သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ မူးယစ်ဆေးစွဲမှုနဲ့ HIV ရောဂါ လျော့ပါးရေး အမေရိကန်က ဒေါ်လာ ၆ သန်းကူညီ


မူးယစ်ဆေးသုံးစွဲမှုအမြင့်ဆုံးဖြစ်နေတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သချုႋင်းမြေဟောင်းမှာတွေ့ရတဲ့ အသုံပြုပြီး အပ်နဲ့ ဆေးထိုးတံများ။
မူးယစ်ဆေးသုံးစွဲမှုအမြင့်ဆုံးဖြစ်နေတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သချုႋင်းမြေဟောင်းမှာတွေ့ရတဲ့ အသုံပြုပြီး အပ်နဲ့ ဆေးထိုးတံများ။

ကချင်ပြည်နယ်မှာ ကပ်ရောဂါလိုကျရောက်နေတဲ့ HIV ရောဂါနဲ့ မူးယစ်ဆေးပြဿနာ ဖြေရှင်းရေးအတွက် လာမယ့်ငါးနှစ်အတွင်း ဒေါ်လာ ၆ သန်း အကူအညီပေးမယ်လို့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန်အေဂျင်စီ USAID က ကြေညာပါတယ်။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးသုံးစွဲမှုနဲ့ HIV ရောဂါ ဖြစ်ပွားမှု လျော့ကျစေရေး ရေရှည်ခိုင်မာတဲ့ နည်းလမ်းတွေကို ရရှိစေရေး အထောက်အကူဖြစ်စေဖို့ဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးပြောခွင့်ရတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့စွဲနဲ့ USAID က ထုတ်ပြန်ကြေညာလိုက်တဲ့ ဒီအကူအညီပေးအစီအစဉ်ဟာ ကချင်ပြည် နယ်တခုတည်းအတွက် သီးခြားရည်ရွယ်ပြီး လုပ်ဆောင်မယ့် ပထမဆုံးအစီအစဉ်ဖြစ်ပါတယ်။ ကချင် ပြည်နယ် တဝန်းမှာ HIV ရောဂါပိုး ကူးစက်မှုနဲ့ မူးယစ်ဆေးသုံးစွဲမှုပြဿနာဟာ ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်နေပြီး ဒါကို ဖြေရှင်းရေး ဒေသခံတွေကိုယ်တိုင် လုပ်ဆောင် ချက်တွေမှာ အထောက်အကူဖြစ်စေဖို့အတွက် ဒီအကူအညီကို ပေးမှာဖြစ်တယ်လို့ USAID ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

HIV ရောဂါပိုး ကူးစက်သူအများအပြားဟာ မူးယစ်ဆေးသုံးစွဲတာကနေတဆင့် ရောဂါပိုးကူးစက်ခံကြရတာ ဖြစ်ပြီး ဒါဟာ ကချင် ပြည်နယ်နဲ့ နိုင်ငံတဝန်းမှာ မူးယစ်ဆေးပြဿနာကို အမေရိကန်ပြည်ထောင်စုက အာရ ုံစိုက်ပြီး ဘာ့ကြောင့် လုပ်ဆောင်နေသလဲ ဆိုတဲ့ အဓိကအကြောင်းအချက်တခုဖြစ်တယ်လို့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးက ပြောခွင့်ရတဦးဖြစ်သူ Aryani Manring က ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

“ဒီရန်ပုံငွေအစီအစဉ်အသစ်ကို ဒေသခံလူမှုအဝန်းအဝိုင်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ အတိအကျ စီစဉ်ချမှတ်ထား ပါတယ်။ မူးယစ် ဆေးသုံးစွဲသူတွေ နောက်ထပ်ပြန်ပြီး သုံးစွဲမယ့်ဘေးကိုရှောင်နိုင်ရေး အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ ကချင်ပြည်နယ်မှာ မူးယစ် ဆေးသုံးစွဲမှုနဲ့ HIV ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်းကို လျှော့ချနိုင် စေရေး တကယ့်ကို ရေရှည်ခိုင်မာမယ့်အဖြေပေးနိုင်ဖို့ ပညာရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာ သက်ဆိုင်ရာ ရပ်ရွာတခုချင်းစီအတွက် အလုပ်ဖြစ်စေမယ့်နည်းလမ်းတွေကို ရှာဖွေဖို့ဖြစ်ပါတယ်။”

PEPFAR လို့ခေါ်တဲ့ AIDS ရောဂါတိုက်ဖျက်ရေး အမေရိကန်သမ္မတရဲ့ အရေးပေါ်အစီအစဉ် တစိတ်တပိုင်း အနေနဲ့ ကချင် ပြည်နယ်နဲ့ တခြားနေရာတွေမှာ USAID က အကူအညီတွေဆက်ပေးနေပြီး နိုင်ငံတဝန်းက လူမှုအဝန်းအဝိုင်းတွေရဲ့ ကျန်းမာရေး အခြေအနေတိုးတက်စေဖို့ ဒေါ်လာ ၃၂ သန်းကျော် ရင်းနှီးမြှုပ်နံှမှုရဲ့ တစိတ်တပိုင်းလည်းဖြစ်တယ်လို့ ပြောခွင့်ရ မစ္စ Aryani က ပြောပါတယ်။

ဒါပေမဲ့လည်း အခုအစီအစဉ်သစ်ကတော့ ကချင်ပြည်နယ်အတွက် သီးခြားလုပ်ဆောင်တဲ့ ပထမဆုံးအစီအစဉ် ဖြစ်ပြီး ကျန်းမာရေး ပိုင်းကိစ္စရပ်တွေကိုသာမက စီးပွားရေးပိုင်းကိစ္စရပ်တွေကိုပါ ကိုင်တွယ်ဖြေရှင်းမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်မှာ ဘိန်းဖြူ၊ မက်သ်အမ်ဖက်တမင်း စတဲ့မူးယစ်ဆေးဝါးတွေကို သုံးစွဲသူတွေဟာ ကျောက်တူး လုပ်သားတွေ၊ လယ်ယာလုပ်သားတွေ စတဲ့ အကူအညီမဲ့သူတွေ အများစုဖြစ်ပြီးတော့ သူတို့မှာ စီးပွားရေးနဲ့ ပညာရေးဆိုင်ရာ အခွင့်အလန်းတွေ ကလည်း မရှိလှဘူးလို့ ပြောခွင့်ရ မစ္စ Aryani က ပြောပါတယ်။

“သူတို့တွေဟာ ဆေးဖြတ်တဲ့အစီအစဉ်တွေ၊ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေ ဝင်ကြတယ်ဆိုရင်တောင်မှ မူးယစ်ဆေးကို ပြန်ပြန်ပြီး သုံးစွဲကြတဲ့အခြေအနေ ရောက်ရောက်သွားတာပါပဲ။ ဒါဟာ အခုအစီအစဉ်ကို ဘာ့ကြောင့်လုပ်ရတယ်ဆိုတဲ့ အဓိက အကြောင်းတခုဖြစ်ပါတယ်။ မူးယစ်ဆေးသုံးစွဲတာကြောင့် ဖြစ်လာတဲ့ ပြဿနာတချို့ကို ရင်ဆိုင်နေရတဲ့ ရပ်ရွာတွေအတွက် အဲဒီ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး သူတို့နဲ့အတူ ပူးပေါင်းပြီး အဖြေရှာနိုင်မယ်လို့ ကျမတို့မျှော်လင့်ပါတယ်။”

HIV ကူးစက်နှုန်း မြင့်မားလာနေတာနဲ့ မူးယစ်ဆေးသုံးစွဲမှု ဆန့်ကျင်တိုက်ဖျက်ရေး အောင်မြင်ဖို့အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မှာ ဒေသခံတွေကိုယ်တိုင် ဆောင်ရွက်နိုင်မှုက အင်မတန်အရေးကြီးပါတယ်လို့ USAID ရဲ့ ကျန်းမာရေးကဏ္ဍဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Robert Kelly ကပြောပါတယ်။

အခုလိုချဉ်းကပ်လုပ်ဆောင်မှုဟာ USAID ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ နိုင်ငံတွေ ပိုမိုခိုင်မာအားကောင်းလာပြီး နောက်ဆုံးမှာ နိုင်ငံခြား အကူအညီလိုအပ်ချက်တွေ အဆုံးသတ်ရေးကို အထောက်အကူဖြစ်စေပါတယ်လို့ ဒီဇင်ဘာလ ၁၄ ရက်နေ့စွဲနဲ့ USAID ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG