သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံတွင်း ကချင်နွယ်များ ကချင်အရေး ဆန္ဒပြ


ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ က စစ်ပြေးဒုက္ခသည်များ (ဇန်နဝါရီလ ၄၊ ၂၀၁၃)
ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ က စစ်ပြေးဒုက္ခသည်များ (ဇန်နဝါရီလ ၄၊ ၂၀၁၃)
ကချင်ပြည် လိုင်ဇာမြို့နဲ့ကပ်လျက် မှာရှိတဲ့ တရုတ်ပြည်ဘက် နားပန်မြို့နားမှာ တရုပ်ပြည်နယ် အသီးသီးကလာတဲ့ (တရုတ်ပြည်ဖွား) ကချင်အမျိုးသား ၈၀၀ ကျော်လောက် တရုတ်-မြန်မာ နယ်စပ်မှာ စုဝေးပြီးတော့ ကား အစီး ၁၀၀ ကျော်နဲ့ ရောက်လာပြီး မြန်မာ အစိုးရဘက်က ထိုး စ်ဆင်မှုတွေ ရပ်ဆိုင်းရေး တောင်းဆိုခဲ့ကြပါတယ်။ လိုင်ဇာမြို့ကိုဝင်ဖို့ကြိုးစားတာမှာ တရုတ် ရဲတွေက သူတို့ကို ပိတ်ဆို့တားဆီးတာတွေရှိတယ်လို့ ကချင်အရေးဆောင်ရွက်သူတွေ က ပြောပါတယ်။ ကချင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေကိုတော့ ဆက်သွယ် စုံစမ်း ထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ လိုင်ဇာမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ကချင် ပြည်တွင်းစစ်ကို ရပ်ဆိုင်းရေးတောင်းဆိုတဲ့အနေနဲ့ တရုတ်ပြည်နယ် အသီးသီး မှာ ရောက်နေကြတဲ့ ရာနဲ့ချီတဲ့ ကချင်အမျိုးသားတွေဟာ လိုင်ဇာမြို့ကို ဝင်ဖို့အတွက် တရုတ်ပြည်၊ နားပန်မြို့ကို ရောက်ရှိနေတယ်လို့ ကချင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူ ဦးဒွဲပီဆက ပြောပါတယ်။

“သူတို့ လိုင်ဇာကို ဝင်လာတာဟာ ကိုယ့်အမျိုးသားတွေ ဒီလိုဒုက္ခခံစားနေတဲ့အတွက်ကြောင့် လာတွေ့ဖို့ သူတို့က အလုံးအရင်းနဲ့လာတယ်။ နောက် ဒီမှာလည်း ကိုယ့်လူမျိုးတွေ အပြတ် အသတ် စစ်တိုက်ခံရတဲ့အတွက်ကြောင့်မို့လို့ စာနာတဲ့အတွက် ဒီမှာ လာတဲ့သဘောရှိတယ်။ ဟိုဖက်က သူတို့ဘာပြောမှန်းတော့ မသိဘူး။ အော်နေကြတယ်။ ဒီဘက်ကလည်း အော်နေကြ တယ်။ ဒီဘက်က လူမျိုးသုန်း တိုက်ပွဲကို ဆန့်ကျင်တဲ့ သဘောမျိုးပေါ့၊ နောက် ပြန်ပြောတော့ လူမျိုးရေး စစ်ဆင်ရေးကို ကူညီပါ၊ ရပ်ဆိုင်းပါ၊ ရပ်ဆိုင်းပါ ဒါတွေလည်း အော်ပါတယ်။ ”

တရုတ်ပြည် ရွှေလီမြို့အပါအဝင် တရုတ်ပြည်နယ်အသီးသီးကို ရောက်ရှိနေပြီး အလုပ် လုပ် ကိုင်နေတဲ့ တရုတ်ပြည်ဖွား ကချင်အမျိုးသားတွေဟာ ကချင်စစ်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ဒုက္ခသည်တွေကို အားပေးဖို့ လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ်ရဲတွေကလည်း တားဆီးနေကြတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်ဘက်က ကားအစီးရေ တစ်ရာကျော်နဲ့ လာကြသူတွေထဲမှာ တရုတ်နိုင်ငံမှာ ဝန်ထမ်းတွေဖြစ်နေတဲ့ ကချင်လူမျိုးတွေ ပါဝင်တယ်လို့ ကျောင်းသား တပ်မတော် မြောက် ပိုင်းဒေသ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမင်းဌေးကလည်းပြောပါတယ်။

“ဘယ်လောက်လည်းတော့မသိဘူး။ ကားအစီးတစ်ရာကျော်ဆိုတာတော့သိတယ်။ အဲ့ဒီ့မှာ ထူးခြားတာက တရုတ်ပြည်က ဝန်ထမ်းတွေ ကချင်အမျိုးသားတွေ အကုန်လုံး အဲ့ဒီ့မှာ ပါလာတယ်။”

တရုတ်ပြည်ဘက်က တရုတ်ပြည်ဖွား ကချင်တွေ ဆန္ဒထုတ်ဖော်နေကြသလို လိုင်ဇာမြို့ခံတွေ ဘက်ကလည်း လိုင်ဇာဘက်ကနေ ဆန္ဒထုတ်ဖော်နေကြပါတယ်။ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေကတော့ ပြင်းထန်နေဆဲဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေဆဲဖြစ်သလို ကျောင်းသားတပ်မတော်နဲ့ ကေအိုင်အို ထိုင်ထားတဲ့ လဂျားယန်ဒေသ တချို့ကို မနေ့ညနေပိုင်းတုန်းက စွန့်လွှတ်ခဲ့ရတယ်လို့ဆိုပါတယ်။

“ ဒီဘက် လိုင်ဇာဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေရှိတယ်။ တပ်ရင်း ၂၄ ထိုင်ထားတဲ့ ကုန်းပေါ့လေ၊ ဖုန်းပြန်ကုန်းကို ထိုးနေတာ၊ ထိုးနေတာကတော့ သူတို့ဘက်ကလည်း ထိုင်ထားတယ်၊ ကိုယ့်ဘက်ကလည်း ထိုင်ထားတယ်။ နှစ်ဖက်ရှိနေတာပေါ့။ ဒီနေ့ စစ်တပ်က ကျောင်းသားတပ်နေခဲ့တဲ့ ကုန်းတွေနဲ့ ကျနော်တို့ နေခဲ့တဲ့ နေရာတွေအကုန်လုံးကို မနေ့က ညနေပိုင်းမှာ အတင်းတက်ထိုးလာတော့ အဲ့ဒီ့နေရာတွေပဲ အကုန်ဆုတ်ပေးလိုက်တယ်။ ဖယ်ပေးလိုက်တော့ လဂျားယန်ကို သူတို့ တပိုင်းထိုင်ထားတယ်ပေါ့ဗျာ၊ လဂျားယန်ကို သူတို့တဝက် ထိုင်ထားတယ်။ ကိုယ်က တဝက်ထိုင်ထားတယ်ပေါ့ဗျာ။ လဂျားယန်ရွာတွေကို သူတို့က တဝက်၊ ကိုယ်က တဝက်ထိုင်ထားတယ်ပေါ့။ ခါတိုင်း ကျနော်တို့ ကျောင်းသားတပ် ထိုင်ထားတာနဲ့ ကေအိုင်အေထိုင်ထားတာတဲ့ ကုန်းချောရှိတယ်။ အဲ့ဒီ့ကုန်းချောကို ဖယ်ပေးလိုက်တော့တယ်။ အဲ့တာက ၇၇၁ရဲ့ အောက်ကို ရောက်သွားတော့ အဲ့ဒီ့မှာ ကျနော်တို့ ဆက်ထိုင်နေရင် အဲ့မှာ အန္တရာယ်ရှိတယ်လေ။ သူတို့က အဲ့ဒီ့နေရာ အောက်ကျောတွေကို ဆက်ထိုးတယ်။ ဆက်ထိုးတော့ ကျနော်တို့ အသာလေးပဲ ဆုတ်ပေးလိုက်တယ်။”

မြန်မာ စစ်အစိုးရလက်ထက်မှာ ကေအိုင်အိုနဲအပစ်အခတ် ရပ်စဲခဲ့တာ ၁၇နှစ်ကြာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် ဇွန်လကစပြီး တိုက်ပွဲတွေပြန်ဖြစ်ခဲ့ တာကြောင့် ဒုက္ခသည် သောင်းနဲ့ ချီရှိပြီး တရုတ်မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ တိမ်းရှောင် နေရပါတယ်။

မကြာသေးခင်တုန်းကတော့ အစိုးရဘက်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်မူတွေ ရှိနေတယ်လို့ ကေအိုင်အေ နဲ့ ဒုက္ခသည်တွေဘက်ကဆိုပါတယ်။ အခုရက်ပိုင်း မှာတော့ လေယာဉ်တွေနဲ့ ပျံသန်းမူတွေရှိနဆဲဖြစ်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်မူတွေ ပိုများလာနေတယ်လို့ ကျောင်းသားတပ်မတော်(ABSDF)က ပြောပါတယ်။
XS
SM
MD
LG