သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပက်ထရစ် ကွန်ဂျာလီ အမှုစစ်ဆေးခြင်း ကန် သံအမတ် လာရောက်လေ့လာ


တရားရုံးချိန်းမှာ အမေရိကန်သံအမတ်ကြီး က ပက်ထရစ် မိသားစုဝင်တွေ နဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ Credit to- မခွန်ဂျာ
တရားရုံးချိန်းမှာ အမေရိကန်သံအမတ်ကြီး က ပက်ထရစ် မိသားစုဝင်တွေ နဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ Credit to- မခွန်ဂျာ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော် လှောင်ပြောင် ထားတဲ့ ဓာတ်ပုံတွေကို Facebook စာမျက်နှာမှာ ဖြန့်ဝေ ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကချင်တိုင်းရင်းသား ပက်ထရစ် ကွန်ဂျာလီကို ဒီကနေ့ လှိုင်မြို့နယ်တရားရုံးမှာ ၇ ကြိမ်မြောက် အဖြစ် ရုံးထုတ် စစ်ဆေးရာမှာ ဆရာဝန်ရဲ့ ထွက်ဆိုချက်ကို ရယူနိုင်ဖို့ ဆရာဝန်ခေါ်ယူ စစ်ဆေးခွင့်ပြုလိုက်ပေမယ့် ဒီတခေါက်မှာလည်း အာမခံ မရခဲ့ပါဘူး။ သတင်းအပြည့်အစုံ ကိုတော့ ဗွီအိုအေ သတင်းထောက် မမေခက တင်ပြထားပါတယ်။

ထောင်ဒဏ် သုံးနှစ်အထိ ချနိုင်တဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံ ထားရတဲ့ ကချင်တိုင်းရင်းသား ပက်ထရစ် ကွန်ဂျာလီရဲ့ ကျန်းမာရေး အခြေအနေကြောင့် အာမခံရဖို့အတွက် ဆရာဝန်ရဲ့ ထွက်ဆိုချက်ရယူနိုင်ဖို့ ဆရာဝန်ခေါ်ယူ စစ်ဆေးခွင့်ကို ဒီကနေ့ ရုံးထုတ်မှာ တရားရုံးက လက်ခံခွင့်ပြု ပေးလိုက်တယ်လို့ ပက်ထရစ် ကွန်ဂျာလီ ရဲ့ ဇနီးဖြစ်သူ မမေစံပယ်ဖြူက ပြောပါတယ်။

ဒီလိုခွင့်ပြုလိုက်ပေမယ့်လည်း ဆရာဝန် ထွက်ဆိုနိုင်ဖို့ အခက်ခဲတွေ ရှိနေတယ်လို့ သူမက ခုလိုပြောပါတယ်။

"ထောင်ဆရာဝန်တွေကို တရားရုံးမှာ အဲ့လို လာပြီးတော့ သက်သေထွက်ဆိုတာမျိုး မလုပ်ရဘူးလို့ ညွှန်ကြားချက် ပေးထားတယ်လို့ ကျမတို့က သိရတယ်။ အဲ့ဒီ့အတွက်ကြောင့် ထောင်ဆရာဝန်ကလည်း လာထွက်မှာမဟုတ်ဘူး။ အဲ့လိုပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ရက်နေ့ ရုံးချိန်းတုန်းက ဆေးခန်းကို ခေါ်သွားရ တာလေ။ သူ့ကို ဆေးစာရေးပေးလိုက်တာပဲ တကယ်တော့။ ဒါပေမဲ့လည်း အဲ့ကဆရာဝန်ကလည်း တရားရုံးက ဆင့်ခေါ်တာမဟုတ်ဘူးဆိုရင် တရားရုံးမှာ လာပြီး သက်သေ ထွက်ပေးပါလို့ပြောရင် အထူးသဖြင့် ဒီလိုအမှုတွေက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုတွေဖြစ်တဲ့အတွက် အဲ့ဒီ့ဆရာဝန်ကလည်း လာထွက်ဆိုပေးမှာ မဟုတ်ဘူးလို့ ကျမတို့တွေက ခန့်မှန်းလို့ရတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူမှ ဒီလိုမျိုး ကိစ္စတွေမှာ ပြသနာလည်း အတက် မခံချင်ကြဘူးလေ။ အစိုးရ ဝန်ထမ်းဖြစ်နေတဲ့သူတွေပေါ့လေ။ ထွက်ချက်ရမှပဲ အာမခံဆိုတာချည်းကို စဉ်းစားမယ်ဆိုတော့ ရှင်းရှင်းပြောရင်တော့ မဖြစ်နိုင်တဲ့ ဥစ္စာချည်းကို သူတို့ အပြစ်လွတ်အောင် အကြောင်းပြချက် ပေးတဲ့သဘောမျိုးပဲ ဖြစ်နေတာပေါ့။"

ပက်ထရစ် ကွန်ဂျာလီကို နည်းဥပဒေမထွက်သေးတဲ့ ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲဆို ထားတာဖြစ်ပြီး ဆက်သွယ် ရေး ကွန်ရက်တခုကို သုံးပြီး အသရေဖျက်မှု ဆိုတဲ့ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုထားတာပါ။

ဒီကနေ့ရုံးချိန်းကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်ခဲ့ပြီး မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီလို အမေရိကန်သံအမတ်ကြီးအနေနဲ့ တရားရုံးကို လာရောက်လေ့လာတာနဲ့ ပတ်သတ်ပြီး ပက်ထရစ် ကွန်ဂျာလီ အမှုကိုရှေ့နေ လိုက်ပါဆောင်ရွက်နေ တဲ့ ရှေ့နေဖြစ်သူ အယ်လ်ခွန်ရိန်ပန်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူနဲ့ဆက်သွယ်လို့ မရခဲ့ပါဘူး

လက်ရှိ ကချင်တိုင်းရင်းသား ပက်ထရစ်ကွန်ဂျာလီရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်ရသလို ထောင်ဆေးရုံက အထူးကြပ်မတ် ကုသဆောင်မှာ တင်ထား ရတာ တစ်လကျော်ကြာနေပြီဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေမှာတိုး တက်ကောင်းမွန် လာတာမရှိဘဲ အခြေအနေတခုကို ထိန်းနေရတဲ့ အခြေအနေသာ ရှိနေကြောင်း ၊ သူ့ရဲ့ကျန်းမာရေး အခြေအနေမှာ စိုးရိမ်နေရတဲ့အခြေအနေမှာရှိနေကြောင်း မမေစံပါယ်ဖြူကပြောပါတယ်။

လက်ရှိ မြန်မာပြည်ရဲ့ တရားဥပဒေစီရင်ရေးနဲ့ ပတ်သတ်ပြီး မမေစံပါယ်ဖြူက သူ့ထင်မြင်ချက်ကို အခုလိုပြောပြပါတယ်။

" ကျမတို့နိုင်ငံမှာကလေ အခက်အခဲဆုံးက ဘာလဲဆိုတော့ အမြင်ကတ်ပုဒ်မ ကို ကျော်လွှားရတဲ့ ပြသနာပဲ။ အခု ဒီကိစ္စမှာ တရားဥပဒေအရ ထင်ထင်ရှားရှား ကျမတို့တွေ ခိုင်လုံတဲ့ သက်သေ မရှိပဲနဲ့လည်း စွဲထားတဲ့ကိစ္စမှာ အမြင်ကတ် ပုဒ်မ ဖြစ်နေတဲ့ အခါကျတော့ အကုန်လုံးက အထက်အမိန့်နဲ့ပဲ ဆိုတဲ့ဟာနဲ့ပဲ တရားစီရင်ရေးမဏ္ဍိုင် တခုလုံးကလည်း တရားမျှတမှု မရှိဘူး။ လွတ်လပ်မှု မရှိဘူး။ ပြီးတော့ ဘယ်သူကမှလဲ ဒီလိုကိစ္စမျိုးမှာ ကူညီဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့နော်။ အသနားခံစာ တင်ရအောင်ကလည်း တပ်ချုပ်ဆီကို တိုက်ရိုက် ကျမ စာတင်ဖူးပါတယ်။ ဒါပေမဲ့ No Response လေ။ ဦးရဲထွဋ် မိန်းမ အမှုတုန်း ကတော့ တောင်းပန်လိုက်တယ်။ ကျေအေးလိုက်တယ်ပေါ့။ တောင်းပန် တယ်ဆိုတာကလည်း ကျေအေးချင်စိတ် ရှိတဲ့သူအပေါ်မှာ မူတည်တယ်လို့ ကျမတို့ကတော့ ယူဆပါတယ်။ နဂိုကတည်းက အမြင်ကတ်လို့ မှတ်လောက်သားလောက်အောင် တမင်တကာ လုပ်တဲ့ ကိစ္စမျိုးကိုတော့ ကျမတို့က တောင်းပန်လည်း မကျေအေးသူက မကျေအေးရင် ဒီအမှုက ဒီလိုပဲ ဆက်ပြီး ကြာနေဦးမှာပဲ။"

တပ်မတော်က အသစ် ပြောင်းလဲလိုက်တဲ့ အစိမ်းနုရောင် ဝတ်စုံသစ် ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဝတ်အစား အရောင်နဲ့ နှိုင်းယှဉ်ပြီး လူမှုကွန်ယက် Facebook စာမျက်နှာမှာ မျှဝေခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပက်ထရစ်ကွန်ဂျာလီ အပါအဝင် ဧရာဝတီတိုင်း မအူပင်မြို့က မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို ဟာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ ဒီပုဒ်မတွေနဲ့ အရေးယူခံရသူတွေ သူတို့ နှစ်ဦးစလုံးဟာ အာမခံလျှောက်ထား ပေမယ့် တရားရုံးတွေက အာမခံ မပေးထားပါဘူး။

XS
SM
MD
LG