လက်နက်ကိုင်ပဋိပက္ခတွေကနေ ထွက်ပြေးနေရတဲ့ ဒုက္ခသဘ်တွေကို ကုလသမဂ္ဂက ဝင်ရောက်ကူညီဖို့ ကြိုးစားနေချိန်မှာပဲ ကချင်ဒုက္ခသည် အရေအတွက်ဟာ တနေ့တခြား ပိုတိုးလာနေပြီး လိုအပ်ချက်တွေလည်း ပိုများလာနေပါတယ်။ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မအောင်မြင်သေးတာနဲ့အမျှ ဒုက္ခသည်ပြဿနာဟာလည်း ပိုပြီးတော့ ကြီးထွားလာနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
ကချင်ပြည်နယ်ထဲက ဗန်းမော်ခရိုင်တွင်းမှာ ဒီရက်ပိုင်း ပိုပြီးပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ဒုက္ခသည်တွေဟာ တရုတ်-မြန်မာ နယ်စပ်ဘက်တွေမှာ ပိုပြီးတိုးလာနေတယ်လို့ ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ကချင်ပြည်နယ်တွင်းမှာ ခုချိန်ထိ ပြေလည်မှု မရသေးတာကြောင့်ရော၊ တိုက်ပွဲတွေဟာ ၇ လနီးပါး ကြာနေပြီမို့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေဟာ တစထက်တစ ပိုများလာနေတယ်လို့ ကချင်လူမှုရေးအဖွဲ့က မမိုင်းဂျာက ပြောပါတယ်။
“မိုင်ဂျာယန်ဘက်မှာကတော့ ထွက်ပြေးလာတာကတော့ လွင်ကျယ်နဲ့ မိုးမောက်မြို့နယ်ဘက်က ရွာသားတွေ၊ ပြီးရင် လိုင်ဇာနဲ့ မိုင်ဂျာယန်ကြားမှာရှိတဲ့ ဂေါင်လီချိုင့်ဝှမ်းလို့ခေါ်တဲ့ အဲဒီဒေသဘက်က အခုတိုက်ပွဲ ဖြစ်နေတယ်။ အဲဒီဘက်က ဒုက္ခသည်တွေပေါ့၊ ရွာသွားတွေ။ နောက်ပြီးတော့ ရွှေလီမြို့နဲ့ နည်းနည်း မျက်နှာချင်းဆိုင်လိုဖြစ်တဲ့နေရာ နွန်တောင်း လို့ခေါ်တယ်။ တရုတ်ပြည်ဘက်ခြမ်းကပေါ့နော်။ အဲဒီဘက်ကိုလည်း နေ့တိုင်းလိုပဲ ထွက်ပြေးလာတာတွေ ရှိတာက ဗန်းမော်-နမ့်ခမ်း ကားလမ်းကြား ဘယ်ညာမှာရှိတဲ့ ရွာတွေထဲက ရွာသားတွေ။”
မြန်မာအစိုးရတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ် KIO တို့ကြားမှာဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်ဒေသကို ထွက်ပြေးတိန်းရှောင် နေရတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ ပြောပါတယ်။ အလားတူ မြန်မာနိုင်ငံထဲက လူမှုရေးအဖွဲ့တွေကလည်း ကချင်ဒုက္ခသည်တွေကို ကူညီပေးနေတာ ရှိပေမဲ့ အစိုးရဘက်က ကူညီသူတွေအတွက် နယ်မြေသတ်မှတ်ချက် ရှိတာကြောင့် ဘယ်အဖွဲ့အစည်းရဲ့ အကူအညီမျိုးမှ သူတို့ဘက်မှာ မရသေးဘူးလို့လည်း ပြောပါတယ်။
“အခုထက်ထိတော့ မရှိသေးဘူး။ ပေးမယ်ဆိုတာမျိုးတော့ ကြားထားတယ်။ ဒါပေမဲ့ အခုထက်ထိတော့ မရောက်သေးဘူး။ အစိုးရဘက်က ခွင့်ပြုမပြုပေါ့နော် အဲဒီဟာပဲ အဓိကဖြစ်မယ်ထင်တယ်။ ကျမတို့ဆီမှာလည်း အခု လောလောဆယ် တကယ်ပဲ အစားအသောက် အခက်အခဲ၊ နေရာထိုင်ခင်း အခက်အခဲ ပြဿနာတွေ၊ ဆောင်းတွင်းလည်း ဖြစ်တဲ့အတွက်ကြောင့်မိုလို့ စောင်ကအစ အဲဒီဟာတွေ အများကြီး အခက်အခဲဖြစ်နေတယ်။”
အခုလို ဒုက္ခသည်တွေ ပိုတိုးလာတဲ့ အကြောင်းရင်းကတော့ ဒီရက်ပိုင်းတွေမှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနေတာကြောင့် ဖြစ်တယ်လို့ KIA အဖွဲ့က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
“အဓိကကတော့ တပ်မဟာ (၃) တပ်ရင်း (၁၂)၊ တပ်ရင်း (၂၇)၊ တပ်ရင်း (၁၅) နဲ့ တပ်မဟာ (၅)တွေက တပ်ရင်း (၃) ဌာနချုပ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်ပါတယ်။ အဲဒီတော့ ဒီ နှစ်ရက်သုံးရက်ကြားထဲမှာပဲ အစိုးရစစ်တပ်တွေက အင်အားတိုးလာတယ်။ ကလေးမှာရှိတဲ့ စကခ (၁၀) တပ်က တက်လာတယ်။ တပ်မဟာ (၉၉) ကလည်း နည်းနည်း လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်။ တပ်တွေ ဖြည့်လာရင်တော့ တိုက်ပွဲတွေက ပိုပြီးများလာမှာပဲ။ အဲဒီတော့ သူတို့က ဘာရည်ရွယ်ချက်နဲ့ တပ်မတွေ စကခ တွေကို ထပ်ပြီးတော့ ဘာလို့ပို့နေလဲတော့ ကျနော်တို့လည်း မသိဘူး။ ဒါပေမဲ့ တပ်တွေတိုးလာရင်တော့ တိုက်ပွဲတွေက ပိုများလာဖို့ရှိပါတယ်။”
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းဖို့ လက်မခံတဲ့ ကချင်အပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့နဲ့ အစိုးရက ငြိမ်းချမ်းရေး အဆိုပြုချက်သစ်တရပ်ကို ကမ်းလှမ်းခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့လပိုင်းမှာကိုပဲ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIO နဲ့ မြန်မာအစိုးရ အဆင့်မြင့် ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီဘက်မှာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးတာရှိပေမဲ့ ညှိနှိုင်းချက်တွေ မအောင်မြင်ခဲ့ပါဘူး။ ဒါဟာ မြန်မာအစိုးရဘက်က အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က သုံးသပ်ပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ တနိုင်ငံလုံးသိအောင် ပွင့်လင်းမြင်သာတဲ့ တရားဝင်လမ်းကြောင်းကနေ ဆက်သွယ်တာမျိုး သိပ်မရှိပါဘူး။ အဲဒီတော့ ကျနော်တို့က တရားဝင်ဖြစ်တဲ့လမ်းကြောင်းတွေ ဖြစ်စေချင်တယ်။ အဲဒီတော့ ဘယ်လိုဆွေးနွေးကြသလဲ ဆိုတာတွေလည်း ပြည်သူလူထုတွေကို သေချာပြောဖို့ လိုအပ်တယ်လို့ ထင်တယ်။ ကျနော်တို့ကတော့ ပွင့်လင်းမြင်သာမှုကို လိုချင်ပါတယ်။ နောက်ဆုံး ကျနော်တို့ ဦးအောင်မင်းတို့နဲ့ တွေ့တဲ့အချိန်မှာတောင်မှာ ဦးအောင်မင်းက ကျနော်တို့ကို တရားဝင် နိုင်ငံတော်ကနေ သူတို့ နှုတ်နဲ့လာတယ်၊ ဒါ ကျနော်တို့ အသိအမှတ်ပြုတယ်။ ဒါပေမဲ့ ဦးအောင်မင်းက သူ့ရဲ့မှတ်စုစာရွက်ထဲမှာ ရေးထားတဲ့စာရွက်တစ်ရွက်ကို ဆုပ်ဖြဲပြီးတော့ ပေးထားခဲ့တဲ့အဆင့်ပဲ ဖြစ်နေတယ်လေ။ အဲဒီတော့ ကျနော်တို့က ဒါကို တရားဝင်ဖြစ်တယ်လို့ ပြောရမှာ တော်တော်ကို ခက်ပါတယ်။”
ကချင် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် အခွင့်အလမ်းတွေ ပွင့်နေတာကြောင့် ငြိမ်းချမ်းပြီး လူ့အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကိုရောက်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြဖို့အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြောခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာ တိုက်တွန်းထားပါတယ်။