သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ငြိမ်းချမ်းရေး ပြည်သူ့လွှတ်တော် တောင်းဆို


ကချင်တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်က သိမ်းလိုက်တဲ့ မြန်မာစစ်တပ်ဘက် စစ်လက်နက်ပစ္စည်းများကို တွေ့ရစဉ်။ (ဇန်နဝါရီ ၇၊ ၂၀၁၃)
ကချင်တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်က သိမ်းလိုက်တဲ့ မြန်မာစစ်တပ်ဘက် စစ်လက်နက်ပစ္စည်းများကို တွေ့ရစဉ်။ (ဇန်နဝါရီ ၇၊ ၂၀၁၃)
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေချက်ချင်းရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့အတွက် ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အရေးကြီးအဆိုတခုတင်သွင်းခဲ့ပြီ ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်။ ဘာကြောင့် ဒီလို အရေးကြီး အဆိုတင်သွင်းခဲ့ရသလဲဆိုတာနဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေရပ်ဆိုင်းဖို့ တွေ့ဆုံဆွေးနွေးရေးအလားအလာတွေ ဘယ်လိုရှိသလဲဆိုတာကို ဗီအိုအေမြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဒီအရေးကြီးအဆိုကို တင်သွင်းခဲ့တာကတော့ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်က ကိုယ်စားလှယ် ဒေါ်ဒွဲဘူဖြစ်ပါတယ်။
ဒီအဆိုကို လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြတဲ့ အခြေအနေကိုတော့ ဒေါ်ဒွဲဘူက အခုလို ရှင်းပြပါတယ်။

“ ကျမက ဒီတိုက်ပွဲတွေကို ချက်ချင်း ရပ်ဆိုင်းပေးဖို့အတွက် ဒီလွှတ်တော်ကနေပြီးတော့မှ အတည်ပြု ဆောင်ရွက်ဖို့ပေါ့။ ကျမတို့ ကချင်မှာက တိုက်ပွဲတွေက အရင်ကတော့ ဖြစ်တယ်။ ပြင်းထန်လိုက် နည်းနည်း လျော့သွားလိုက်ပေါ့နော်။ အခုကတော့ မြေပြင်ကရော၊ ဝေဟင်ကရော အကြီးအကျယ် ပြင်းထန်နေတဲ့အခါကျတော့ ဒီကိစ္စက မတင်လို့ကို မရတော့ပါဘူး။ အဲဒါကြောင့်မို့ တင်တာပါ။ အဲတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ဥကဌအနေနဲ့လည်း ဒီကိစ္စက အရေးကြီးကိစ္စရပ်ဖြစ်တဲ့အတွက် တခြားသီးသန့်လည်း ဆွေးနွေးစရာမလိုတော့ဘူး။ အဲဒါကြောင့် လက်ခံတယ်။ လက်ခံပြီးမှ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒကို မေးမြန်းပါတယ်။ မေးမြန်းတဲ့အခါမှာ အားလုံးသဘောတူတဲ့အတွက် လွှတ်တော်က အတည်ပြုခြင်းဖြစ်ပါတယ်။”

လက်ရှိထိုးစစ်ဆင်နေမှုတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေတာကြောင့်နဲ့ သူတင်ပြတဲ့အဆိုဟာ တိုင်းရင်းသားပြည်သူတရပ်လုံးက လိုလားနေတဲ့အတွက်ကြောင့် တင်ပြတာဖြစ်တယ်လို့လည်း ဒေါ်ဒွဲဘူက ပြောပါတယ်။

တချိန်တည်းမှာပဲ ပြည်သူ့လွှတ်တော်က ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုအရှိန်လျှော့ချပြီး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ KIO/KIA ကို တိုက်တွန်းကြောင်း ဒီကနေ့မှာ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ တိုက်တွန်းချက်မှာ နှစ်ဖက်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေအနေနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ အခက်အခဲရှိမယ်ဆိုရင် Electronic online ကနေ တဆင့် ဆွေးနွေးပြီး ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းသတင်းထုတ်ပြန်ဖို့နဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒတွေကိုလည်း အလေးအနက်ထားဖို့ ဖော်ပြပါတယ်။

ဒီတိုက်တွန်းချက်နဲ့ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ ဒုဥကဌ သမတရုံးဝန်ကြီး ဦးအောင်မင်းရဲ့ သဘောထားကိုတော့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက အခုလို ပြောပြပါတယ်။

“ ဝန်ကြီးဦးအောင်မင်းနဲ့ မြန်မာ peace centre က သူ့ရဲ့ secretariat တွေနဲ့ တွေ့တဲ့ ပွဲမှာ ဦးအောင်မင်း ရှင်းပြတာပေါ့။ ရှင်းပြတာက သူက အွန်လိုင်းက ဆွေးနွေးတာအပါအဝင် ဘယ်နည်းလမ်းမဆို တွေ့ဆုံဆွေးနွေးဖို့ကို သူ့အနေနဲ့ ကြိုးစားပါ့မယ်လို့ ကျနော်တို့ အားလုံးကို သူရှင်းပြထားတယ်။ ဒီတော့ အွန်လိုင်းက တွေ့ဆုံဆွေးနွေးတာလည်း နည်းလမ်းတခု သူ့အနေနဲ့ ကြိုးစားသွားမယ်ပေါ့။”

ဒါအပြင် ဝန်ကြီးဦးအောင်မင်းက ဒီရက်ပိုင်းတွေအတွင်းမှာ KIO နဲ့ နိုင်ငံရေးအရ တွေ့ဆုံဖို့ကိုလည်း ထပ်မံကမ်းလှမ်းသွားမှာ ဖြစ်တယ်လို့လည်း ဦးလှမောင်ရွှေက ဆက်ပြောပါတယ်။

“ နောက်တခုက ဒီဇင်ဘာလ ၁၃ရက်နေ့က သူ့အနေနဲ့ KIOအဖွဲ့အစည်းကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့စာကို သူ့အနေနဲ့ ပို့ထားခဲ့တယ်။ အဲဒီစာထဲမှာတော့ ဇန်နဝါရီလဆန်းမှာ political dialogue တွေ့ဆုံဆွေးနွေးဖို့ သူ့အနေနဲ့ ပို့ထားတော့။ ဒါပေမဲ့ တဖက်အဖွဲ့အစည်းက အကြောင်းကြောင်းကြောင့် ပြန်ကြားနိုင်တာ မတွေ့ရသေးဘူး။ သူ့အနေနဲ့ ပြန်ကြားမှုကို စောင့်နေတယ်လို့ ရှင်းပြတယ်။ တကယ်လို့မှ လာမယ့်ရက်ပိုင်းမှာ အကြောင်းကြောင်းကြောင့် မပြန်ကြားနိုင်ရင်လည်း သူ့အနေနဲ့ ဆွေးနွေးပွဲ ထပ်လုပ်ဖို့ ဖိတ်စာ ထပ်ပို့မယ်လို့လည်း သူ့အနေနဲ့ ရှင်းပြတယ်။ ဆိုလိုတာကတော့ အွန်လိုင်းအပါအဝင် နည်းလမ်းမျိုးစုံနဲ့ တွေ့ဆုံဖို့ ထပ်ကြိုးစားမယ်ပေါ့။”

ဝန်ကြီးဦးအောင်မင်းခေါင်းဆောင်နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ KIO ကိုယ်စားလှယ်အဖွဲ့နဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းကတရုတ်နိုင်ငံ ရွှေလီမြို့မှာ နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဒီလိုတွေ့ဆုံပြီးနောက် ဒီဇင်ဘာလ အတွင်းမှာတော့ အစိုးရစစ်တပ်နဲ့ KIO အဖွဲ့အကြားမှာ တိုက်ပွဲတွေ အပြင်းအထန်ပြန်ဖြစ်ခဲ့ပြီး အစိုးရစစ်တပ်ဖက်က အမြောက်ကြီးတွေအပါအဝင် ဂျက်တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ KIOဖက်က သတင်းထုတ်ပြန်ခဲ့သလို အစိုးရဖက်ကလည်း KIO အဖွဲ့က မိုင်းထောင်တာ၊ မီးရထားနဲ့ လမ်းတံတားတွေ ဖောက်ခွဲတာ၊ တပ်သားသစ် ဖမ်းဆီးစုဆောင်းတာ၊ ဆက်ကြေးကောက်တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ထုတ်ပြန်ခဲ့ပါတယ်။

KIOအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်ကတော့ စစ်ရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ တွေ့ဆုံဆွေးနွေးရေးကို ထည့်သွင်း စဉ်းစားနိုင်မှာ မဟုတ်ကြောင်း ဗီအိုအေကို လွန်ခဲ့တဲ့ ၃ရက်က အခုလို ပြောဆိုထားပါတယ်။

“ အခုချိန်မှာတော့ ဘာမှ ပြောစရာမရှိသေးဘူးခင်ဗျ။ အခုကိစ္စနဲ့ ပတ်သက်ပြီးတော့။ အခုတိုက်ပွဲတွေ အတော်လေး ပြင်းပြင်းထန်ထန်ဆိုးဆိုးဝါးဝါးဖြစ်နေတယ်။ ဒီအချိန်မှာ အဲဒီကိစ္စအတွက် အချိန်ပေးပြီးမှ ကျနော်တို့ ပြောဆိုဖို့တော့ အချိန်တော့ မကျသေးဘူး။”

KIOအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဒီကနေ့ မှာ တယ်လီဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ KIO/KIA နဲ့ အစိုးရစစ်တပ်အကြား၁၉၉၄ခုနှစ်က စပြီး ၁၇နှစ်ကြာအပစ်အခတ်ရပ်စဲခဲ့ရာက တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာဟာ ၁နှစ်ခွဲကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီစစ်ပွဲတွေကြောင့် ကချင်ပြည်နယ်က ဒေသခံ တသိန်းခွဲလောက်ဟာ တရုတ်မြန်မာနယ်စပ်ဒေသနဲ့ ကချင်ပြည်နယ် မြို့ကြီးတွေက ဒုကသည်စခန်းတွေမှာ ခိုလှုံနေရပါတယ်။
ဒီဇင်ဘာလကနေ စတင်ပြီး ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေပိုမို ပြင်းထန်လာတာကြောင့် တရုတ်နဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာကပါ နှစ်ဖက်အပစ်အခတ်ရပ်စဲဖို့အတွက် ဝိုင်းဝန်းတိုက်တွန်းနေကြ ပါတယ်။
XS
SM
MD
LG