သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကချင်နိုင်ငံတော်ထူထောင်ဖို့ ပြည်ပရောက် ကချင်ညီလာခံ ဆုံးဖြတ်


KNO က ဦးဆောင်ကျင်းပတဲ့ ကချင်လူမျိုးများရဲ့ အမျိုးသား ညီလာခံ (NMG)

ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO က ဦးဆောင်ကျင်းပတဲ့ ကချင်လူမျိုးများရဲ့ အမျိုးသား ညီလာခံကနေ ကချင်ပြည်နယ်ကို သီးခြားလွတ်လပ်တဲ့နိုင်ငံတော် တည်ထောင်ဖို့ဆိုပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလို တည်ထောင်နိုင်ဖို့အတွက်လည်း ငြိမ်းချမ်းတဲ့နည်းအရ ဆွေးနွေးသွားမယ်လို့ ဖော်ပြထားပြီး ဒီဆုံးဖြတ်ချက် မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပြည်တွင်း ကချင်နိုင်ငံရေးပါတီတွေရဲ့ သဘောထားတော့ မပါဝင်ပါဘူး။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လူမျိုးများရဲ့ အမျိုးသားညီလာခံကို ဒီလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ကချင်အမျိုးသားအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင် ၂၂၀ တက်ရောက်ခဲ့ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံတော်တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ညီလာခံအပြီးမှာ သတင်း ထုတ်ပြန်ထား ပါတယ်။

ဒီညီလာခံက ချမှတ်ခဲ့တဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတော်တည်ထောင်ဖို့ဆိုတာ လက်ရှိ ကချင်ပြည်နယ်က လူမျိုးအားလုံးအတွက် ရည်ရွယ်တာဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးနော်လတ်က အခုလို ပြောပါတယ်။

“ကချင်တစ်မျိုးသားလုံးအတွက် အဓိကကျတဲ့ သီးခြားကချင်နိုင်ငံပေါ့နော်။ ကချင်နိုင်ငံလို့ ပြောတဲ့နေရာမှာ တစ်မျိုးတည်းကို ပြောခြင်းမဟုတ်ဘူး။ ကချင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်တဲ့ တစ်ခြားသော ညီနောင် တိုင်းရင်းသားတွေအားလုံး ပါဝင်ခြင်းဖြစ်တယ်ဆိုတာ ပြောခြင်းဖြစ်တယ်။”

ဒီလို ဆုံးဖြတ်ရတာကတော့ လက်ရှိ နိုင်ငံရေးအခြေအနေတွေအပေါ်မှာ အားမရတာတွေကြောင့် ဖြစ်ကြောင်း လည်း အခုလို ဆက်ပြောပါတယ်။

“လက်ရှိအစိုးရနဲ့ကော၊ အရင်အစိုးရနဲ့ကော ကျနော်တို့ ခေတ်အဆက်ဆက် ဆွေးနွေးတဲ့အထဲမှာ နိုင်ငံရေးအရ အဖြေကောင်းကို ကျနော်တို့ဆီမှာ မရဘူး။ ပြီးတော့ ကျနော်တို့ပြည်သူတွေ တနေ့တခြား ဒုက္ခဆင်းရဲ ခံစားရ တယ်။ စစ်ပြေးဒုက္ခသည်တွေလည်း တနေ့တခြား များလာတယ်။ အဲဒီနေရာမှာ အစိုးရအနေနဲ့ကော ကချင် ပြည်သူ ပြည်သားတွေအတွက် စာနာထောက်ထားတဲ့ဟာတွေ ကူညီတဲ့ဟာတွေ မရှိဘူး။ ထိုးစစ်ပဲ လုပ်နေ တယ်။ ဆွေးနွေးတဲ့နေရာမှာလည်း တိကျပြတ်သားတဲ့ ကတိပေးတဲ့ဟာတွေလည်း မရှိဘူး။ အဲဒါကြောင့်မို့ ဒီအစည်းအဝေးတက်ရောက်တဲ့ ကချင်တစ်မျိုးသားလုံးအနေနဲ့ ဒီလိုအခြေအနေဆိုရင် ကျနော်တို့ သီးခြားနိုင်ငံ ပဲ တည်ထောင်ရင် ကောင်းမယ်ဆိုပြီးမှ ကျနော်တို့ သဘောတူဆုံးဖြတ်ခဲ့ကြတာ။”

ဒီလို ဆုံးဖြတ်ချက်ကိုဆွေးနွေးအဖြေရှာသွားမှာဖြစ်ကြောင်း ဦးနော်လတ်က ဆက်ပြောပါတယ်။

“ကျနော်တို့ ငြိမ်းချမ်းစွာနဲ့ပဲ ဆွေးနွေးအဖြေရှာသွားမယ် ဆိုတဲ့ သဘောထားထုတ်ပြန်ချက်အပေါ်မှာ အစိုးရ အနေနဲ့ရော အလေးအနက် ထားပြီးတော့မှ ကိုင်တွယ်ရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ သဘောရတယ်။”

ဒီဆုံးဖြတ်ချက်အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ သဘောထားနဲ့ ပတ်သက်လို့လည်း အခုလို ပြောပါတယ်။

“KIO က ကျနော်တို့ ကချင်တစ်မျိုးသားလုံးအတွက်ကတော့ အဓိကအဖွဲ့အစည်းဖြစ်တယ်။ သူပဲ နိုင်ငံရေးရော၊ စစ်ရေးအရရော သူပဲ ဦးဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကချင်လူထုအနေနဲ့ ကျနော်တို့ ဖြစ်ချင်တဲ့ဆန္ဒကို သဘောထားထုတ်ပြန်ခြင်းပဲ ဖြစ်တယ်။သူတို့ဘက်က သဘောထားတော့ မရှိဘူးခင်ဗျ။”

ကချင်အမျိုးသားညီလာခံကို ကချင်အမျိုးသားအစည်းအရုံး KNO က ကမကထပြုလုပ်ခဲ့တာလည်းဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ ပြည်တွင်းပါတီတွေရဲ့ မူဝါဒနဲ့ ကွဲပြားကြောင်းကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာ တူးဂျာက ပြောပါတယ်။

“KNO က ပြည်ပမှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ KIO နဲ့လည်း မတူဘူးဗျ။ KIO ကတော့ ဖက်ဒရယ်ပဲဗျ။ ကျနော်တို့ မြို့ပေါ်မှာရှိတဲ့ ပါတီတည်ထောင်တဲ့သူတွေကလည်း ဖက်ဒရယ်ပါပဲ။ သူတို့လိုင်းက တော့ ဒါ လုံးဝ လွတ်လပ်ရေးပေါ့။ ကျနော်တို့ မြို့ပေါ်မှာ ပါတီတည်ထောင်တဲ့ ပါတီတွေရဲ့ ပေါ်လစီနဲ့ကတော့ ကွဲလွဲတာပေါ့။ ကျနော်တို့ အစိုးရနဲ့ တပ်မတော်နဲ့ အာဏာပိုင်တွေနဲ့ပေါ့ဗျာ ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီးတော့မှ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းမှာ လျှောက်နေတာဖြစ်တယ်။ လိုင်းမတူဘူးပေါ့ဗျာ။ ပြောမယ်ဆိုရင်တော့။ ”

ကချင်အမျိုးသားညီလာခံရဲ့ ထုတ်ပြန်ချက်ကနေ မြန်မာပြည်နိုင်ငံရေးအပေါ် သက်ရောက်နိုင်မယ့် အခြေအနေ ကိုလည်း ဒေါက်တာတူးဂျာက အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဒီမှာက တိုင်းရင်းသားတွေအားလုံးက အခု စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်း ပေါ်မှာပဲ လျှောက်နေတာပဲ။ နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်။ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးပေါ့။ တို့တာဝန်အရေးသုံးပါးကို လက်ခံပြီးမှ ခွဲမထွက်ရေးမူနဲ့ လုပ်နေတာပဲ။ ဒါကြောင့်မို့ ဒီဟာ ဟိုဘက်က ထုတ်ပြန်တဲ့ဟာက အများကြီး ဂယက်ရိုက်နိုင်တယ်။ သက်ရောက်နိုင်တယ်ဆိုတာမျိုးတော့ ကျနော် မထင်ဘူးဗျ။”

ညီလာခံရဲ့ ကြေညာချက်မှာတော့ ကချင်လူမျိုးတွေရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ အတွေးအခေါ်တွေဟာ ညီလာခံဆုံးဖြတ်ချက်တွေနဲ့ တူညီမှုရှိအောင် ပြည်သူတွေကို စည်းရုံးဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG