ်လို့ ကချင်လူထုကိုပြောဆိုလိုက်တဲ့နောက်ရက်ကစလို့ မြန်မာစစ်တပ်အင်းအားတွေနဲ့ ကားတွေ မြစ်ကြီးနားမှာ အရင်လှည့်လည်ပြတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီနောက်မှာတော့ စစ်တပ်အမြှောက်ကားတွေနဲ့ သံချပ်ကာကားတွေ ၁၀ စီးကျော် ကေအိုင်အေ ဌာနချုပ်လိုင်ဇာဘက်ကို ဦးတည်သွားခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ ကေအိုင်အိုအရာရှိက ကချင်လိုပြောပါတယ်။

“မြစ်ကြီးနားက ဗလမင်းထင်တံတားကနေ ဝိုင်းမော်ဘက်ကို တင့်ကား ၆ စီးနဲ့ဖြတ်သွားတယ်လို့ သတင်းရရှိပါတယ်။ ဝိုင်းမော်မရောက်ခင်မှာ တောင်ခြေတခုရှိတယ်။ အဲဒီနားမှာလည်း စစ်တပ်အင်အားတွေ တိုးချထားတယ်လို့ ကြားပါတယ်။ ဘယ်တပ်ကလဲဆိုတာကိုတော့ အသေအချာမသိရသေးပါဘူး။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တပ်တွေဖြစ်မယ်လို့တော့ ခန့်မှန်းရပါတယ်။”

မြန်မာစစ်တပ် မြစ်ကြီးနားမြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မ.ပ.ခ က ကားတွေလို့ယူဆရပြီး ကေအိုင်အေရဲ့ ဌာနချုပ်စခန်း လိုင်ဇာ အလဲန်ဘွမ်အနီး ချဉ်းကပ်လာခြင်းဖြစ်တယ်လို့ အရာရှိကဆိုပါတယ်။

အဲဒီမတိုင်ခင်ကလည်း ဝိုင်းမော်မြို့ ကေအိုင်အိုဘိန်းစစ်ဆင်ရေးလုပ်နေတဲ့ ဆဒုန်းဒေသမှာ တနိုင်းအခြေစိုက် ဒ.က.စ လက်အောက်ခံ တပ်ရင်းနှစ်ရင်းနဲ့ ဇထူးဇွပ်တပ် ခ.လ.ရ (၂၃၈) နဲ့ ခ.လ.ရ (၂၉၇) တို့က တိုးချလာတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုလို မြန်မာစစ်တပ်လှုပ်ရှားမှုပြလာတာဟာ ကေအိုင်အိုအနေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့စည်းဖို့ကိစ္စနဲ့လည်း ပတ်သက်သလို မြန်မာစစ်တပ်တွင်း မတည်မငြိမ်ဖြစ်နေတဲ့အချိန် အာရုံပြောင်းတာတွေလည်းဖြစ်နိုင်တယ်လို့ ကေအိုင်အေအရာရှိတွေက ခန့်မှန်းနေပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ စစ်အင်အား တိုးချဲ့ခြင်းအားဖြင့် နှစ်ဖက်တင်းမာမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပြီး ပြည်သူ့စစ်တပ်ဖွဲ့တွင်းကို လူငယ်တွေက ပြေးဝင်သွားတာမျိုးလည်းရှိတယ်လို့ ဝိုင်းမော်မြို့ ဒေသခံတယောက်က အခုလိုပြောပါတယ်။

“ကျနော်တို့ဒေသခံတွေအနေနဲ့ကတော့ လူငယ်တွေရဲ့အမြင်ပေါ့နော် ဒီဘက်က စစ်အစိုးရကလည်း စစ်မှုမထမ်းမနေရဆိုရင်တော့ ဒီဘက်က ကိုယ့်ဒေသ ကိုယ့်ရဲ့ဘာသာ ကိုယ့်ရဲ့လူမျိုးတူ တော်လှန်ရေးဘက် ကေအိုင်အေဖက်မှာပဲပိုပြီးမှ၊ အဲဒီဘက်ကို မထူးဘူး စစ်တပ်မထမ်းမနေရဆိုရင်တော့ ကျနော်တို့လူမျိုးဖက်မှာပဲ ဝင်မယ်လို့ ဒီလိုပဲ အားလုံးကပြောနေကြတာပေါ့။ အဲဒီလိုဝင်သွားတာ ၄-၅ ယောက်လောက် ရှိသွားပြီခင်ဗျ။”

နှစ်ဖက်တင်းမာမှုတွေကြောင့် ဒေသခံတွေရဲ့ ခရီးသွားလာမှုတွေကိုလည်း မြန်မာဂိတ်တွေမှာ တင်းကျပ်လာတဲ့အတွက် အခုအခြေအနေမှာ ကေအိုင်အိုပြည်သူ့စစ်တပ်ဖွဲ့စည်းရေးမှာ ဝင်ဖို့အတွက် ဖိအားပေးသလို ဖြစ်စေတယ်လို့လည်း ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီဘက်မှာ အခုပဲဖြစ်မလား၊ ခဏနေပဲဖြစ်မလား ဆိုပြီးတော့ အရမ်းစိုးရိမ်ရတဲ့ အခြေနေမျိုးမှာဆို လိုင်ဇာဘက်မှာ ကုန်ကူးနေတဲ့သူတွေဆို ကချင်စကားပြောရင် ဂိတ်မှာမဖြတ်ခိုင်းတဲ့အနေအထားတွေပေါ့နော်။ ပြီးတော့ ဗမာစကားပြောမှ၊ ကချင်အသံတောင်သိပ်မကြားချင်ဘူးတဲ့ အဲလိုမျိုးတွေဖြစ်တော့ ကျနော်တို့အနေနဲ့ ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးဖက်မှာတော့ အရေးကြီးရင်သွေးစည်းတာပေါ့။ အရေးမကြီးတဲ့အချိန် ဒီလိုပဲ နေနေပေမဲ့လည်း တကယ်အရေးကြီးလာပြီဆိုရင်တော့ ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားဖက်ကနေ မားမားမတ်မတ် ရပ်တည်နေမယ်လို့ ဒီလိုပဲပြောနိုင်ပါတယ်။”

မြန်မာစစ်တပ်နဲ့ ကေအိုင်အေတပ်တွေဟာ ဒီလအစောပိုင်းက ကေအိုင်အေနယ်မြေထဲ ကျူးကျော်ဝင်ရောက်မှုနဲ့ အပစ်အခတ်ရပ်စဲပြီးနောက် ပထမဆုံးအကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အခုချိန်ထိလဲ အခြေအနေတင်းမာမှု ဆက်တိုက်ဖြစ်ပေါ်နေပြီး နယ်စပ်တပ်စခန်းတွေမှာ မြန်မာတပ်နဲ့ အချိန်မရွေးတိုက်ခိုက်မှု ဖြစ်လာနိုင်တယ်လို့ ကေအိုင်အိုအရာရှိတွေကပြောပါတယ်။

XS
SM
MD
LG