သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အရေး အမေရိကန်အစိုးရ ဖိအားပေးဖို့ ဝါရှင်တန်မှာ ဆန္ဒပြ


လိုင်ဇာအနီးက ကချင် စစ်ပြေး ဒုက္ခသည်စခန်းတခု။ (မတ်လ ၄ ရက်၊ ၂၀၁၂)။
လိုင်ဇာအနီးက ကချင် စစ်ပြေး ဒုက္ခသည်စခန်းတခု။ (မတ်လ ၄ ရက်၊ ၂၀၁၂)။
ကချင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အမေရိကန်အစိုးရ အနေနဲ့ မြန်မာအစိုးရကို ဒီထက်ပိုပြီးဖိအားပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ကချင်အရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ ဝါရှင်တန်ဒီစီ မြို့တော်မှာ စနေနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကို အမေရိကန်နိုင်ငံ တဝှမ်းက ကချင်တိုင်းရင်းသားတွေ အပါအဝင် တခြား တိုင်းရင်းသားတွေနဲ့ ကချင်အရေး လှုပ်ရှားသူ ရာနဲ့ချီ သွားရောက် တောင်းဆိုခဲ့ကြပါတယ်။ ဒီအခြေအနေ အပြည့်အစုံနဲ့ တခြား ဘယ်လိုအချက်တွေကို အဓိကတောင်းဆိုခဲ့သလဲ ဆိုတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

မြန်မာအစိုးရတပ်တွေဘက်က ကချင်ပြည်နယ်အတွင်း ထိုးစစ်တွေ အရှိန်မြှင့်လာတဲ့ အပေါ်မှာ ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ကချင်အရေး လှုပ်ရှားသူတွေက မြန်မာအစိုးရကို ဒီထက်ပိုပြီး ဖိအားပေးဖို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့မှာ လာရောက် တောင်းဆိုကြတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ပင်ဆဲဗေးနီးယား ပြည်နယ်က ကိုဂွမ်ဆန်က ပြောပါတယ်။

“ကျနော်တို့ အခုချိန် ကချင်ပြည်နယ်တွင်းမှာ ဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ဆန္ဒပြတာ ကတော့ ဒီအစိုးရ၊ သမ္မတ အိုဘားမားနဲ့ ဟီလာရီကလင်တန်ကို ကျနော်တို့ကနေပြီးတော့ အခုချိန်မှာ ဗမာအစိုးရကို တကယ် ပြောင်းလဲချင်တဲ့ အစိုးရအဖြစ် မသတ်မှတ်သင့်ဘူး ဆိုတဲ့အကြောင်း ကျနော်တို့ လာပြီး ဆန္ဒပြတာပါ။”

မြန်မာသမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသား အများအပြား လွှတ်ပေးတာ အပါအဝင် နိုင်ငံရေးနဲ့ တခြား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့ အတွက် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးဟာ ပြီးခဲ့တဲ့လပိုင်းတွေ အတွင်း ပြန်လည် တိုးတက် ကောင်းမွန်လာခဲ့သလို၊ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ် ထားတာတွေကိုလည်း ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရကနေ KIA အပေါ် ထိုးစစ်ဆင်မှုတွေကြောင့် လက်နက်မပါတဲ့ အပြစ်မဲ့ပြည်သူတွေအပေါ်မှာ ထိခိုက်မှုတွေ ရှိနေတဲ့အတွက် မြန်မာအစိုးရအပေါ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့အပါအဝင် အဓိက အချက် ၅ ချက်ကို တောင်းဆိုခဲ့တယ်လို့ ကိုဂွမ်ဆန်က ပြောပါတယ်။

“တခုက စီးပွားရေး ပိတ်ဆို့မှု ပြန်လုပ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ တိုင်းရင်းသားတွေကို အတင်းအဓမ္မ သတ်ဖြတ်တာတို့၊ အနိုင်ကျင့်တာတို့ ဖြစ်နေတာကို ကျနော်တို့ မြင်တွေ့ရတယ်။ နောက် အဓိက အချက်ကတော့ ဘာမှ လက်နက်မကိုင်တဲ့ ပြည်သူလူထုကို သတ်ဖြတ်တာ၊ အဲဒါကို ကျနော်တို့ ရှုတ်ချဖို့ အမေရိကန် အစိုးရကို တောင်းဆိုတယ်။ နောက်တခုက ဒီဒုက္ခသည်တွေကို၊ မြို့မှာရှိတဲ့ ဒုက္ခသည်တွေတင်မဟုတ်ဘူး၊ တောမှာရှိတဲ့ဒုက္ခသည်တွေအထိ၊ KIO အုပ်ချုပ်တဲ့နေရာတွေ အထိ ရှိတဲ့ဒုက္ခသည်တွေကို အကူအညီပေးဖို့၊ နောက်တခု အနေနဲ့ကတော့ အစိုးရအနေနဲ့ ဒီစစ်တပ်ကို စစ်ရေးအရ ဆက်ဆံမှုတွေ အကုန်လုံး ရုပ်သိမ်းဖို့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်တပ်က ပြည်သူလူထုကို သတ်တယ်၊ အပြစ်မဲ့တဲ့သူတွေကို သတ်တယ်။ အတင်းအဓမ္မ ပြုကျင့်တယ်။ မကောင်းတဲ့ဟာတွေ အကုန်လုံး လုပ်နေတာပေါ့နော်။ နောက်တခုက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့ ကျနော်တို့က တိုက်တွန်းခိုင်းစေချင်တာပါ။ ဒီမှာကတော့ တရုတ်ကိုရော တိုက်တွန်းပေးဖို့ တောင်းဆိုထားတာပါ။”

ဆန္ဒပြသူတွေဟာ စနေနေ့ အစောပိုင်းတုန်းကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ရှေ့မှာ လည်း သွားရောက် တောင်းဆိုတာတွေ လုပ်ခဲ့ပြီး၊ အဲဒီကနေ သမ္မတအိမ်ဖြူတော်ရှေ့ကို သွားရောက် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲကို အမေရိကန်နိုင်ငံတဝှမ်းက ကယ်လီဖိုးနီးယား၊ နီဘရားစကား၊ တက္ကဆက်၊ နယူးယောက်၊ မယ်ရီလန်း၊ ဖလော်ရီဒါ၊ မြောက်ကာရိုလိုင်းနား၊ ပင်ဆဲဗေးနီးယား၊ အင်ဒီယားနား၊ အင်လီနွိုင်း အပါအဝင် ပြည်နယ် အတော်များများက ကချင်တိုင်းရင်းသားတွေ အပြင် မြန်မာနိုင်ငံဖွား ကချင်အရေး လှုပ်ရှားသူ ၅၀၀ လောက် တက်ရောက် ဆန္ဒပြခဲ့တယ်လို့ ပြောပါတယ်။
XS
SM
MD
LG