မြန်မာအလုပ်သမားတွေ အများစုပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံတချို့က ငါးဖမ်းလုပ်သားတွေ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေက ပင်လယ်စာလုပ်ငန်းတွေမှာ ကျေးကျွန်တွေလို ခိုင်းစေခံရတဲ့အခြေအနေတွေကို စုံစမ်း ဖော်ထုတ်ရေးသားခဲ့တဲ့ အေပီ သတင်းဌာနဟာ ဒီနှစ် ၂၀၁၆ ခုနှစ်အတွက် နိုင်ငံတကာက သတင်းပညာ ထူးချွန်သူတွေကိုပေးတဲ့ Pulitzer ဆုကို ရရှိသွားပါတယ်။ ဆုအမျိုးအစားတွေ ခွဲခြားပေးတဲ့ အထဲမှာ အများပြည်သူအကျိုးဆောင်တဲ့ကဏ္ဍအတွက် ရရှိတာဖြစ်ပြီး ဒီသတင်းကိုရေးသားသူတွေအထဲမှာတော့မြန်မာနိုင်ငံက ကချင်တိုင်းရင်းသူ သတင်းထောက် Esther Htusan လည်း ပါဝင်ပါတယ်။
“ကျမအတွက် အကြီးမားဆုံး ဆုလဒ်ကတော့ ကျမရဲ့ တိုင်းပြည်ကနေ လူမှောင်ခိုကူးခံရတဲ့ အလုပ်သမားတွေ ပြန်လည် လွတ်မြောက်ပြီး ကိုယ့်အိမ်ကိုယ့်ယာကို ပြန်နိုင်ခဲ့ကြတာပါပဲ။ ဒါဟာ ကျမရလိုက်တဲ့ အကြီးမားဆုံး ဆုလဒ်ပါပဲ” - လို့ ကချင်တိုင်းရင်းသူ Esther Htusan က ပြောသွားတာပါ။
အေပီသတင်းထောက်တွေဖြစ်ကြတဲ့ Margie Mason, Robin McDowell, Martha Mendoza နဲ့ Esther Htusan တို့ဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို အဓိက တင်ပို့တဲ့ အရှေ့တောင်အာရှရဲ့ ပင်လယ်စာလုပ်ငန်းတွေမှာ မြန်မာအများစုပါဝင်တဲ့ ငါးဖမ်းအလုပ်သမားတွေ ဖမ်းဆီး နှိပ်စက် ကျွန်ပြုခံရတဲ့အကြောင်းတွေကို လနဲ့ချီ စုံစမ်းထုတ်ဖော် ရေးသားခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ရေးသားထုတ်ဖော်မှုကြောင့် အင်ဒိုနီးရှားနဲ့ ထိုင်ငါးဖမ်းလုပ်ငန်းတွေမှာ မတရားကျွန်ပြုခံရတဲ့ အလုပ်သမား ၂၀၀၀ လောက် ပြန်လည် လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အေပီသတင်းဌာနအနေနဲ့ (၅၂) ကြိမ်မြောက် ပူလစ်ဇာဆုရရှိတာဖြစ်ပေမဲ့ မြန်မာနိုင်ငံသား သတင်းထောက်တဦး ပါဝင်ရေးသားတဲ့ သတင်းကြောင့် အခုလို Pulitzer ဆု ရရှိတာကတော့ ဒါ ပထမဆုံးအကြိမ်ပါ။
နိုင်ငံတကာက သတင်းပညာ ထူးချွန်သူတွေကိုပေးတဲ့ Pulitzer ဆုကို သတင်းစာထုတ်ဝေသူ Joseph Pulitzer က ကြီးမှူးပြီး ၁၉၁၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာပါ။ နယူးယောက်မြို့ ကိုလာမ်ဘီယာ တက္ကသိုလ်က နှစ်စဉ်ပေးအပ်တဲ့ ဒီဆုဟာ အမေရိကန်ပြည်ထောင်စုမှာ သတင်းပညာဆိုင်ရာ ထိပ်တန်းဆုတခုလည်း ဖြစ်ပါတယ်။