သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် အင်ဂျန်းယန်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲဖြစ်


ကချင်ပြည်နယ်တွင်းက စစ်ဘေးရှောင်စခန်းတခု (ယခင်ပုံဟောင်း)
ကချင်ပြည်နယ်တွင်းက စစ်ဘေးရှောင်စခန်းတခု (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

ကချင်ပြည်နယ် မြစ်ဆုံအထက်ပိုင်းဒေသ အင်ဂျန်းယန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြားတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က တပ်တွေ လှုပ်ရှားနေတာကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ မြစ်ကြီးနားမြို့ကို တိမ်းရှောင်နေရပါတယ်။ KIA ဘက်ကတော့ အရင်ရက်က တိုက်ပွဲဖြစ်တာရှိပေမဲ့ လောလောဆယ်မှာတော့ စစ်ကောင်စီတပ်တွေ မြစ်ကြီးနားဘက်ကို ပြန်ရွှေ့လာနေပြီဖြစ်ကြောင်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအခြေအနေနဲ့ တိုက်ပွဲအကြောင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသားလက်နက်ကိုင် KIO ထိန်းချုပ်ထားတဲ့ အင်ဂျန်းယန်မြို့နယ်အတွင်းမှာ ဒီလဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီဘက်က တပ်တွေ တိုးချဲ့ခဲ့တာရှိသလို ကချင်လက်နက်ကိုင် အဖွဲ့ KIA ကလည်း လမ်းပိတ်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ ရှိခဲ့တာပါ။

ဒီရက်ပိုင်းမှာ နှစ်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးလှုပ်ရှားမှုတွေများတာကြောင့် ရွာသားတွေ မြစ်ကြီးနားကို တိမ်းရှောင်နေရပြီး တောင်ယာတွေ ပစ်ထားခဲ့ရကြောင်း ဒေသခံရွာသားတဦးက VOA ကို ပြောပါတယ်။

“ဒီလ ၇ ရက်ပေါ့။ ၇ ရက်ကနေ ဆွမ့်ဒွန်ဘွမ် ပို့စ်ပေါ့ဗျာ။ KIA ရှိတဲ့ ဆွမ့်ဒွန်ဘွမ် ပို့စ်မှာ တပ်မတော်စစ်တပ်က လာတိုက်တာပေါ့ဗျာ။ တိုက်ပွဲတော့ ၂ ခါပဲဖြစ်တယ်။ ဒါပေမဲ့ သူတို့က ကားလမ်းဘက်မှာထွက်လိုက်၊ တောထဲဝင်လိုက်နဲ့အဲလို နေ့ညလှုပ်ရှားနေတယ်ဆိုတော့ ကျနော်တို့ ဒီ ရွာလေးတွေတော့ အားလုံးထွက်ပြေးနေတာ ဒီနေ့ထိပဲ။ လူတော့ အားလုံးဆိုတော့ ၁၀၀ ကျော်၊ ၂၀၀ လောက်တော့ ရှိမယ်ထင်တယ်။ ခုချိန်တော့ အရေးကြီးတာတော့ စပါးရိတ်သိမ်းစအချိန်ဆိုတော့ အားလုံးတောင်ယာတွေလည်း ထားခဲ့ရတာလေ။”

ဂွေထောင်၊ တန်ဘော်ယန်၊ ဆနီတူယန်၊ ပဇီဆွပ်၊ ခွန်ဆန်တော်ယန်၊ဂျော်ဆာ၊ ဘွမ်နင်ယန် (၁၄ မိုင်) စတဲ့ရွာတွေက ရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ အများစုက ယခင်နေထိုင် ခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ သွားရောက်ခိုလှုံနေကြသလို ဆွေမျိုးတွေအိမ်မှာနေထိုင်သူတွေလည်း ရှိပါတယ်။ အချို့ရွာသားတွေကတော့ စပါးရိတ်သိမ်းလို့ ရမလားဆိုပြီး တောင်ယာတွေမှာကျန်နေရစ်တာ ရှိကြောင်းလည်း ပြောပါတယ်။

“ပြီးတော့ ၁၄ မိုင်ဆိုရင်တော့ အဲဒီဘက်မှာ တောထဲမှာရှိတာ ရှိသေးတယ်။ ခနတဖြုတ်တောင်ယာခင်းတွေ ဝင်ပြီးမှ စပါးတွေ ရိတ်သိမ်းလို့ ရမလားပေါ့။ အဲလိုအခြေအနေကို စောင့်နေပြီးမှပေါ့။ အိမ်ထောင်သည်တွေ ပေါ့ဗျာ။ အသက်ကြီးတာတွေ၊ ခလေးငယ်တွေတော့ ဒီဘက် အားလုံး ကူးခဲ့ပြီ။ တောထဲမှာတော့ အခုက ၅၀ ကျော်လောက်တော့ ရှိမယ်။ ”

နိုဝင်ဘာ ၁၄ ရက် ညနေ ၃နာရီကလည်း တိုက်ပွဲ ထပ်မံဖြစ်ပွားတာရှိကြောင်း ပြောပါတယ်အင်ဂျန်ယန်မြို့နယ်အတွင်းက စစ်ရေးအခြေအနေကိုတော့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“အင်ဂျန်းယန်ဘက်ကတော့ စစ်ကောင်စီဘက်က မြစ်ကြီးနားဘက်ခြမ်းကိုပေါ့ပြန်ဆုတ်သွားပြီလို့ ပြော တယ်။ စစ်ကြောင်းတွေ။ တပ်တွေလဲပြီးမှ မြစ်ကြီးနား တန်ဖဲပေါ့နော်။ မြစ်ဆုံပေါ့။ အဲဒီဘက်ကို ပြန်ထွက် သွားပြီလို့ ပြောတယ်။ ၃ ရက်လောက်ကြာပြီထင်တယ်။ အဲဒီဘက်မှာ ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်တာ။ ကျနော်တို့ရဲ့ တပ်ရင်း ၄ပေါ့နော်။ လမ်းမှာ အဲဒီမှာ ကြားဖြတ်ပြီးမှ တိုက်တယ်လို့ ပြောရမှာပေါ့။ သူတို့ ဆင်းသွားတဲ့ဟာကို။ လောလောဆယ်ကတော့ တိုက်ပွဲပြန်ဖြစ်တာမကြားဘူးဆိုတော့ ပြန်ငြိမ်သွားတဲ့သဘော ဖြစ်ပါတယ်။”

နိုဝင်ဘာ ၁၄ ရက် တနင်္ဂနွေနေ့ကတော့ ဖားကန်မြို့နယ်အတွင်းတိုက်ပွဲ ၃ နေရာဖြစ်ပွားခဲ့ကြောင်းနဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA က သိမ်းယူခဲ့တာရှိကြောင်းလည်း အခုလို ပြောပါတယ်။

“ဖားကန့်ဘက်က နမ့်ဂျန်ဆိုတဲ့ နေရာ၊ နမ့်ဂျန်ဆိုတဲ့ ၃နေရာမှာ တိုက်ပွဲဖြစ်တာ။ တစ်နေရာကိုတော့ KIA ဘက်က သိမ်းပိုက်လို့ ရတယ် ဆိုတဲ့သတင်းရှိပါတယ်။ ဒီကနေ့ကတော့ ဘာသတင်းမှ မကြားရသေး ပါဘူး။”

ဖားကန့်ဒေသခံတစ်ယောက်ကလည်း တနင်္ဂနွေနေ့က တိုက်ပွဲ ၃ နေရာဖြစ်ခဲ့ပြီး ဒီနေ့မှာတော့ အခြေအနေက ငြိမ်သက်နေတယ်လို့ ပြောပါတယ်။

“မနေ့ကတော့ တိုက်ပွဲဖြစ်တယ်။ ဒီနေ့တော့ ငြိမ်သက်နေတယ်။ တိုက်ပွဲက ကျနော်တို့ နမ့်ဂျန်ချောင်း၊ ချောင်းဖျားလေ။ နမ့်ဂျန်ချောင်းဖျား အဲဒီက စခန်း ၃ ခု၊ အောင်လဲန့်အဲဒီက စခန်း ၃ ခုမှာ ဖြစ်တယ်။ ရှေ့တန်းပို့စ် ပေ့ါ။ ”

၁၄ ရက်နေ့ညပိုင်းကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကားတစ်စီး မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုဟာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်ပြည်နယ် ရွှေကူနဲ့ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းကကသာ၊ ကောလင်း စတဲ့ မြို့နယ်တွေ အတွင်းမှာလည်း စစ်ကောင်စီနဲ့KIA၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


===========

{{Unicode}}

















===========

XS
SM
MD
LG