သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးညှင်းဘက်မှာ စစ်တပ်နဲ့ KIA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ဆဲ


KIA Bigade 3 at frontline
KIA Bigade 3 at frontline

{{Zawgyi/Unicode}}

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စစ်ကောင်စီတပ်နဲ့ ကချင် လက်နက်ကိုင် KIA၊ ဒေသခံကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ရက် ဆက်တိုက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် မှာတာ့PDF စခန်းနှစ်ခုကို မနေ့ညပိုင်းနဲ့ ဒီနေ့ မနက်အစောပိုင်းမှာ စစ်တပ်က သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်နဲ့ ရှမ်းပြည် နယ်က နောက်ဆုံးအခြေအနေတွေကို ကိုကျော်ကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ဟိုပင်-ဖားကန့် ကားလမ်းပေါ်က ညောင်ပင်ရွာဘက်မှာ စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA ၊ PDF ပူးပေါင်းတပ်တွေကြား ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ကတည်းက တိုက်ပွဲဖြစ်နေပါတယ်။ ဒီ တိုက်ပွဲဟာ မနေ့ ညပိုင်းမှာလည်း ဆက်ဖြစ်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ဝှေလုံစခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူလိုက်တယ်လို့ PDF တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဝှေလုံစခန်း၊ မနေ့က မနက်ကတည်းက ဖြစ်တာလေ။ ညတုန်းကလည်း တည လုံး ဖြစ်တာပေါ့နော။ ဒီနေ့မနက်ပိုင်း ၄ နာရီကျော်ပေါ့။ လင်းခါနီး ၄ နာရီ၊ ၅ နာရီ လောက်အချိန်ကျတော့ အဲဒီ ဝှေလုံစခန်းကို သိမ်းမိသွားတာပေါ့။ သိမ်းလို့ ရသွားတာပေါ့။ ဝှေလုံစခန်းက ညောင်ပင်နဲ့ နီးတယ်။ စကစ စခန်းထိုင်ထားတာလေ အဲဒီမှာ။ အဲဒါကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ကနေပြီးတော့မှ တိုက်ယူလိုက် တာပေါ့နော။ သူတို့ မနေ့က မနက်ကတည်းက စလိုက်တဲ့ဟာ ဒီနေ့မနက်ပိုင်း လင်းခါနီးအချိန်ကျမှ သိမ်းမိသွားတာပေါ့။”

လက်ရှိ တိုက်ပွဲဖြစ်တဲ့ဒေသဟာ မိုးညှင်းနဲ့ ဖားကန့်မြို့နယ် နယ်စပ်ဒေသမှာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်က ဒေသခံတဦးကလည်း တိုက်ပွဲဖြစ်တဲ့အကြောင်းပြောပေမဲ့ တပ်စခန်းသိမ်းတာကိုတော့ မဟုတ်ဘူးလို့ပြောပါတယ်။

“မနေ့က မနက်ပိုင်းကနေစပြီးတော့ ဖြစ်ပြီးမှ နေ့ခင်းပိုင်းနဲ့ ညနေပိုင်းကိုတော့ ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ကူပေးတယ်။ နောက်ဒီ ဝှေခါ စစ်တပ်ကုန်းကနေပြီးတော့လည်း လက်နက်ကြီးတွေနဲ့ ပစ်ကြတယ်။ ညဘက်မှာလည်း ပစ် တယ်ဗျ။ ညဘက်မှာ ဖြစ်တဲ့ဟာတော့ သူတို့ လက်နက်ကြီးနဲ့ ပစ်တဲ့အသံပဲ ကြားတာ။ ဝှေလုံစခန်းကိုတော့ အဲဒါလည်း ကျနော်လည်း ကြားလို့ ဖုန်းဆက်ပြီး မေးကြည့်တယ်။ စခန်းသိမ်းတာ ဘာညာတော့ မရှိဘူးလို့တော့ ပြောတယ်။ ဒါပေမဲ့ အတိအကျတော့ မဟုတ်သေးဘူးပေါ့။”

စစ်တပ်ဘက်က အရာရှိတဦးအပါအဝင် အယောက် ၂၀ လောက် ထိခိုက်ကြောင်း ဒေသခံတွေက ပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရပါဘူး။

KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ အင်းတော်ကြီးဒေသမှာ တိုက်ပွဲဖြစ်တဲ့သတင်းရပေမဲ့ ဝှေလုံစခန်းသိမ်းတဲ့သတင်းတော့ မရကြောင်း ပြောပါတယ်။

“တိုက်ပွဲကတော့ ဖြစ်တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ ဒီ KIA ဘက်ကနဲ့ စစ်ကောင်စီရဲ့ စခန်းတွေကို ဝင်သိမ်းတယ်ဆိုတဲ့ သတင်းအတိအကျတော့ ကျနော် ဘာမှမကြားပါဘူး။ ”

ခုလို ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲ နမ္မားအနီးမှာလည်း တိုက်ပွဲဖြစ်ခဲ့ကြောင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်မှာလည်း စစ်တပ်နဲ့ KIA အကြား ဒီနေ့ တိုက်ပွဲဖြစ်တယ်လို့တော့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်းမှာတော့ သိန္နီ PDF စခန်း နှစ်ခုကို စစ်တပ်က သိမ်းပိုက်ခဲ့ကြောင်း ဒေသတွင်းအခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ကတော့ သူတို့ စစ်ကြောင်းထိုးရင်းနဲ့ နောက်ဆုံး သူတို့ သိန္နီ PDF တွေရဲ့ တပ်စခန်းရှိတဲ့နေရာကို သိသွားတာပေါ့နော်။ သိသွားပြီးတော့ မနေ့ည ၁၁ နာရီကျော်လောက်မှာ တနေရာ သူတို့ ဝင်ရောက်စီးနင်းတယ်။ ဒီနေ့မနက် ၅ နာရီကျော်မှာ နောက်တနေရာပေါ့။ ဆိုတော့ စခန်းနှစ်ခု စီးနင်းခံရတယ်ပေါ့။ ကင်းစခန်းနဲ့ လေ့ကျင့်ရေးစခန်းပေါ့။”

TN- PDF ခေါ် သိန္နီ PDF အဖွဲ့ဘက်ကတော့ သူတို့တပ်စခန်း စီးနင်းချိန်မှာ တိုက် ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သုံးယောက်ကျဆုံးကြောင်း၊ PDF ဘက်က ၇ ယောက် ဒဏ်ရာရပြီး နှစ်ယာက် ဖမ်းဆီးခံရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒီရက်ပိုင်းအတွင်းရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ် (ပန်ဆိုင်း) မုံးကိုး တကြောမှာ စစ်တပ်က စစ်ကြောင်းထိုးနေပြီး PDF တပ်စခန်းတွေကို လိုက်လံရှာဖွေ ရှင်းလင်းတာတွေ ရှိနေတာပါ။

နိုဝင်ဘာလ ၂၃ရက်နေ့ကလည်း မူဆယ်မြို့နယ် ကောင်ဝှဲက်ကျေးရွာအနီးက ပြည်သူ့ လုံခြုံရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့(PSDA)ရဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA အပြင် ကိုကန့် လက်နက်ကိုင် MNDAA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားလည်း တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားနေပါတယ်။ သြဂုတ်လကနေ နိုဝင်ဘာလအကုန်ထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၁၂၆ ကြိမ်ဖြစ်ခဲ့ကြောင်း MNDAA ကိုးကန့် တပ်ဖွဲ့က ဒီဇင်ဘာလ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=========

{{Unicode}}



















XS
SM
MD
LG