ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ကြား ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေတဲ့ကြားက ထိုးစစ်တွေ ထပ်တိုးလာတာဟာ စစ်ရေးအရှိန်တွေ လျော့သွားအောင် လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်တွေကို အကောင်အထည် မဖော်နိုင်တာကြောင့် ဖြစ်တယ်လို့ ကချင် KIO အဖွဲ့က ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ်တွင်းက ဆွေေးနွးမှုတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ နောက်ဆုံး အခြေအနေတွေကို မတ်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကချင် KIO အဖွဲ့က စာတစ်စောင်ထုတ်ပြန် အသိပေးလိုက်ပါတယ်။ ဒီအခြေအနေကို မသင်းသီရိက တင်ပြထားပါတယ်။
KIO ဘက်က အဓိက ပြောချင်တာကတော့ အစိုးရ ငြိမ်းချမ်ရေးအဖွဲ့တွေနဲ့ သူတို့ ကချင်အဖွဲ့တွေ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေကြတယ်၊ ဒါပေမဲ့ တဘက်ကလည်း ထိုးစစ်တွေ အရှိန်မြင့်လာနေတယ်၊ ဒါဟာ လက်ရှိ နှစ်ဘက် အဖွဲ့ကြားမှာ ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ် မထိုးနိုင်ကြသေးဘူး ဆိုပေမယ့် စစ်ရေးအရှိန်လျော့အောင် လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်ဟာ လက်တွေ့မှာ မအောင်မြင်ဘူး ဆိုတာ သိရအောင်လို့ လူထုကို အသိပေးစာတစ်စောင် ထုတ်ပြန်တာဖြစ်ပါတယ်လို့ KIA ရဲ့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
“မတ်လ ၈ နဲ့ ၁၀ ကြား ဆွေးနွေးရေးကာလတွင်းမှာပဲ တပ်ရင်း (၅) ဘက်ကို ထိုးစစ်တွေ လုပ်လာတယ်။ နောက်မကြာခင်မှာပဲ တပ်မဟာ (၃) နဲ့ ဗဟိုဌာနချုပ်ဘက်မှာလည်း အင်အားတွေ တိုးပြီးတော့ ထိုးစစ်တွေ လုပ်လာတယ်။ ဒီ မတ်လ တိုက်ပွဲပေါင်း အားလုံး ၇၈ ကြိမ် ရှိသွားပါပြီ၊ ကျနော်တို့ ဒီကနေ့အထိဆိုရင် အားလုံး ၇၈ ကြိမ် ရှိသွားပြီ။ အဲဒီတော့ ကျနော်တို့ ဆွေးနွေးပွဲ နှစ်ခုစလုံးမှာ စစ်ရေးအရှိန်များကို လျော့သွားအောင် လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်က အကောင်အထည် မဖော်နိုင်တဲ့အပြင် စစ်ရေးအရှိန်က တိုးမြင့်လာတယ်။ ဒုတိယအချက်ကတော့ ကျနော်တို့ဘက်ကနေပြီးတော့ အပစ်အခတ် ရပ်စဲရေး မလုပ်ချင်ဘူးလို့ အဲဒီလို သဘောပေါက် နားလည်ကြတယ်။ တကယ်တော့ ကျနော်တို့က ဒီ သဘောတူညီချက်ပုံစံကို ယေဘုယျအားဖြင့် ၁၈ ရက်နေ့မှာ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းတို့ကို ကျနော်တို့က အဆိုပြုပြီး တင်သွင်းထားပြီးသား ဖြစ်တယ်။ အဲဒီတော့ လက်မှတ်မထိုးနိုင်တာကတော့ အကြောင်း အမျိုးမျိုးကြောင့်ပေါ့။ သို့သော်လည်းပဲ KIO က စာချုပ်ပုံစံနဲ့တကွ လက်မှတ်ရေးထိုးဖို့၊ ခိုင်ခိုင်မာမာ လုပ်ဖို့ ကျနော်တို့ဘက်က အဆိုပြုလွှာ တင်သွင်းထားပြီးသား ဖြစ်တယ် ဆိုတာကို လူထုကို အသိပေးချင်တာပါ။”
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ၃ ရက်ကြာ ကချင်အဖွဲ့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရွှေလီမြို့မှာ ပြုလုပ်ခဲ့ပေမဲ့ ဒီနောက်ဆုံးအကြိမ်မှာလည်း နှစ်ဘက် အပစ်ရပ် သဘောတူညီချက် လက်မှတ် ထိုးနိုင်ခဲ့တာ မရှိသေးပါဘူး။ အဓိက ကတော့ ကချင်ပြည်နယ်တွင်း တပ်စခန်းချထားရေး ကိစ္စတွေနဲ့အတူ အပစ်ရပ် သဘောတူလက်မှတ်ကို နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့ စောင့်ကြပ်မှုအောက်မှာ ကချင်အဖွဲ့က ရေးထိုးချင်တယ် ဆိုတဲ့အချက်တွေကို ညှိနှိုင်းမရတာကြောင့် ဖြစ်ပါတယ်။
“ပြဿနာဖြစ်နိုင်တဲ့ ဒေသမှာရှိတဲ့ နှစ်ဘက်စလုံး တပ်စခန်းတွေကိစ္စကို အရင်ဆုံး ဖြေရှင်းရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တွေက နီးနီးကပ်ကပ် ရှိတယ်။ တချို့တွေကတော့ အနောက်ဘက်မှာရော၊ အရှေ့ဘက်မှာရော အဲဒီလို ရောပြီးနေတဲ့အခါကျတော့ ဒီစခန်းတွေကိစ္စကို ဖြေရှင်းပြီးမှာသာလျင် သဘောတူညီမှုကို လုပ်လို့ရှိရင် တိုက်ပွဲတွေက ရပ်ဆိုင်းသွားမှာဖြစ်တယ်။ လက်မှတ်ထိုးရုံနဲ့ ဒီကိစ္စက ပြီးဆုံးသွားမှာမဟုတ်ဘူးလို့ ကျနော်တို့က အဲဒီလို တင်ပြထားတာဖြစ်ပါတယ်။ အရင်လို အပစ်ရပ် သဘောတူညီချက် လုပ်ထားပြီးတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်ဆိုရင် အဓိပ္ပါယ်မရှိတဲ့ သဘောတူညီချက် ဖြစ်သွားမှာပဲ။ အဲဒီတော့ အခု ကျနော်တို့က ခိုင်ခိုင်မာမာ ဖြစ်ချင်တယ်။ တဘက်နဲ့တဘက် သတိထားပြီးနေတဲ့ အချိန်မျိုးမှာ သဘောတူညီမှု ဘယ်လောက်ပဲလုပ်လုပ် ရှေ့တန်းမှာတော့ ဒါ ထိန်းလို့ရမှာမဟုတ်ဘူး။ အဲဒါတွေကို အရင် ဖြေရှင်းဖို့လိုတယ်လို့ ကျနော်တို့က တင်ပြထားတာပါ။”
အခုလို KIO ဘက်က သူတို့ဖြစ်နေတဲ့ နောက်ဆုံးအခြေအနေတွေ ထုတ်ပြန်တဲ့စာကို အစိုးရအဖွဲ့တွေဆီလည်း ပို့ထားတယ်လို့ ပြောပါတယ်။
“ကျနော်တို့ဘက်က ဒီထုတ်ပြန်ချက်ကို ဦးအောင်းသောင်းတို့ အဖွဲ့ဆီလည်း ပို့ပါတယ်။ နောက်ပြီးတော့ ကြားမှာ စေ့စပ်ရေးလုပ်ပေးတဲ့ အဖွဲ့ကိုလည်း ကျနော်တို့ ပို့ထားပြီးသားပါ။ အဲဒီတော့ ပြည်သူလူထု ကြားထဲမှာလည်း ဒီစာတွေ ကျနော်တို့က အခု ဖြန့်နေပါတယ်။ ပြီးတော့ လိုအပ်လို့ရှိရင် ကျနော်တို့က ရှင်းလင်းပွဲတွေ လုပ်ဖို့ ရှိပါတယ်။ ဘယ်တော့ ထပ်တွေ့ဖို့ဆိုတာ ကျနော်တို့က ရက်အတိအကျ ချိန်းထားတာ မရှိဘူး။ အဲဒီတော့ တဘက်နဲ့ ပြန်ပြီး ညှိနှိုင်းရအောင်ဆိုတဲ့ သဘောနဲ့ပဲ ပြန်ပြီး အစည်းအဝေးကို နိဂုံးချုပ်ထားတယ် ဆိုတော့ အစိုးရဘက်ကနေပဲ ဘယ်နေ့မှာ တွေ့မလဲဆိုတာ ကျနော်တို့ စောင့်နေတာပါ။”
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးအရ ဆိုပြီး မိုးကောင်း၊ ဗန်းမော်၊ ဖားကန့် နေရာသုံးခုမှာ ရွေးကောက်ပွဲကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းထားပါတယ်။ ဒီအပေါ် KIO အဖွဲ့ရဲ့ အမြင်ကတော့ -
“ကျနော်တို့ကတော့ ဒီ လုံခြုံရေး ဆိုတဲ့ခေါင်းစဉ်ကို သေချာရှင်းရှင်းလင်းလင်း နားမလည်ဘူး။ ဒီဒေသမှာကတော့ တိုက်ပွဲကြောင့်ဆိုတာ သိပ်ပြီးတော့ ဟပ်စပ်မှု မရှိဘူးလို့ ကျနော်တို့ ဒီလိုပဲ မြင်တယ်။ နောက် ကျနော်တို့ KIO ကတော့ လွန်ခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ အားလုံးကို အသိပေးပြီးသား ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကတော့ ကျနော်တို့ဘက်က ဘာမှအနှောက်အယှက်ပေးမှာ မဟုတ်ဘူး။ လူထုကလည်း ကိုယ့်ဆန္ဒနဲ့ကိုယ် ပါဝင်ကြဖို့ဆိုပြီးတော့၊ အခု ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ဒီသဘောထားကတော့ KIO မှာ ရှိနေဆဲဖြစ်ပါတယ်။”
KIA ရဲ့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်ကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေ ဖြစ်နေတာ အခုဆိုရင် ၁၀ လ ရှိနေပြီဖြစ်ပြီး ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေအတွက် နှစ်ဘက်အဖွဲ့တွေဟာ ယုံကြည်မှုတွေ ပိုတည်ဆောက်ပြီး ငြိမ်းချမ်းရေး လက်မှတ်တွေ အမြန်ထိုးကြဖို့အတွက် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကလည်း တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။