သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ဌာနချုပ် လိုင်ဇာကို မြန်မာတပ် လက်နက်ကြီးနဲ့ ပစ်ခတ်


ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သား တစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင် တွေ့ရစဉ်။
ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သား တစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင် တွေ့ရစဉ်။
ရက်ပိုင်းလောက် ငြိမ်သက်နေခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေ ဒီနေ့မှာ ပြင်းပြင်းထန်ထန် ပြန်ဖြစ် လာပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာပဲ မြန်မာတပ်ဘက်ကနေ လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ပြီး၊ ညနေပိုင်းအထိ မြေပြင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေ နဲ့ ဒေသခံတွေက ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဒီကနေ့ မနက်ပိုင်းကတည်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ ပြင်းထန် လာတာကြောင့် လိုင်ဇာမြို့ခံတွေကပါ စိုးရိမ်လာကြပါတယ်။ အထူးသဖြင့်တော့ မြန်မာအစိုးရ သမ္မတဦးသိန်းစိန် ကတော့ သူတို့အနေနဲ့ လိုင်ဇာမြို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေ ဌာနချုပ်ကို သိမ်းယူဖို့ အစီအစဉ် မရှိပါဘူးလို့ ပြောထားပေမဲ့ အခုတော့ လိုင်ဇာမြို့အထိကို လက်နက်ကြီးကျည်တွေ ကျလာတာကြောင့်ပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာတပ်ဘက်က သိမ်းယူခဲ့တဲ့ တောင်ကုန်းကနေ လက်နက်ကြီး ပစ်ကူပေးပြီး၊ အနီးအနား ကေအိုင်အေ ဘက်က စစ်စခန်းတွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ကေအိုင်အေနဲ့အတူ တွဲဘက်တိုက်နေတဲ့ ABSDF မြောက်ပိုင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးမင်းဌေးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့က မနက်ကနေ စပြီးတော့ ရွှေဘုန်းယန် အမြှောက်တပ် ကနေပြီးတော့ အမြှောက် ၃ လက်လောက်နဲ့ လှမ်းပစ်တယ်။ နောက်ပြီးတော့ ဟိုနေ့က ၃၀ ရက်နေ့က ထိုးပြီး ယူသွားတဲ့ (၇၇၁) တောင်ကုန်းကနေပြီးမှလည်း လှမ်းပစ်တယ်။ ပစ်တာက လိုင်ဇာကို လှမ်းပစ်တာ။ လိုင်ဇာကို လှမ်းပစ်တာက ၈ လုံး။ ပြီးတော့ ညနေပိုင်းမှာ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေတယ်။ ဒီ လွယ်မောက်ယန် ဘက်ကနေ တက်လာတဲ့ အဖွဲ့တွေနဲ့။”

အခုဟာက မြေပြင် တိုက်ပွဲ ဖြစ်နေတဲ့သဘောပေါ့။ -

“ဟုတ်တယ်။ မြေပြင် တိုက်ပွဲဖြစ်တော့ လက်နက်ကြီးတွေက ဒီဘက် လဂျားယန် နဲ့ လဝါယန် ဘက်ကို ပစ်နေတာ။ လဂျားယန် ကျနော်တို့ ကျောင်းသားစခန်း ရှိတဲ့နေရာကို။”

လိုင်ဇာမြို့ပေါ်ရော ပစ်တာခတ်တာ ရှိလား။ -

“လိုင်ဇာမြို့ကို မနက်က ပစ်တယ်။ ၈ လုံး ပစ်တယ်။”

အထိအခိုက်တွေရော ဘယ်လိုရှိပါလဲခင်ဗျ။ -

“လိုင်ဇာမြို့ကို ပစ်တာတော့ အထိအခိုက် မရှိဘူး။ လိုင်ဇာမြို့ထဲကိုတော့ ၂ လုံး ကျသွားတယ်။ လူကို ထိခိုက်တာတော့ မရှိဘူး။”

လေယာဉ်ပျံ သုံးတာတွေ ဘာတွေရော ရှိပါလား။ ဒီနေ့။ -

“လေယာဉ်ပျံသုံးတာတော့ ဒီနေ့ မရှိဘူးခင်ဗျ။”

ပြီးခဲ့တဲ့ ရက်တွေက ၂ ရက်လောက် ငြိမ်သွားပြီးမှ အခု ထိုးစစ် ဆင်လာတဲ့ သဘောလား။ ဘာကြောင့်လဲ။ ဘာကြောင့်လို့ ယူဆလဲ။ -

“ပြီးခဲ့တဲ့ ၂ ရက်က ခဏ ငြိမ်နေတာတော့ ကျနော် ထင်တယ်၊ သူတို့ စစ်ပမ်းသွားတာလည်း ဖြစ်နိုင် တယ်။ အခုထပ်ပြီးမှ ပြန် ထပ် တက်ဖို့ သူတို့ အမိန့် ပေးထားတယ်လို့လည်း ကျနော်တို့ ကြားရတယ်။ ကြားရတော့ အခု သူတို့ အင်အား ထပ်ဖြည့်ပြီးတော့ တက်လာတယ်။ တက်လာတဲ့အင်အားတွေက အခုဟာက ဆန်တွေ ဘာတွေ သယ်လာတာ မဟုတ်ဘူး။ လက်နက် ခဲယမ်း ကျည်တွေကို သယ်လာပြီးမှ တက်လာတာ။”

ကိုမင်းဌေးတို့ ABSDF စခန်းနဲ့ ကေအိုင်အေ စခန်းတွေ အခြေအနေက ဘယ်လိုရှိလဲ။ အခုအနေအထားက တိုက်ပွဲ ပြင်းထန်တော့။ -

“တိုက်ပွဲ ပြင်းထန်တော့ သူတို့ကတော့ ကျနော်တို့ကို လက်နက်ကြီးတွေကို မိုးရွာသလိုရွာအောင် ပစ်ပြီးတော့မှ ပစ်တာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ကလည်း လက်နက်ကြီးဒဏ် ခံနိုင်အောင်တော့၊ ကျနော်တို့ မထိအောင်တော့ နေကြရတာပေါ့။”

အလားအလာက ဟိုဘက်က တအား ထိုးလာလို့ရှိရင် ဆုတ်ပေးရမယ့် အလားအလာရှိလား။ ဒါမှမဟုတ် ခံတိုက်နိုင်တဲ့ အနေအထား ရှိလား။ -

“အဲဒါကတော့ ဒီ စစ်ပွဲပေါ် အခြေအနေပေါ်မှာ မူတည်မယ်လေ။ ကျနော်တို့က လောလောဆည်မှာ ခုခံနေတဲ့ အနေအထား ကနေပြီးမှ အဲဒီ စစ်ပွဲကာလမှာပဲ ကျနော်တို့က ပြန်ထိုးတာ လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒီအခြေအနေမှာ ဆုတ်နိုင်သလား၊ ဆက်ပြီး တောင့်ထားနိုင်မလား ဆိုတာကတော့ စစ်ပွဲရဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးမှ ကျနော်တို့က အပြောင်းအလဲ လုပ်သွားရမှာ ဆိုတော့ အခုချိန်မှာ ကျနော်တို့က ပြောလို့ကို မရသေးဘူးခင်ဗျ။”

တိုက်ပွဲက တနေရာတည်းမှာပဲ ဖြစ်နေတာလား၊ ပျံ့ပြီး ဖြစ်နေတာလား။ ဘယ်နေရာမှာ အဓိက ဖြစ်နေတာလဲ။ -

“တိုက်ပွဲတွေက နေရာ အနှံ့ပါပဲ။ နေရာ အနှံ့ ဖြစ်တယ်ဆိုတာက ဒီ နမ်ဆမ်ယန် ဘက်ပေါ့။ နမ်ဆမ်ယန် ဘက်မှာလည်း သူတို့ တက်လာတယ်။ အဲဒီ သူတို့ တက်လာတဲ့ စစ်ကြောင်းတွေ၊ ရိက္ခာတွေ ကျည်တွေ မပို့နိုင်အောင်၊ အဓိက ကျည်တွေပေါ့နော်၊ သူတို့က တက်သွားတဲ့ကုန်းပေါ်ကို ကျည်တွေ ထပ်ဖြည့်ဖို့ လုပ်နေတယ်။ အဲဒါတွေ ထပ်မဖြည့်နိုင်အောင် ကျနော်တို့က ဟန့်ထားတဲ့ အနေနဲ့ ဖြတ်ပြီးတော့မှ ဟန့်တားနေတာ။”


ခုလို တိုက်ပွဲတွေ ရှိနေတယ်ဆိုပေမဲ့ မြန်မာအစိုးရဘက်ကတော့ အပစ်အခတ်ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ကြိုးစားနေတယ်လို့ မြန်မာ ငြိမ်းချမ်းရေးဗဟိုဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG