သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးကချင်ဒုက္ခသည် ၂ ဦး ရုပ်အလောင်းတွေ့


အသတ်ခံရတဲ့ ကချင်ဒုက္ခသည် ၂ ဦး (Khon Ja)
အသတ်ခံရတဲ့ ကချင်ဒုက္ခသည် ၂ ဦး (Khon Ja)

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာက တလကျော်ကြာ ပျောက်ဆုံးနေတဲ့ ကချင်စစ်ရှောင် ဒုက္ခသည် ၂ဦးရဲ့ ရုပ်အလောင်းကို တောတွင်းတနေရာမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ဒီကနေ့မှာတော့ မံစီမြို့နယ် ရဲစခန်းမှုးနဲ့ အာဏာပိုင်တွေက သွားရောက် စစ်ဆေး တူးဖော်ခဲ့ပါတယ်။ သူတို့ ၂ယောက် ပျောက်ဆုံးနေချိန်က မံစီမြို့နယ် ရဲစခန်းမှာ လူပျောက်မှုနဲ့ တိုင်ကြားထားရာက အခုအခါ လူသေမှုနဲ့ ပြောင်းလဲ အမှုဖွင့်ဖို့လည်း ပြင်ဆင်နေပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ကချင်စစ်ရှောင် ဒုက္ခသည် ၂ဦးဟာ မံစီမြို့နယ် မိုင်းခေါင်ကျေးရွာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်း KBC စခန်းက ဦးဖော်ဂန်းယော်( ၆၅နှစ်) နဲ့ ကက်သလစ် ဒုက္ခသည်စခန်းက ဦးအင်ခွမ်နော်ဆန်း ခေါ် ဒေါဂျေနော်ဆန်း(၃၅နှစ်) တို့ ဖြစ်ပါတယ်။ သူတို့ဟာ ဇန်နဝါရီလ ၃၁ရက်နေ့က ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒီလ ၈ရက်နေ့က သူတို့ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိပြီးနောက်မှာ မိသားစုဝင်တွေက မံစီရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် ဒီကနေ့ မနက်မှာ ရဲစခန်းမှုးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိတွေသွားရောက်တူးဖော်ဖို့ ပြင်ဆင်ရာမှာ နေ့ခင်း ၂နာရီလောက်မှာမှ တပ်မတော်က သွားခွင့်ပေးခဲ့ပါတယ်။

ဒီကနေ့ နေ့ခင်းမှာတော့ တူးဖော်ဖို့ သွားနေကြောင်း မိုင်းခေါင်ရွာက အုပ်ချုပ်ရေးမှုး ဦးမရန်ဆိုင်းဘောက်က အခုလို ပြောပါတယ်။

“အခုမှ သွားဖော်ဖို့။ ရဲတွေနဲ့ ဌာနပေါင်းစုံပါတယ်။ ခုမှ ခွင့်ရတာ။ သူတို့က ဇန်နဝါရီ ၃၁ရက်ဆိုလား အဲဒီနေ့မှ စပျောက်သွားတာ။ သူတို့ ဟင်းရှာ ဘာရှာရင်းနဲ့ တူတယ်။ ခတ်ဖရာရွာမှာသူတို့ သွားရင်းနဲ့ ဖြစ်သွားတာ။ သက်သေတွေတော့ ရှိကြတယ်ပြောတာပဲ။”

ဒီလူပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး စစ်တပ်က ဖမ်းဆီးထားတာကို အမျိုးသမီး ၂ယောက်က နောက်ဆုံး တွေ့မြင်တယ်လို့ ဒေသခံတဦးက ပြောဆိုပါတယ်။

“ဖမ်းသွားတာတော့ သေချာတယ်။ မိန်းမ၂ယောက်က တွေ့လိုက်တယ်ပေါ့။ ဖမ်းသွားတဲ့ သူ ၂ယောက်ကို။ သူတို့က ၂ယောက်ကို စစ်သား KIO ဝတ်စုံပေါ့နော် အတင်းအဓမ္မ ဝတ်ခိုင်းတယ်တဲ့။ မင်းတို့ KIA အဖွဲ့တွေ ဘာညာပြောတာပေါ့နော်။ အမှန်ဆို သူတို့က မိုင်းခေါင်အထက်မှာ လယ်လုပ်၊ သစ်လုပ်ပြီးမှ နေတာ။ အဲဒီ ၂ယောက်ကလည်း ရွာမှာနေဆိုလည်း မနေတတ်ဘူး။ ဒါကြောင့်မို့ တောမှာ မုဆိုးလိုက် ဘာညာပေါ့ကွာ အဲဒါမျိုးလုပ်ပြီး ရှာစားတဲ့ လူ၂ယောက်ပဲ။”

ညနေ ၄နာရီကျော်လောက်မှာတော့ အလောင်းတွေကို တူးဖော်နေပြီဖြစ်ကြောင်း တူးဖော်ရာမှာ လိုက်ပါသွားသူ တဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ အခု အလောင်းဖော်နေတယ်။ သူတို့ ၂ယောက် အလောင်းသေချာပြီ၊ မိသားစုဝင်တွေ အတည်ပြုတယ်။ ဦးအင်ခွမ်နော်ဆန်းပေါ့။ သူ့ကိုကျတော့ စစ်ယူနီးဖောင်းပေါ့။ မျက်မြင်သက်သေတွေ ထွက်ဆိုတဲ့ အတိုင်းပဲ မြုပ်တဲ့အထဲမှာ ယူနီဖောင်းကို ဝတ်ထားပေးတယ်ဗျ။”

သူတို့ ၂ယောက် ပျောက်ဆုံးပြီးနောက်မှာတော့ မံစီရဲစခန်းမှာ လူပျောက်တိုင်ကြားထားခဲ့ပြီး အခုအခါမှာ မိသားစုဝင်တွေက လူသေမှုအဖြစ် ပြောင်းလဲဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိသေဆုံးသူ ၂ယောက်ရဲ့ အမှုအခြေအနေနဲ့ပတ်သက်ပြီး မံစီရဲစခန်းမှုးကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ မအားလပ်တာကြောင့် ပြန်လည် ဖြေကြားနိုင်တာ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ် မေလက မိုင်းခေါင် စခန်းက ကချင်စစ်ရှောင် ၃ဦး တပ်မတော်က ဖမ်းဆီးပြီး ပျောက်ဆုံးခဲ့ဖူးပါတယ်။ နောက်ဆုံးမှာ မံစီအခြေစိုက် ခမရ ၃၁၉တပ်ရင်းက တပ်သားတွေက သတ်ဖြတ်ခဲ့တာကြောင့် တပ်ရင်းမှုး အပါအဝင် တပ်မတော်သား (၆)ဦးကို တပ်မတော်စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သလို တပ်မတော်ကနေ ရာသက်ပန်ထုတ်ပယ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG