ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှာ ဒုတိယဥက္ကဋ္ဌ ရာထူးယူခဲ့သူ ဒေါက်တာတူးဂျာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဝင်ဖို့ ဆုံးဖြတ်ပြီး လျှောက်လွှာ တင်လိုက်ပါတယ်။ သူ့အဆိုအရ ကချင် ပြည်သူလူထုတွေ ဖွံ့ဖြိုးတိုးတက်အောင် တတ်နိုင်တဲ့ နည်းလမ်းဘက်ကနေ ဆောင်ရွက်သွားဖို့အတွက် အခုလို လုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ ကချင်လူထုတွေက ဘယ်လိုမြင်ပါသလဲ၊ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
ကချင်ပြည်သူလူထု တိုးတက်ရေးအတွက် နိုင်ငံရေးအရ ဖြေရှင်းသွားဖို့ နိုင်ငံရေး ဆက်လက်ရှင်သန်လာအောင် နည်းလမ်းသစ်အဖြစ် မြန်မာစစ်အစိုးရပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ လက်တွဲသွားဖို့ ဆန္ဒဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။
“ကျနော့်အနေနဲ့ နိုင်ငံရေးအရ ဆက်လက်လှုပ်ရှားနိုင်တဲ့ နည်းလမ်းကို ရှာကြံတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်အသက်ရှင်နေသရွေ့ ကာလပေါ့လေ၊ အတတ်နိုင်ဆုံး ကိုယ့်ရဲ့ ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ပြည်နယ်သူ ပြည်နယ်သားများရဲ့ အကျိုးကျေးဇူး အတွက်ပေါ့လေ၊ တတ်နိုင်သလောက် တထောင့် တနေရာကဖြစ်ဖြစ် ဆက်လက် လုပ်ဆောင်ချင်တဲ့ ဆန္ဒရှိတယ်။
“ဒါကြောင့်မို့လို့ ကျနော်တို့က ဘယ်ပါတီမှာမှ မပါခဲ့တဲ့ အတွက်ကြောင့် နောက်ဆုံးမှာကတော့ ပါတီမှတ်ပုံတင် ရရှိပြီးသား လက်ရှိ တရားဝင် ပါတီတွေထဲက လက်တွေ့ကျကျ လုပ်ဆောင်နိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပူးပေါင်းလက်တွဲပြီးမှ နိုင်ငံရေး ဆက်လက် လုပ်ကိုင်ချင်တဲ့ဆန္ဒ ရှိတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး လိုင်းဘက်ကနေ ဒါ လုပ်နိုင်သလောက် လုပ်ဆောင်ချင်တယ်။ အဲဒါကြောင့်မို့လို့ ဒီလို လျှောက်ထားခြင်း ဖြစ်တယ်။”
ဒေါက်တာတူးဂျာဟာ စစ်အစိုးရ ညီလာခံ တက်စဉ်ကတည်းက ပေါ်ပေါက်လာမယ့် အခြေခံဥပဒေသစ်အတိုင်း ဖြစ်ပေါ်လာမယ့် ခေတ်သစ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်လုပ်ဆောင်ချင်တဲ့ ဆန္ဒ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဒါကြောင့်မို့ ကျနော်က အဖွဲ့အစည်းကနေ အပြီးအပိုင် နှုတ်ထွက်ပြီးတော့မှ မြို့ပေါ်ရောက်လာပြီး ပါတီတရပ် ထူထောင်ဖို့ ကြိုးစားခဲ့တာပေါ့လေ။ ကျနော့်အနေနဲ့ ကြိုးစား ထူထောင်ခဲ့တဲ့ ပါတီကတော့ KSPP ပါပဲ။”
အစိုးရက တရားဝင်ပါတီ မချပေးခဲ့တဲ့ အချိန်ကတည်းက ကချင်ပြည်သူလူထုကို မဲဆွယ်စည်းရုံးခဲ့ရာမှာ ဒေါက်တာတူးဂျာ အပေါ်မှာ လူထုက အပြည့်အ၀ ယုံကြည်အားပေး ထောက်ခံခဲ့ပြီး ပါတီမချပေးခဲ့တဲ့ အချိန်ထိတိုင်အောင် သူ့ရဲ့ ရပ်တည်ချက်အပေါ် လူထုက မျှော်လင့်နေတဲ့ အချိန်မှာ အခုလို စစ်အစိုးရ ကျောထောက်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ ဝင်ခွင့် လျှောက်လွှာတင်တာကို မယုံနိုင် ဖြစ်ခဲ့ရတယ်လို့ ခရိုင်ရုံးနဲ့ နီးစပ်တဲ့ ဒေသခံက အခုလို ပြောပါတယ်။
“KSPP ပါတီ မကျပေမဲ့ ကျနော်တို့က ကိစ္စမရှိဘူး။ ဒါက နိုင်ငံရေးအပေါ်မှာ လုပ်တာ အဲဒါကြောင့်။ သူတို့က ဒီတိုင်းမှမဟုတ်ဘဲ။ ဦးတည်ချက် တခုတည်းနဲ့ လုပ်မယ်ဆိုလို့ ကျနော်တို့က ဒီမှာ ပြောဆိုပြီး အားကိုးတာ။ ဒါပေမဲ့ အခုလိုဖြစ်လာတော့ နဂိုကတည်းက အတိုက်အခံလုပ်ဖို့ သပ်သပ် ပါတီထောင်ပြီးမှ အခုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြန်ဝင်တယ်၊ ပြန်ဝင်ပြီး အခုက လျှောက်လွှာ ပြန်တင်တဲ့အထိ ဖြစ်လာတယ်ဆိုတော့ တော်တော် အဆင့်နိမ့်သွားသလို ဖြစ်တာပေါ့။
“ဒေါက်တာတူးဂျာ တယောက်တည်းတော့ မဟုတ်ဘူး၊ အရင်တုန်းက လုပ်ဖော်ကိုင်ဘက်ပေါ့နော်၊ ၅ ဦးလောက် အဲဒီမှာ ဓာတ်ပုံနဲ့တကွ ဖောင်တင်ထားတယ်လို့ ကြားရှိရတယ်။ ဓာတ်ပုံကို အရှေ့အနောက်ပေါ့နော် ရိုက်ပြီးမှ အသေးစိတ် စစ်ဆေးကြတယ်လို့ ပြောကြတယ်။ အခုက ဖောင်တင်ထားတာ အဆင့်ပဲ ရှိသေးတယ်။”
မြစ်ကြီးနားမြို့ ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရုံးမှာ KSPP ခေါင်းဆောင်ဟောင်းတွေရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် လျှောက်လွှာတင်ခွင့်ကို မတ်လအစောပိုင်းက တင်သွင်းခဲ့ခြင်း ဖြစ်တယ်လို့ ပြောဆိုပေမဲ့ ဒေါက်တာတူးဂျာအပြင် ကျန်အဖွဲ့ဝင် ၅ ယောက်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
ဒေါက်တာတူးဂျာဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ ထိပ်တန်း ခေါင်းဆောင်တာဝန်ကို နှစ်ရှည် ထမ်းဆောင်ခဲ့သူမို့ ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးက KIO ရဲ့ စစ်ရေးနဲ့ ပတ်သက်ပြီး အသေးစိတ် သူ့ကို မေးမြန်းမှုတွေ လုပ်လာမှာကို ကချင်လူထုတွေက စိုးရိမ်နေပါတယ်။ ကချင်လူထုတွေ အနေနဲ့ကတော့ ဒေါက်တာတူးဂျာ အပေါ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပူးပေါင်းသွားတာကို သဘောမကျတဲ့သူတွေ ရှိသလို တချို့ကလည်း စစ်အစိုးရရဲ့ ဖိအားပေးမှု တစုံတရာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဒေါက်တာတူးဂျာ အနေနဲ့ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ဟာ ကချင်ပြည်သူလူထု အတွက်သာ ဖြစ်တဲ့အတွက် လူထုရဲ့ ဝေဖန်သုံးသပ်ချက်အပေါ် အခြေအနေကို သဘောပေါက် နားလည်စေချင်တယ်လို့ ပြောပါတယ်။
“ကျနော့်ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်ပြီးတော့မှ တဖြည်းဖြည်းတော့ အဖြေမှန်ကို သိရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ဒေါက်တာတူးဂျာ အနေနဲ့ နိုင်ငံရေး ဆက်လက်လုပ်ဆောင်ဖို့အတွက် ဆန္ဒပြင်းပြစွာနဲ့ အခုလို ဆုံးဖြတ်ခဲ့တယ် ဆိုပေမဲ့ မြန်မာစစ်အစိုးရဘက်က သူ့အပေါ် အယုံအကြည်ထားပြီး လက်ခံမယ်၊ မခံဘူး ဆိုတာကိုတော့ မပြောနိုင်ဘူးလို့ သူက ပြောပါတယ်။