သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် စစ်ပွဲရပ်တန့်ရေး ရန်ကုန်မှာဆန္ဒပြ


ကချင်စစ် ရပ်ရေး ဆန္ဒပြပွဲ (ဇန်နဝါရီ ၁ရက်၊ ၂၀၁၃။)
ကချင်စစ် ရပ်ရေး ဆန္ဒပြပွဲ (ဇန်နဝါရီ ၁ရက်၊ ၂၀၁၃။)
နှစ်သစ်ကူး ဇန်နဝါရီလ ၁ ရက်နေ့က ကချင်ဒေသမှာ စစ်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာတွေကို ရပ်ဆိုင်းကြဖို့ ရန်ကုန်မြို့တော်မှာ ပြည်သူတွေ ချီတက်တောင်းဆိုခဲ့ကြပါတယ်။ စစ်ပွဲတွေကို ချက်ချင်းရပ်ပစ်ဖို့၊ သိန်းနဲ့ချီတဲ့ စစ်ပြေး ဒုက္ခသည်တွေကို အကူအညီတွေပေး ဖို့ပါ တောင်းဆိုခဲ့ကြပါတယ်။ မသိင်္ဂ ီထိုက်က ပြောပြပေးမှာပါ။

ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ကို ချက်ချင်း ရပ်ကြဖို့ နှစ်သစ်ကူး ဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့တော်မှာ ပြည်သူ ရာနဲ့ချီ ချီတက် တောင်းဆိုကြပါတယ်။ နှစ်သစ်မှာ “ငြိမ်းချမ်းကြပါစေ၊ ငြိမ်းချမ်းမှု မရှိတဲ့ နှစ်သစ်” စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ကချင်ဒေသက စစ်ပွဲတွေ ရပ်ဆိုင်းစေဖို့ တောင်းဆိုခဲ့ကြပါတယ်။ ချီတက်တောင်းဆိုမှုမှာ ပါဝင်တဲ့ Generation Wave အဖွဲ့က ကိုဘိုဘိုက အခုလို ပြောပါတယ်။

“ကျနော်တို့ ကချင်ပြည်နယ်ရဲ့ မြောက်ပိုင်းဒေသတွေမှာ စစ်ဖြစ်နေတယ်ပေါ့နော်။ ကျနော်တို့က ခရစ်စမတ်နေ့မှာ ဒီမှာရှိနေတဲ့သူတွေက Happy New Year မှာ ပျော်ရွှင်နေနိုင်ပေမဲ့ ကျနော်တို့ တခြားတနေရာမှာရှိနေတဲ့ စစ်ဘေးကြုံနေရတဲ့ ဒေသမှာရှိနေတဲ့ သူငယ်ချင်းတွေ တပုံတပင်ကြီးပါ။ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ တပုံတပင်ကြီးပါ၊ ဆိုတော့ သူတို့ဖြစ်နေတဲ့ ခံစားချက်တွေကို ကျနော်တို့ မကြည့်နေနိုင်ဘူး။ နှစ်သစ်ကူးဖြစ်နေပေမဲ့ ကျနော်တို့ မပျော်နိုင်ဘူး။ အဲ့တာကြောင့်မို့ ကျနော်တို့ အတူတူပျော်ချင်တယ်။ ငြိမ်းချမ်းရေး ရချင်တယ်။ အဲ့အတွက်ကြောင့်မို့ ဒီလိုမျိုး ဆန္ဒဖော်ထုတ်ပြသတာပါ။”

ကချင်ဒေသက စစ်ပွဲတွေကြောင့် နှစ်သစ်ကူးနဲ့ ခရစ်စမတ် ကာလတွေ အတွင်း အေးလှတဲ့ ရာသီဥတု အောက်မှာ စစ်ဒဏ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သိန်းနဲ့ချီတဲ့ ကချင်ဒေသခံတွေ အတွက်လည်း ခေတ္တ လုံလုံခြုံခြုံ ခိုလှုံနိုင်မယ့် နေရာတွေ ဖန်တီးပေးကြဖို့လည်း ချီတက်ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

စစ်ဖြစ်နေတဲ့ ကချင်ဒေသက ဒေသခံတွေဟာ လူသားတိုင်း ငြိမ်းချမ်းလုံခြုံစွာ နေထိုင်ခွင့် ဆိုတဲ့ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့လည်း ပါဝင် ချီတက်ခဲ့တဲ့ လူ့အခွင့်အရေး ပညာပေးရေး အဖွဲ့က ကိုအောင်မျိုးမင်းက ပြောပါတယ်။

“လူတိုင်းဟာ အသက်ရှင်ခွင့် ရရှိခွင့်ရှိသလို ကိုယ့်ပတ်ဝန်းကျင်အတွင်းမှာ လုံခြုံခွင့်ရရှိရမယ်ဆိုတာကိုလည်း အားလုံး သိတဲ့အတိုင်းပါပဲ။ အခုချိန်ဆိုလို့ရှိရင် ကျနော်တို့ ကချင်ဒေသမှာရှိတဲ့ IDP စခန်းတွေကအစ၊ လိုင်ဇာဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေအဆုံး ငြိမ်းချမ်းစွာနဲ့ လုံခြုံမှုမရှိဘဲနဲ့ ကိုယ့်အသက်အတွက်ကိုယ်လွတ်မြောက်ဖို့အတွက် ကျီးလန့်စာစား နေရတာ လူ့ဘဝအတွက် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်။”

သမ္မတ ဦးသိန်းစိန်က ကချင်ဒေသမှာ စစ်ဆင်နေတာကို ရပ်ဖို့ အစိုးရ တပ်တွေကို အမိန့်ပေးထားရက်နဲ့ ဘာကြောင့် စစ်ကို မရပ်တာလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်တယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်က ပြောပါတယ်။

“သမ္မတက ထိုးစစ်တွေဆင်တာရပ်ပါလို့ ပြောရက်တန်းလန်းနဲ့ မရပ်တာ ဘာဖြစ်လို့လည်း ကျမတို့ နားမလည်ဘူး။ အခုထက်ထိ နားမလည်ဘူး။ နောက်တခု ထိုးစစ်တွေ ဆင်တဲ့အခါမှာ စစ်စားရိတ်တွေ ကုန်တယ်။ ဘယ်သူက ခွင့်ပြုထားတာတုန်း၊ လွှတ်တော်ကနေ အဲ့ဒီ့ဘက်ဂျက်ကို မေးခွန်းထုတ်ပေးပါလို့ ကျမပြောချင်တယ်။”

လက်ရှိ ကချင်ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲမှာ မြန်မာ အစိုးရတပ်က ရဲဘော်တွေဘဲ ထိခိုက် ကျဆုံးသည် ဖြစ်စေ ကချင် တပ်ဘက်က ရဲဘော်တွေ ပြည်သူတွေဘဲ ထိခိုက် ကျဆုံးသည် ဖြစ်စေ ဒါဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုဘဲ ဖြစ်တယ်လို့လည်း ချီတက် တောင်းဆိုသူတွေက ပြောပါတယ်။ ဒါကြောင့် အချင်းချင်း တိုက်နေတဲ့ ပြည်တွင်းစစ်ကို ရပ်ဆိုင်းကြပါစို့လို့လည်း တိုက်တွန်းလိုက်ကြပါတယ်။

“ကျေးဇူးပြုပြီး စစ်ပွဲတွေ ရပ်ပေးပါ။ ကျေးဇူးပြုပြီးတော့ အပြစ်မဲ့တဲ့ပြည်သူတွေ ဒဏ်ရာ မရပါစေနဲ့။ (ဦးဝင်းချို)”

“ ကျမတို့ပြည်သူတွေ အားလုံး လိုလားတောင့်တတဲ့ စစ်မှန်တရားမျတတဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်နိုင်ဖို့အတွက် သမ္မတကြီးနဲ့တကွ တာဝန်ရှိသူတွေအားလုံးကို ကျမတို့ ဒီနေရာကနေ တောင်းဆိုပါတယ်။ ကျမတို့ အခုလိုတောင်းဆိုရခြင်းဟာလည်းပဲ တိုင်းရင်းသားပြည်သူအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံမှုဟာ အဓိက တာဝန်ယူနေသော နိုင်ငံတော်အစိုးရအပေါ်မှာသာ လုံးလုံးလျားလျား တာဝန်ရှိတယ် လို့ ယုံကြည်တဲ့အတွက် တောင်းဆိုရခြင်းဖြစ်ပါတယ်။ (မေစပယ်ဖြူ)"

ကြွေးကြော်သံများ
“(စစ်ပွဲအားလုံး ချက်ခြင်းရပ်) (ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ) ”

ကချင်ပြည်နယ်တွင်းက မြန်မာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေတို့ကြား တိုက်ပွဲတွေ ကတော့ ဆက်ပြီး ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ မြန်မာ အစိုးရဘက်က လေကြောင်းကရော မြေပြင်တိုက်ပွဲတွေနဲ့ပါ ကေအိုင်အေ ခြေကုပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ကေအိုင်အေ ဘက်က ပြောဆိုနေပေမယ့် မြန်မာ အစိုးရဘက်ကတော့ စစ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။

ဒီ နှစ်သစ်ကူး ဇန်နဝါရီလ ၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ပြည်သူတွေကို ရေဒီယိုကနေ တဆင့် နှစ်သစ်ကူး မိန့်ခွန်း ပြောတာမှာလည်း လက်ရှိ ဖြစ်ပွားနေတဲ့ ကချင် ဒေသ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ပြောဆိုသွားတာ မရှိပါဘူး။
XS
SM
MD
LG