သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ


ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီး ရှေ့တန်းစစ်မြေပြင်တွင် ကချင်စစ်သားတစ်ဦးကို တွေ့ရစဉ်။ (ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂)။
ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီး ရှေ့တန်းစစ်မြေပြင်တွင် ကချင်စစ်သားတစ်ဦးကို တွေ့ရစဉ်။ (ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂)။
ကချင်ဘက်မှာတော့ တိုက်ပွဲတွေ ဆက်ရှိနေုတုန်းဖြစ်ပါတယ်။ အစိုးရဘက်က ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အေဌာနချုပ်နဲ့ မိုင် အစိတ်လောက်အကွာ နေရာတခုနဲ့ ၆ မိုင်အကွာ ဒေသတခု တို့မှာ ခြေလျှင်ထိုးစစ်ဆင်နွဲနေသလို လေယာဉ်ကလည်း ကူညီပစ်ခတ်ပေးနေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ ကေအိုင်အေအဖွဲ့ရဲ့ တပ်မဟာ (၃) ဒေသမှာ အစိုးရရဲ့ ခြေလျှင်ထိုးစစ်မှာတော့ အထိအခိုက်များ တာကြောင့် ပြန်ပြီးဆုတ်ခွာသွားရာမှာ စစ်သုံးပစ္စည်းတွေနဲ့ လက်နက်ကြီးတချို့ကို KIA ဘက်က သိမ်းဆည်း ရမိလိုက်တယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မခွာညိုက တင်ပြထားပါတယ်။

ကချင်ပြည်နယ်ဘက်မှာ အစိုးရနဲ့ ကချင် လက်နက်ကိုင် တပ်ဖွဲ့တွေကြား ကချင်ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့ရာမှာ သုံး-လေးလကြာ တိုက်ပွဲတွေ မရှိဘဲ ငြိမ်သက်နေခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ (၃) ဘက်မှာလည်း ဒီကနေ့မှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ကြောင်း KIA ပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။

“အခုကို လေယာဉ်နဲ့ပစ်နေတုန်းပဲ၊ ခါယာဘွမ်မှာတော့၊ ခါယာဘွမ်ကတော့ ဗဟိုဌာနရဲ့ အနောက်ဘက်လောက်ကျတယ်။ မိုင်အားဖြင့်တော့ ဗဟိုဌာနချုပ်ကနေပြီး အနောက်ဘက် ၆ မိုင်လောက်ရှိမယ်။ ၁၂ နာရီပတ်ဝန်းကျင်လောက်မှာ လာပြီးတော့ ပစ်တယ်။ ”

တပ်မဟာ (၃) တပ်စွဲထားတဲ့ ဂျာမိုင်ဘွမ် တပ်စခန်းဘက်ကို စင်လုံကဘာ ဘက်ကနေ လက်နက်ကြီးနဲ့ အရင်ပစ်ပြီးတော့ နောက်ပိုင်းမှာ ခြေလျှင်ထိုးစစ် စတင်ခဲ့ကြောင်းနဲ့ နေ့ခင်း ၁၂ နာရီဝန်းကျင်မှာ လေယာဉ်နဲ့လာရောက် ကူညီ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဦးလနန်က ပြောပါတယ်။ တိုက်ပွဲအခြေအနေအတွင်း လေကြောင်းကနေ ပြင်းပြင်းထန်ထန် လာရောက်ပစ်ခတ်တိုက်ခိုက်မှုဟာ ဒီနေ့ ဟာ ပထမဆုံးဖြစ်တယ်လို့လည်း ဦးလာနန်က ပြောပါတယ်။

“ဒီနေ့ လာပစ်ခတ်တဲ့နေရာကတော့ တပ်မဟာ (၃) ဒေသပေါ့ဗျာ။ တပ်မဟာ (၃) ဒေသမှာ လေယာဉ်ကနေ ပစ်ပြီးတော့ ပြင်းပြင်းထန်ထန်လာပြီး ပစ်ခတ်တာမျိုး၊ ဗုံးကြဲတာမျိုးလုပ်တာကတော့ တိုက်ပွဲကာလ တလျှောက်လုံးမှာ ဒီနေ့က ပထမဆုံးပါ။ အခု ဒီအချိန်လောက်မှာပဲ - အခု ပြောနေတဲ့အချိန် ၄ နာရီဝန်းကျင်လောက်မှာပဲ ခါယာနားမှာ လေယာဉ် နှစ်စင်း လာပြီးတော့ပစ်ခတ်နေတယ်။ အဲဒီမှာလည်း ခါယာမှာ ခြေလျှင်တပ်ဖွဲ့တွေ တက်လာတယ်။ မွန်းလွဲပိုင်းမှာ စတင်တာပါ။ အခုလည်း ဟိုမှာ လေယာဉ်နဲ့ပစ်ခတ်တာမျိုး လုပ်နေတယ်။ လေယာဉ်ပစ်ခတ်တဲ့နေရာကတော့ တပ်မဟာ (၃) ဒေသရယ်၊ ဗဟိုဒေသဖြစ်တဲ့ ခါယာဘွမ်မှာလည်း သူတို့ လေယာဉ်နဲ့ ပစ်ခတ်နေကြတယ်၊ မြေပြင်တိုက်ပွဲတွေလည်း ရှိနေတယ်ခင်ဗျ။”

KIA ရဲ့ တပ်မဟာ (၃) တပ်စွဲထားတဲ့ ဂျာမိုင်ဘွမ်တပ်စခန်းဘက်ကို စင်လုံကဘာ ဘက်ကနေပြီးတော့ မြန်မာအစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ အရင်ပစ်ခတ်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ ခြေလျှင်ထိုးစစ် စတင်ခဲ့ပြီး နေ့ခင်း ၁၂ နာရီဝန်းကျင်မှာတော့ လေယာဉ်နဲ့ လာရောက် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဦးလနန်က ပြောပါတယ်။ အစိုးရနဲ့ KIA တို့ရဲ့ တိုက်ပွဲတွေအတွင်း အစိုးရဘက်က လေကြောင်း တိုက်ခိုက်မှုတွေရှိလာခဲ့ရာမှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကတော့ KIA အဖွဲ့က မြေပြင်ကနေ ပြန်လည် ပစ်ခတ်မှုကြောင့် စစ်ရဟတ်ယာဉ် တစင်းပျက်ကျခဲ့ပါတယ်။ အစိုးရဘက်က စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့တာ ဖြစ်တယ် လို့ ပြောပေမဲ့ KIA ဘက်ကတော့ သူတို့ ပစ်လိုက် တဲ့ လေယာဉ်ပစ်ကျည် ထိမှန်ပြီး စက်ချွတ်ယွင်းသွားတာဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ ရှေ့တန်းက report အရတော့ အဲဒီမှာ ၂ နာရီခွဲကနေ ၃ နာရီအထိ လာပစ်ခတ်တယ်။ အောင်ဂျာ ကျေးရွာပတ်ဝန်းကျင်ပါ။ အဲဒီမှာ ကျနော်တို့ရဲ့ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး သင်တန်းကျောင်းတခုရှိတယ်။ အဲဒီနားတဝိုက်မှာ သူတို့ လာပစ်ခတ်တာပါ။ ကျနော်တို့ဘက် ကလည်း နဂိုရ်ထဲက နေရာယူထားတဲ့ လေယာဉ်ပစ် အဖွဲ့တွေ ရှိပါတယ်။ အဲဒီအဖွဲ့ကနေပြီးတော့ ကျည် ၂၇ တောင့် ပစ်လိုက်တယ်။ အဲဒီမှာ ကျည်အချို့က ရဟတ်ယာဉ်ကို သွားပြီးထိတယ်။ ရှေ့တန်း မှာ ရောက်နေတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ မျက်မြင်ကိုယ်တွေ့ရယ်၊ နောက် သူတို့ရဲ့ လုပ်ဆောင်မှုအပေါ်မှာ ကျနော်တို့ သတင်းပြန်သုံးသပ်ပြီးမှပဲ ကျနော်တို့ဘက်က အတည်ပြု ပါတယ်ခင်ဗျ။ အဲဒါ ရဟတ်ယာဉ် ၂ စင်းဟာ မွန်းလွဲပိုင်း ၃ နာရီလောက်မှာ အောင်ဂျာကျေးရွာ ပတ်ဝန်းကျင်မှာရှိတဲ့ ကျနော်တို့ရဲ့ KIA စခန်းကို လာပြီး ပစ်ခတ်တာမျိုး လုပ် တယ်။ အဲဒီလို လုပ်တဲ့အခါမှာ ကျနော်တို့ဘက်ကလည်း လေယာဉ်ပစ်လက်နက်တွေနဲ့ ပြန်ပြီးတော့ ခုခံပစ်ခတ်တဲ့အခါမှာ ရဟတ်ယာဉ်တစင်းဟာ ကျည်ထိမှန်ပြီးမှပဲ စက်ပျက်သွားတာပေါ့။ စက်ပျက်သွားပြီး သူတို့ရဲ့ လာရာလမ်းကြောင်းကို ပြန်သွားတယ်။ နောက် ပိုင်း အဲဒီရဟတ်ယာဉ်ဟာ ခါယာဘွမ်ဆိုတာ- တာလောကြီးတဝိုက်နားမှာပါ၊ အဲဒီမှာ ပျက်ကျသွားတယ်။ အဲဒါ ကျနော်တို့ရဲ့ရှေ့တန်း ရဲဘော်တွေရဲ့ ပြောဆိုချက်ပါ။ ဒါကြောင့်မို့ ကျနော်တို့ဘက်ကလည်း ကျနော်တို့ဘက်က ပစ်ခတ်တဲ့ကျည် ထိမှန်သွားတယ်ဆိုတဲ့ ကျနော်တို့ ဘက်က အတည်ပြုပါတယ်ခင်ဗျ။”

ကျည်ထိပြီး စက်ချွတ်ယွင်းသွားတဲ့ စစ်ရဟတ်ယာဉ်ဟာ နောက်ကြောင်းပြန်လှည့်သွားခဲ့ပြီး တိုက်ပွဲဖြစ်ရာ ဒေသနဲ့ ၁၀ မိုင်လောက် အကွာ တာလောကြီးနယ်တဝိုက်မှာ ပျက်ကျသွား ခဲ့တာ ဖြစ်တယ်လို့ ဦးလနန်က ပြောပါတယ်။
XS
SM
MD
LG