သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ မြန်မာ စစ်တပ် မိုးညှင်းမှာ တိုက်ပွဲ ပြင်းထန်


ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ စစ်ကြောင်းချီတက်စဉ်။
ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ စစ်ကြောင်းချီတက်စဉ်။

ကချင်ပြည်နယ် မိုးညှင်းမှာမြို့အနီးမှာ အစိုးရတပ်နဲ့ ကချင်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီကနေ့ နေ့ခင်းဖက်မှာတော့ အစိုးရဖက် ကလေကြောင်းက ရဟတ်ယာဉ်နဲ့ အနည်းဆုံး ၃ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဘာကြောင့်တိုက်ခိုက်တယ်ဆိုတာ တိတိကျကျ မသိရသေးသလို နှစ်ဖက်တပ်တွေအကြားမှာတော့ ညှိနှိုင်းတာတွေ မရှိသေးပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

မိုးညှင်းမှာ ဒေသအတွင်းဖြစ်ပွားတဲ့တိုက်ပွဲကတော့ တနင်္ဂနွေနေ့
နေ့ခင်းပိုင်းလောက် က စတင်ခဲ့တာဖြစ်ပြီး မနေ့ည တညလုံးလို လက်နက်ကြီးတွေ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာက ဒီနေ့ နေ့ခင်း မှာတော့ လေကြောင်းကပါ ပစ်ခတ် တိုက်ခိုက် လာတာဖြစ်ပါတယ်။ ဒီကနေ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို မိုးညှင်းမှာ မြို့ခံတယောက်က အခုလို ပြောပါတယ်။

“တိုက်ပွဲကဖြစ်နေတာ၊ ခုနက ခုနက မကြာသေးပါဘူး။ ဟိုက်စကီး ၂ စီး ဆင်းလာပြီး ဝဲပြီးမှ လာပစ်သွားတယ်။ အရှေ့တောင်ဖက်မှာ ပါ။ နဲနဲတော့ လှမ်းပါတယ်။ ကျနော်တို့နဲ့တော့။ အခုဈေးကနေလည်း လှမ်းမြင်ရတယ်။ အဲဒီတောင်ပေါ်ကို ဟိုက်စကီးနဲ့ လာပစ်တာတွေကတော့ ဈေးထဲကနေ ကြည့်ရင် မြင်နေရတယ်။ အဲဒီတောင်ပေါ်ကို ကျနော်တို့ ဈေး ကတော့ တောင်ကမ်းပါး ရံနားလေးမှာ ဆိုတော့ တောက်လျှောက် အပေါ် ကနေကြည့်ရင်တော့ မြင်တော့မြင်နေရတယ်။

ဟုတ်တယ် တနင်္ဂနွေနေ့လည်ကမှ စဖြစ်တာ။ လက်နက်ကြီး သံတွေ သေနတ်သံတွေကတော့ တောက်လျှောက် ကျနော်တို့ဆီကတော့ ကြားနေရတာပဲ။ ညပိုင်းဆိုတော့ ခုနတုန်းကဆိုရင် ဟတ်စကီး ၂ စီးနဲ့လာတဲ့အခါကျတော့ ဟတ်စကီး ၂ စီးက ချတဲ့အသံတွေဆိုရင် မြေကြီးပါ တုန်တာတွေ ဘာတွေ ကျနော်တို့က ကြားနေရတယ် ဒီကနေ အဲဒီလောက်တော့ကြားနေရတယ်။”

ပထမအကြိမ် လေကြောင်းက တိုက်ခိုက်တာကတော့ နေ့ခင်း ၁နာရီလောက် မှာဖြစ်ပြီး အနည်းဆုံး ဗုံး ၈လုံးလောက် ချ ခဲ့ကြောင်း ပြောပါတယ်။
ညနေ ၃နာရီခွဲ ဒုတိယအကြိမ်အဖြစ် ရဟတ်ယာဉ်၂စင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး
ဗုံးအလုံး၂၀ကျော် ထပ်မံကြဲချခဲ့ပါတယ်။ ညနေ ၅နာရီဝန်းကျင်မှာတော့
တိုက်လေယာဉ်၂စင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

" ၁ နာရီလောက်က တကြိမ် အခုက တတိယအကြိမ်ပေါ့ အခုအကြိမ်နဲ့ဆိုရင် ပထမဆအကြိမ်က ဟိုက်စကီး နှစ်စင်းနဲ့ လာတာ၊ ဒုတိယအကြိမ်ကလည်း ဟိုက်စကီးနှစ်စင်းနဲ့ပါ။ အခုအကြိမ်ကတော့ လေယာဉ်နဲ့ လာတိုက်တယ်ခင်ဗျ။ အခုလည်း ချသွားတယ် ဗုံးတလုံးကို၊ လေယာဉ် ကိုတော့ မြင်ရတယ် ခင်ဗျ။ လေယာဉ်တွေက ကောင်းကင်မှာဆို မြင်ရတယ်ခင်ဗျ။ ကျနော်တို့ မိုးညှင်းကနေဆို တမြို့လုံး မြင်ရတယ်ခင်ဗျ။ ဗုံးကွဲတာတော့ မမြင်ရဘူးခင်ဗျ။ ကျနော်တို့က တောင်ကွယ်နေတော့လေ။ မမြင်ရဘူး။ ဗုံးချတာပဲ မြင်ရတာ။ "

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မိုးညှင်းမြို့အရှေ့တောင်ဖက်
၄မိုင်ကျော် အကွာလောက် မှာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး အစိုးရနဲ့ ကချင်တပ်ဖွဲ့အကြား
ညှိနှိုင်းတာ မရှိသေးဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့
ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကတော့ ပြောပါတယ်။

" ၁၄ရက်နေ့ကစပြီး ကျနော်တို့ရဲ့ စခန်းငယ်တွေကို ဝင်သိမ်းတယ်။ မနေ့တုန်းကတော့ ပြင်းပြင်းထန်ထန် လုပ်တယ်။ ဒီနေ့ကတော့ လေယာဉ် အပါပေါ့နော်။ လေကြောင်းကနေပြီးတော့ ဝင်ရောက်တိုက်ခိုက်တာမျိုးတွေ သူတို့လုပ်နေကြတယ်။ ဒါ ပြင်းပြင်းထန်ထန် စစ်ဆင်တဲ့သဘောပါ။ ဒီကိစ္စပေါ်မှာ နှစ်ဘက်ပြောဆိုနေကြတာတော့ မရှိသေးဘူး။ အခုထက်ထိ ဘာမှ လုပ်တာ မရှိသေးဘူး။"

တိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းရင်းအပေါ်မှာတော့ ကချင်တပ်ဖွဲ့ဖက်က အခုလို
သုံးသပ်ပြောဆိုပါတယ်။

"အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ သတိပေးလာတာ တခုရှိတယ်။ နိုဝင်ဘာလ ၁၃ရက်နေ့ ညမှာ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA အဖွဲ့ဝင် ငါးဦးက လာပြီးတော့ ပစ်ခတ်ပါတယ် ဆိုပြီး အပြစ်တင် ပြောဆိုတာမျိုး ရှိတယ်ခင်ဗျ။ အမှန်တကယ်က ကျနော်တို့တပ်ဘက်က အဲ့ဘက်မှာ လှုပ်ရှားတာမျိုးမရှိဘူးဗျ။ မရှိတဲ့ မဖြစ်တဲ့ဖြစ်စဉ်တခုကို တိုက်ပွဲအတုအသွင်သဏ္ဍာန်ဖန်တီးတယ်။ ဖန်တီးပြီးတော့ ၁၄ရက်နေ့ကစပြီးတော့ မိုးညှင်းဘက်မှာ ရှိတဲ့ ကျနော်တို့ရဲ့ ရှေ့တန်းစခန်းတွေကို ထိုးစစ်ဆင်တယ်။

အဓိကကတော့ တပ်မဟာ ၈ကို သူတို့ဘက်ကနေပြီးတော့ အမြစ်ပြတ်ရှင်းလင်းချင်တဲ့သဘောပါ။ အဲ့တာကြောင့် သူတို့စစ်ဆင်ရေးလုပ်တယ်လို့ ကျနော်နားလည်ပါတယ်။"

လောလောဆယ်မှာတော့ အထိအခိုက် အကျအဆုံး သတင်းကို မသိရသေးကြောင်း ပြောပါတယ်။ မိုးညှင်းဒေသ တိုက်ပွဲနဲ့ ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို
ဆက်သွယ်မေးမြန်း ခဲ့ပေမဲ့ တစုံတရာ ဖြေဆိုတာ မရှိခဲ့ပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်၊ မိုင်းရှုး၊
ကျေးသီးဒေသ ဖက်တွေ မှာ လည်း အစိုးရတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အကြားမှာ ဒီရက်ပိုင်း အတွင်း တိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားခဲ့သလို
လေကြောင်းက တိုက်ခိုက်တာတွေပါရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်တွင်းဖြစ်ပွားတဲ့
တိုက်ပွဲတွေမှာတော့ ရှမ်းတပ်ဖွဲ့က လာရောက်တိုက်ခိုက်တာကြောင့်
ပြန်လည် တိုက်ခိုက် တာဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသလို
ရှမ်း တပ်ဖွဲ့ ကလည်း သူတို့ဖက်က သွားရောက် တိုက်ခိုက်တာ မရှိကြောင်း
ငြင်းဆို ထားပါတယ်။

XS
SM
MD
LG