သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် လက်နက်ကြီးကြောင့် လိုင်ဇာမှာ အရပ်သားတွေသေဆုံး


လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်း ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်။ (ဇန်နဝါရီလ ၄၊ ၂၀၁၃)
လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်း ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်။ (ဇန်နဝါရီလ ၄၊ ၂၀၁၃)
ဒီကနေ့ မနက်အစောပိုင်းက ကချင်လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့က လူနေရပ်ကွက်အတွင်းမှာ အစိုးရစစ်တပ်က ပစ်ခတ်တဲ့ အမြောက်ကျည်၂လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၃ယောက် ပွဲချင်းပြီး သေဆုံးပြီး ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ တနှစ်ခွဲကျော် ကြာမြင့်လာတဲ့နှစ်ဖက် တိုက်ခိုက်မှုကြောင့် လိုင်ဇာမြို့မှာ ပထမဆုံးအကြိမ် အရပ်သားတွေ သေဆုံးတာလည်း ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနေသလို မြစ်ကြီးနား- မန္တလေး ရထားတွေကို ရက်ခြားဆိုသလို ဗုံးခွဲခံရတာတွေလည်း ရှိနေပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံး အခြေအနေတွေကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က ရန်ကုန်ရုံးကနေ သတင်းပေးပို့ထားပါတယ်။

မကြာခင်ရက်တွေက ပြည်သူ့လွှတ်တော်က ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ အရှိန်လျှော့ချဖို့ တိုက်တွန်းခဲ့ပေမဲ့ အစိုးရစစ်တပ်နဲ့ (KIA) အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကတော့ ပိုမို ပြင်းထန်လာနေ ဆဲဖြစ်ပါတယ်။ ဒီကနေ့ မနက်ကတော့ အစိုးရစစ်တပ်က လိုင်ဇာမြို့ကို အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအချို့ သေဆုံးခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

“ ဒီနေ့ မနက် ၈နာရီပတ်ဝန်းကျင်မှာ ဒီလိုင်ဇာမြို့ရဲ့ လူနေစိတ်တဲ့ ရပ်ကွက်ဖက်မှာ သွားကျတယ်။ အဲဒီမှာ ၂လုံး ကျတယ်။ ရှေ့ဆင့်နောက်ဆင့်ပေါ့ဗျာ။ ပထမအလုံးကျတဲ့အချိန်မှာ ၃ယောက်သေတယ်။ ၅ယောက်လောက် ဒဏ်ရာရတယ်။ ဒုတိယအလုံးကတော့ သိပ်ပြီးတော့ ထိခိုက်ဒဏ်ရာရမှုမရှိဘူးဗျ။ ”

အစိုးရစစ်တပ်ဖက်က လိုင်ဇာမြို့ကို အခုလို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကတော့ ပြီးခဲ့နှစ် နိုဝင်လာလကုန်ပိုင်းလောက်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်တွေကတော့ KIA တပ်စခန်း တည်ရှိရာနေရာတွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။
အခုလို လူနေရပ်ကွက်အတွင်းမှာ လက်နက်ကြီးကျည်တွေကျရောက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးတာ ကြောင့် လိုင်ဇာရောက် စစ်ပြေးဒုက္ခသည်တွေဟာ တရုတ်ပြည်ဖက်ကို တိမ်းရှောင်ဖို့ ပြင်ဆင်နေတယ်လို့ ဒုက္ခသည်တဦးက ပြောပါတယ်။

“ဟိုဖက်ကမ်းကို တရုတ်ဘက်ကမ်း။ သူတို့ ပြောင်းမယ်ဆိုတာက ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းတာလေ။ ညှိပြီးသားတွေ ဘာတွေ မဟုတ်ဘူး။ ဟိုဖက်ကမ်းကူးတဲ့စာအုပ်အနီနဲ့ပဲ။ တချို့လည်း ယာယီ အခန်းငှားပြီးမှာ ကိုယ့်အိတ်ထဲကနေ ကိုယ်ထုတ်ပြီးတော့ နေကြတယ်။ တချို့လည်း အိမ်ပြန်တဲ့လူပြန်တယ်။ လူတွေအားလုံးလည်း ထိတ်ထိတ်လန့်လန့်နဲ့တော့ နေနေတာပဲ။ ”

လိုင်ဇာမြို့ နဲ့ အနီးပတ်ဝန်းကျင်ဒေသအတွင်းမှာတော့ အနည်းဆုံး စစ်ပြေးဒုက္ခသည် ၆သောင်းလောက် ခိုလှုံနေထိုင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလကစတင်ပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာတာကြောင့် ဒုကသည်အရေအတွက်ဟာလည်း ပိုမိုတိုးများလာနေပါတယ်။
ကချင်ပြည်နယ် မန်စီဒေသဖက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIOရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ဆက်ပြောပါတယ်။

“ တပ်မဟာ၃ ဂျန်မိုင်စခန်းမှာပေါ့နော်။ ဒီနေ့ဆို ၄ရက်ရှိနေပြီ။ မနေ့ကလည်း ခြေလျင်တပ်နဲ့ အလုံးအရင်းနဲ့ သူတို့ ၆ကြိမ်လောက် လာပြီး တက်လိုက်ဆင်းလိုက်နဲ့ အဲဒါ မနေ့က ၆ကြိမ်လောက်ဖြစ်တယ်။ အဲဒီမှာ သူတို့ ထိခိုက်မှုများလာတဲ့အခါမှာ လေကြောင်းကနေပြီးတော့ မနေ့က နေ့လည် ၁၂နာရီ ပတ်ဝန်းကျင်မှာ ဂျက်၂စင်းလာပစ်တယ်။ တောမီးလောင်အောင် မီးလောင်ဗုံးတွေ ချတယ်။ ဂျန်မိုင်ပို့စ်ဆိုရင် မိုင်အားဖြင့် ၂၀- ၃၀လောက်ရှိတယ်။ ပေါက်ကွဲသံတွေ ဒီကတောင်ကြားရတယ်။ ညနေ၄နာရီမှာလည်း စစ်ရဟတ်ယာဉ်၂စင်း လာပြီး ဒုံးကျည်နဲ့ ပစ်ခတ်တာမျိုးတွေ ရှိတယ်။”

အစိုးရစစ်တပ်ဖက်က KIA တပ်မဟာ ၃၊ မန်စီဒေသအတွင်း စစ်လေယာဉ်တွေအသုံးပြုပြီး တိုက်ခိုက်တာ ကိုတော့ သီးခြားအတည်ပြုချက် မရသေးပါဘူး။

ဒီနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာတော့ ဒီလ ၁၃ရက်နေ့မနက်က အမှတ်၃၄ မြစ်ကြီးနား မန္တလေး အစုန်ရထားကို နန်းစီးအောင်နဲ့မော်လူးဘူတာအကြားမှာ KIAထောင်ထားတဲ့ မိုင်းပေါက်ကွဲခဲ့တာကြောင့် ရထားခေါင်းတွဲ တိမ်းမှောက်ခဲ့သလို လူစီးတွဲတချို့ တိမ်းစောင်းခဲ့ကြောင်း ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၉ရက်နေ့ကလည်း မြစ်ကြီးနား နဘား အဆန်လော်ကယ်ရထား မိုင်းဗုံးထိပြီး ကုန်တွဲ ၅တွဲ လမ်းချော်ပြီး တွဲစောင့်တဦးသေဆုံးခဲ့ပါတယ်။

KIO ဖက်ကတော့ ဒီနှစ်နှစ်ဆန်းက စတင်ပြီး မီးရထားတွေကိုတိုက်ခိုက်တာမျိုးနဲ့ လမ်းတံတားတွေ ဖောက်ခွဲတာမျိုးမလုပ်ဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ၂၀၁၃ခုနှစ် နှစ်သစ်ကူးပြီး ၂ပတ်တာကာလအတွင်းမှာတော့ ကချင်ပြည်နယ်အတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း ၁၀၀ကျော်ဖြစ် ခဲ့တယ်လို့လည်း KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် စစ်ရေး အရှိန်လျှော့ချဖို့အတွက် ပြည်သူ့လွှတ်တော်က ဒီလ ၁၀ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီးတိုက်တွန်းထားပါတယ်။ KIOဖက်ကတော့ စစ်ရေး တင်းမာမှုတွေဖြစ်နေ ချိန်မှာ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောဆိုဖို့ မရှိကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ ဒီနှစ်နှစ်ဆန်းပိုင်းအတွင်းတိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် အခုအခါမှာ ဒုကသည်ပေါင်း ၁သိန်းခွဲကျော်လောက်အထိ ရောက်လာနေပြီလို့ ဒုကသည် အရေးဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။
XS
SM
MD
LG