သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ဖို့ AI တောင်းဆို


အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)
အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)

ကချင်ဒေသစစ်ပွဲတွေ တကျော့ပြန် စတင်လာခဲ့တဲ့ ၄ နှစ်မြောက် အခုလို အချိန်အခါမှာ မြန်မာစစ်တပ်က အပြစ်မဲ့ အရပ်သားပြည်သူတွေပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေသလို ဒီလိုကျူးလွန်သူတွေကို မြန်မာအစိုးရက အပြစ်ပေး အရေးယူခြင်း မရှိသေးတာကြောင့် ဒါကို အရေးယူဆောင်ရွက်ဖို့ A.I ခေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

တချိန်တည်းမှာပဲ ကချင်ဒေသမှာ စစ်ပွဲတွေရပ်စဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင် ကြားဝင် ဆောင်ရွက်ပေးဖို့ ကချင်မဟာမိတ်အဖွဲ့က အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဟိုအရင် စစ်အစိုးရနဲ့ အပစ်ရပ်စဲရေး သဘောတူခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ မြန်မာအစိုးရတပ်တွေကြား ၂၀၁၁ ခု ဇွန်လ ၉ ရက် နေ့ကစလို့ ကချင်ဒေသမှာ စစ်ပွဲတွေ ပြန်ဖြစ်လာခဲ့တာ အခုဆိုရင် ၄ နှစ် ပြည့်သွားခဲ့ပါပြီ။ ဒါပေမဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်တဲ့ ဒေသတွေမှာတော့ စစ်ပွဲတွေ ဆက်ဖြစ်နေသလို၊ IDP လို့ခေါ်တဲ့ ပြည်တွင်း စစ်ဘေးရှောင် ပြည်သူတွေဟာလည်း ဒုက္ခသည်စခန်းတွေကနေ မိမိတို့ မူလနေအိမ်တွေဆီ မပြန်နိုင်ကြသေးဘဲ ဖြစ်နေပါတယ်။

ဆက်လက်ဖြစ်ပေါ်နေတဲ့ ကချင်စစ်ပွဲတွေအတွင်း အစိုးရစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် ဒါတွေကို အမြန်ရပ်ပစ်ဖို့နဲ့ အပြစ်ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူဖို့ ကချင်စစ်ပွဲ ၄ နှစ်ပြည့်အချိန်မှာ A.I လို့ခေါ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က မြန်မာအစိုးရကို တောင်းဆိုလိုက်တာဖြစ်တယ်လို့ ဝါရှင်တန်ဒီစီက A.I အဖွဲ့ရဲ့ ပြောခွင့်ရသူ မစ္စတာ T. Kumar က ပြောပါတယ်။

“စစ်ဖြစ်နေတဲ့ ကချင်ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်နေတဲ့ မြန်မာအစိုးရတပ်က တာဝန်ရှိသူတွေကို အရေးမယူဘဲ ဒီတိုင်းလွှတ်ထားပေးတာကို ရပ်ပစ်ဖို့ မြန်မာအစိုးရကို တောင်းဆိုတာပါ။ စစ်ပွဲထဲမှာမပါတဲ့ အရပ်သားပြည်သူတွေပေါ် လူ့အခွင့်ရေး ချိုးဖောက်တာတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ၊ ဗုံးကြဲတိုက်ခိုက်နေတဲ့ အထောက်အထားတွေ ကျနော်တို့ဆီမှာ ရှိပါတယ်။”

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ကလည်း ဇွန်လ ၉ ရက်နေ့မှာ အမေရိကန်လွှတ်တော်က တာဝန်ရှိသူတွေနဲ့ရော သမ္မတရုံးတာဝန်ရှိသူတွေနဲ့ပါ သွားရောက်တွေ့ဆုံပြီး ကချင်ဒေသက စစ်ပွဲတွေ ရပ်သွားစေဖို့နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်ပေါက် လာစေဖို့ အမေရိကန်အစိုးရက ကြားဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ကချင်မဟာမိတ်အဖွဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုဂွမ်ဆမ်က VOA ကိုပြောပါတယ်။

“ကချင်ပြည်နယ်မှာကတော့ လူ ၁ သိန်းခွဲ ဒီကနေ့အထိ စစ်ဘေးတိမ်းရှောင်နေရတုန်းပဲပေါ့နော်။ နောက်တခုကတော့ တိုက်ပွဲတွေက ခဏခဏဖြစ်နေသေးတယ်။ ရပ်သွားတာလည်း မရှိသေးဘူး။ တကယ်ကြီး ငြိမ်းချမ်းရေး မဖြစ်သေးတာတော့ သေချာတယ်။ နောက် ငြိမ်းချမ်းရေးစာချုပ်လည်း ကျနော်တို့ မချုပ်ဆိုနိုင်သေးဘူးပေါ့နော်။ ဒီနေ့ဆိုရင် အမေရိကန်အစိုးရဆီမှာ ကျနော်တို့ တိုက်တွန်းမှု သွားလုပ်ဖြစ်ပါတယ်။ လက်ရှိ ပကတိအခြေအနေမှာ ကျနော်တို့ တိုင်းရင်းသားနယ်မြေမှာ တကယ့်ကို ကွာဟနေတာပေါ့နော်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ ဥပမာ စာရွက်ပေါ်မှာပဲ လက်မှတ်ထိုးတဲ့ ငြိမ်းချမ်းရေး မဖြစ်စေချင်ဘူး။ ကတိကဝတ်ရှိမှ၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာတဲ့ ငြိမ်းချမ်းရေးမျိုး ကျနော်တို့က ဖြစ်စေချင်တယ်။ အဲဒါ ကျနော်တို့ တိုက်တွန်းတာပါ။”

ကချင်ဒေသမှာ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည် ၁သိန်းခွဲဝန်းကျင်ရှိပြီး ဒုက္ခသည်စခန်းတွေကို အကူအညီတွေ ဖြတ်တောက်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေသလို၊ အကူအညီတွေ အများအပြား လိုအပ်နေဆဲပဲလို့ ကိုဂွမ်ဆမ်က ပြောပါတယ်။ အခုဆက်ပြီး ဖြစ်နေတဲ့ ကချင်စစ်ပွဲတွေအတွင်း အရပ်သားပြည်သူတွေ နေတဲ့ ဒေသကို အစိုးရတပ်တွေက ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိတာကြောင့် ဒါတွေကို ရပ်ပစ်ဖို့ မြန်မာအစိုးရကို တောင်းဆိုကြောင်းလည်း A.I အဖွဲ့ ရဲ့ပြောခွင့်ရသူ မစ္စတာ T. Kumar က ပြောပါတယ်။

“စစ်ပွဲနဲ့ မဆိုင်တဲ့ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ မလုပ်ဖို့ အစိုးရတပ်ဖွဲ့တွေကို တားမြစ်ပေးဖို့ မြန်မာအစိုးရကို ကျနော်တို့ တောင်းဆိုပါတယ်။ အစိုးရတပ်ဖွဲ့တွေအနေနဲ့ စစ်ဖြစ်တဲ့ဒေသတွင်း စောင့်ထိန်းရမယ့် နိုင်ငံတကာ ဥပဒေတွေကို လိုက်နာဖို့နဲ့ အရပ်သားပြည်သူတွေ၊ ဘေးအန္တရယ် မဖြစ်ရအောင် အကာအကွယ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။”

A.I အဖွဲ့က ဇွန်လ ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ ၂၀၁၅ ဇန်နဝါရီလအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ အမျိုးသမီး ၂ ဦးကို အစိုးရတပ်က အဓမ္မပြုကျင့်ခဲ့တဲ့ အဖြစ်အပျက်ကိုလည်း ရည်ညွန်းဖော်ပြထားပါတယ်။ ဒါကြောင့် အစိုးရစစ်တပ်ရဲ့ တပ်ရင်းမှူးအပါအဝင် အခြားအဆင့် တာဝန်ရှိသူတွေကို တရားစွဲဆိုခွင့်ပြုဖို့ကိုလည်း A.I အဖွဲ့က တိုက်တွန်းထားပါတယ်။ မြန်မာစစ်တပ်ကတော့ အဲဒီကိစ္စသူတို့နဲ့ မသက် ဆိုင်သလို ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ မရှိကြောင်း တရားဝင် တုံ့ပြန်ခဲ့တာကိုလည်း A.I အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG