သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဝန်ကြီးချုပ်ကို ခေါ်ယူ စုံစမ်းနေချိန် ကျောက်တူးကားများ ဝင်ရောက်မှု ရပ်ဆိုင်း


ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်နေတဲ့ ကားများ။
ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်နေတဲ့ ကားများ။

ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ကို နေပြည်တော်ကို ခေါ်ယူစစ်ဆေးနေချိန်မှာ ဖားကန့်ဒေသအတွင်းကို တင်သွင်းနေတဲ့ မြေသယ်ကားတွေနဲ့ မြေတူးစက်တွေ ဝင်ရောက်လာတာ ရပ်ဆိုင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို တူုးဖော်ရေးယာဉ်နဲ့ ယန္တရားတွေ တင်သွင်းတာရပ်ဆိုင်းပေမဲ့ ကျောက်တူးဖော်နေတာတွေကတော့ အရင်လိုပဲ ရှိနေဆဲလို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီနှစ်ပွင့်လင်းရာသီ ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ စတင်ချိန်မှာ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ တရုတ်နိုင်ငံဖက်ကနေ မြေသယ်ကားတွေ၊ တူးဖော်ရေး ယန္တရားတွေ အလုံးအရင်းနဲ့ တင်သွင်းလာခဲ့တာပါ။ ဒီလို တင်သွင်း လာတာ၊ ကျောက်စိမ်း အလွန်အကျွံ တူးဖော်တာနဲ့ ဖားကန့်ဒေသမှာ မြေစာပုံပြိုကျ တာကြောင့် လူတွေ ရာနဲ့ချီသေဆုံးတာကြောင့် ဝေဖန်သံတွေ ထွက်ပေါ်လာ တဲ့နောက်မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတချို့ကို ခေါ်ယူ စစ်ဆေးနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

လောလောဆည်မှာတော့ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေးက ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကို စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ကို စစ်ဆေးနေချိန်မှာတော့ ဖားကန့်ဒေသ မှာ ကျောက်စိမ်း တူးဖော်ရေးဆိုင်ရာ ယာဉ်တွေ၊ ယန္တရားတွေ တင်သွင်းတာဟာ သိသိသာသာလျော့ ကျ သွားတယ်လို့ ဖားကန့်ဒေသက အလွတ် သတင်းထောက် တဦးဖြစ်တဲ့ ကိုဇော်မိုးထက်က ပြောပါတယ်။

"ကားဝင်တာကတော့ မရှိတော့ဘူးခင်ဗျ။ ကျနော်တို့ မတွေ့တော့ ဘူး လောလောဆယ်။ "

တရုတ်နယ်စပ်ကနေ တဆင့် မြစ်ကြီးနားဖက်ကနေ ယာဉ်၊ ယန္တရားတွေ တင်သွင်းတာ ရပ်ဆိုင်းနေပေမဲ့ တူးဖော်တာတွေကတော့ အရင်အတိုင်း ရှိနေဆဲလို့ ပြောပါတယ်။

" လက်ရှိကတော့ ပုံမှန် ကုမ္ပဏီတွေ သွားနေတယ် လာနေတယ်။ တူးနေ တယ် ဖော်နေ တယ်ပေါ့ဗျာ။ ကျနော်တို့ အရင်တွေ့မြင်နေကျ ပုံစံ အတိုင်းပဲ တွေ့နေရ တာပါ။ နောက်ပြီး ပြည်ထောင်စုဝန်ကြီး ဒုဝန်ကြီး ဦးဝင်းထွန်း လာတဲ့ အချိန်မှာတော့ ဒီကုမ္ပဏီတွေ ခဏ ရပ်နား ထားခိုင်းတာရယ် နောက် ဒီ တရားမဝင် လုပ်ငန်းတွေပေါ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာမျိုး ပြည့်တန်ဆာခန်း အနှိပ်ခန်းတို့ လို ဟာမျိူုးတွေ လောင်းကစားလို ဟာမျိုးတွေ ရပ်ခိုင်းထားတာပဲ ရှိပါတယ်။ ကျန်တာကတော့ ပုံမှန်အတိုင်း ဒီအတိုင်းပါပဲ။ ပြန်သွားပြီးတဲ့နောက်ပိုင်း ဒီအတိုင်း ပုံမှန်ပဲ တူးကြတာပါပဲ။ "

ဖားကန့်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကလည်း ယာဉ်၊ ယန္တရားတွေ တင်သွင်းတာတွေ မတွေ့ရတော့ကြောင်း ပြောဆိုပြီး တူးဖော် ထုတ်လုပ်တာတွေကတော့ ၂၄နာရီအချိန်ပြည့် ဆောင်ရွက်နေတယ် လို့ အခုလို ပြောပါတယ်။

"အသည်းအသန် လုပ်နေတာတွေကတော့ နည်းနည်းမှ မလျျှော့သေးဘူး။ ၂၄နာရီပတ်လုံး ကုမ္ပဏီတိုင်းလိုလို ၂၄ နာရီ အလုပ်လုပ်တယ်။ ကုမ္ပဏီတခုကို အနည်းဆုံး ကားအစီး ရာနဲ့ချီ သုံးတယ်။ အနည်းဆုံး တစ်ရာကျော်၊ နှစ်ရာ၊ သုံးရာ မြေသယ်ကားတွေ ဘက်ဖိုးတွေကလည်း နည်းတာမဟုတ်ဘူး။ အစီး သုံးလေး ငါးဆယ် အသည်းအသန် လုပ်နေတာ။ ၂၄ နာရီ လုပ်နေတာနော်။ ၂၄နာရီ လုပ်နေတဲ့နေရာမှာ ကားတွေက ဘယ်လောက်အထိအောင် များသလဲဆိုရင် ကားတစ်စီးနဲ့ တစ်စီးဟာ စက္ကန့်မလပ်ဘူး ထွက်နေတာ။ မြေစာသယ်ကားကြီးတွေ လည်း ကြည့်လိုက်မယ်ဆိုရင် အနည်းဆုံးက တန် ခြောက်ဆယ်ကျော် ကနေ တန်တစ်ရာကျော် အထိ ကားတွေချည်းပဲ။ နှစ်ပေါင်းငါးဆယ် သမားရိုးကျ လုပ်ခဲ့တာဟာ အခုတစ်လတည်း လုပ်တာနဲ့ညီမျှအောင် အဲ့လောက်အထိအောင်ကို လုပ်နေတာ။ အဲ့လောက်ကြီး ကြောက်စရာကောင်းအောင်ကို လုပ်နေကြတာ။"

ဒီလို တူးဖော်ဆောင်ရွက်နေချိန်မှာ မတော်တဆ ထိခိုက်သေဆုံး တာတွေ ဟာ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေတယ်လို့လည်း ဦးတင်စိုးက ဆက်ပြောပါတယ်။

"သေနေတာ နေ့တိုင်းလို သေနေတယ်ဗျာ။ ဒီနေ့ကိုပဲ မြေစာ ထပ်ပြိုတယ်။ ပြိုတာကလည်း လုံးခင်း အုပ်စု၊ လုံးခင်း အုပ်စုထဲမှာ ကျနော် သွားကြည့်တယ်။ ဘေးက လူ မျက်မြင်တွေရဲ့ ပြောကြားချက်အရ လူ ၁၀ယောက်နဲ့ ၁၅ယောက်ကြားတော့ ပါသွားတယ်လို့ ကျနော်တို့ သိရတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးတွေ ပြန်လည်တူးဖော်မှု ဘာမှ မလုပ်သေးဘူး ကျနော် နေ့လည် ၁၂နာရီမှာ ပြန်လာတယ်။ မြေစာပုံ ပြိုလို့ သေတယ်။ မြေစာပုံမှာ ခဲမှန်လို့ သေတယ်။ အခုပြောနေတဲ့ အချင်းအရာက ကျနော့် လုံးခင်း တခုတည်းအတွက်ပဲ ပြောနေတာ။ အခြား အခြားမှော်တွေမှာ ဖြစ်တာမဟုတ်ဘူး။ ကျနော့် လုံးခင်းမှာ ပဲ နေ့စဉ်ရက်ဆက်ဆိုသလို သေနေတယ်။ ဒီရက်ပိုင်းမှာကိုပဲ ဆယ်ယောက်လောက် ရှိနေပြီ သေနေတာ။ တပတ်အတောအတွင်းမှာကို။"

ဖားကန့်ဒေသအတွင်းမှာ မြေစာပုံပြိုကျပြီး လူရာနဲ့ချီ သေဆုံးရတာ၊ စက် ယန္တရားကြီးတွေ သုံးပြီး အလွန် အကျွံကျောက်စိမ်း တူးဖော်နေ တာတွေကြောင့် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က နိုင်ငံတော်သမ္မတဆီကို သဝဏ်လွှာပေးပို့ခဲ့ရသလို အစိုးရကလည်း ဖားကန့်ဒေသကို သွားရောက်စစ်ဆေးဆောင်ရွက်တာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG