သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဆင်ရေးရပ်ဖို့ သမ္မတအမိန့်ထုတ်ပေမဲ့ ကချင်မှာ တိုက်ပွဲဖြစ်နေဆဲ


ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။
ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။
မြန်မာအစိုးရဘက်က အပစ်အခတ်ရပ်စဲရေးကို တဘက်သတ် ကြေညာခဲ့ပေမယ့် လည်း မြန်မာအစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့ကြားတိုက်ပွဲတွေဟာ မကြာခဏဆိုသလို ဆက်ပြီးတော့ ဖြစ်နေပါတယ်။ အဲဒီလို KIA ထိန်းချုပ်ထားတဲ့နေရာတွေ ကို ထိုးစစ်တွေ မဆင်တော့ဘူးလို့ကြေညာပြီးတဲ့နောက် မြန်မာ အစိုးရတပ်တွေ ဘက်က ခေတ္တအပစ်အခတ်ရပ်စဲခဲ့တဲ့ပုံတွေ့ရတယ်လို့ မျက်မြင်သက်သေတဦးက ဗွီအိုအေကို ပြောပါတယ်။ နှစ်ဘက်တပ်တပ်တွေ တဘက်နဲ့တဘက် အနီးကပ်ရှိနေတာက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်ဖို့အတွက် ရှုပ်ထွေးစေတဲ့ အနေအထားတခုဖြစ်တယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ ဗီအိုအေသတင်းထောက် Daniel Schearf က သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာအစိုးရက သောကြာနေ့ နှောင်းပိုင်းမှာ အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာခဲ့တယ် ဆိုပေမယ့်လည်း မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း တနင်္လာနေ့မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်ပြီးတော့ဖြစ်နေပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ လဂျားယန် ဒေသမှာ စနေနေ့ မနက်ကစပြီး အပစ်အခတ်ရပ်စဲမှာဖြစ်တယ် လို့ မြန်မာ သမ္မတဦးသိန်းစိန်က အစိုးရပိုင် ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ လို ကြေညာပြီးတဲ့နောက် မြန်မာအစိုးရတပ်တွေဘက်က လက်နက်ကြီးတွေ စက်သေနတ်တွေကို အသုံးပြုပြီးတော့ သူတိုရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။

Ryan Roco ဟာ ပြီးခဲ့တဲ့ ၃ လအတွင်း ကချင်ပြည်နယ်မှာ သွားရောက်ပြီး သတင်း ယူနေခဲ့တဲ့ အလွတ်ဓာတ်ပုံသတင်းထောက်ဖြစ်ပါတယ်။ မော်တာကျည်ဆံကျခဲ့တဲ့အတွက် မီးခိုးတွေ ထွက်လာတာကိုတွေ့ရတယ်လို့ KIA တပ်တွေ တပ်စွဲထားတဲ့ နောက်နားမှာ ရှိနေတဲ့ Roco က ဗွီအိုအေကို ပြောပါတယ်။

“အခြေအနေတွေက တင်းမာနေပါတယ်။ ဗုံးကျဲတဲ့အသံတွေကို မကြာမကြာ ကျနော်တို့ကြားနေရပါတယ်။ ဘယ်အချိန်မှာမဆို တိုက်ပွဲတွေ အပြင်းအထန် ဖြစ်လာနိုင် ပါတယ်။”

အပစ်အခတ်ရပ်စဲတယ်လို့ ကြေnာပြီးတဲ့နောက် စနေနေ့တုန်းက ခေတ္တအပစ်အခတ် ရပ်စွဲသွားတာတော့ ရှိခဲ့တယ်လို့ ရိုကိုက ပြောပါတယ်။ ဒါပေမဲ့ လေကြောင်းကနေ တိုက်ခိုက်တာဖြစ်လာပြီးတဲ့နောက်မှာ အပစ်အခတ်ရပ်စဲတာလည်း ပျက်သွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် နေ့လည်ပိုင်းမှာတော့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ဖြစ်လာခဲ့ပြီး တက်လာတဲ့ မြန်မာတပ်တွေကို KIA ဘက် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

“အပစ်အခတ်ရပ်စဲတာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ ပြောရင်တော့ ပိုပြီးတော့ မှန်လိမ့်မယ် လို့ ထင်ပါတယ်။ တိုက်ပွဲတွေ အနည်းငယ် စဲသွားတယ်။ ဒါပေမဲ့ မြန်မာအစိုးရတပ်တွေ ဘက်က လုံးဝအပစ်ရပ်လိုက်တာမျိုးတော့ ကျနော်မထင်ပါဘူး။ မနေ့ နေ့လည် ၁၂ နာရီက တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်တုန်းကတော့ မြန်မာအစိုးရတပ်တွေက KIA ရဲ့ ခါယာဘွမ် စခန်းကို ထိုးစစ်ဆင်ခဲ့တာပါ။ အဲဒါဟာ လိုင်ဇာ အပြင်ဘက်မှာ ရှိတဲ့ အဓိကတောင်ထိပ် စခန်းဖြစ်ပါတယ်။”

သူရှိနေတဲ့ နေရာဟာ ခါယာစခန်းနဲ့ ၁ မိုင်ကျော်ဝေးပြီး လိုင်ဇာကနေ ၄ မိုင်လောက် ဝေးတယ်လို့ ရိုကိုက ပြောပါတယ်။ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ရဲ့ ဒါရိုက်တာ ကိုမင်းဇော်ဦးကတော့ မီတာ ၃၀၀ လောက်အတွင်းမှာရှိတဲ့ ၂ ဘက်တပ်တွေအနေနဲ့ တဘက်သက်အပစ်အခတ်ရပ်စဲဖို့ဆိုတဲ့ကိစ္စကတော့ လုပ်ဖို့ တော်တော်ခက်တယ် လို့ ပြောပါတယ်။

“တပ်တွေ ပြန်နေရာချထားရေးကိစ္စကို မပြောခင်မှာ သူတို့အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဘယ်လို ထိထိရောက်ရောက် လုပ်မလဲ ဆိုတဲ့ကိစ္စကို ပြောဖို့လိုပါတယ်။ တပ်တွေတဘက်နဲ့ တဘက် သိပ်နီးနေတဲ့အခြေအနေမျိုးမှာ လက်တွေ့မှာ တဘက်သက် အပစ်အခတ် ရပ်စဲဖို့ ဆိုတဲ့ကိစ္စကတော့ အတော်ကို လုပ်ဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တဘက်က ပစ်တယ်ဆိုရင် တခြားတဘက်ကလည်း ပြန်ပစ်လာမှာပဲဖြစ်ပါတယ်။ အဲဒီလိုမျိုးက အပြန်အလှန် လက်တုံ့ပြန်တာတွေ ဖြစ်စေပါလိမ့်မယ်။”

ပြုပြင်ပြောင်းလဲရေးလုပ်ချင်တဲ့ မြန်မာသမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်ပိုင်းကစပြီး မြန်မာအစိုးရဟာ ကချင်ကလွဲပြီးတော့ တိုင်းရင်းသားအဖွဲ့တွေအားလုံးနဲ့ ငြိမ်းချမ်းရေး သဘောတူ ညီမှုတွေ ဖော်ဆောင်နိုင်အောင်လုပ်ခဲ့ပါတယ်။ KIA ကတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ဆက်ပြီးတော့ ထိန်းထားချင်နေပြီး အစိုးရကတော့ ဗဟိုအစိုးရကနေ ထိန်းချုပ်မှုကို ပိုပြီးတော့ လုပ်ဆောင်ချင်နေပါတယ်ခင်ဗျာ။
XS
SM
MD
LG