တရုတ်၊ မြန်မာနယ်စပ် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် အခြေစိုက်ထားတဲ့ လိုင်ဇာမြို့က ဈေးကြီးမှာ မနေ့ညက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းတွေအားလုံး မီးလောင်ကျွမ်းမှုမှာ ပါသွားခဲ့ပါတယ်။ အထိအခိုက်ကြောင့် သေဆုံး ဒဏ်ရာရတာ မရှိပေမဲ့ ဆိုင်ခန်းတွေ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသွားတဲ့ ငွေပမာဏကတော့ သိန်း ၃၀,၀၀၀ ကျော်လောက် ရှိတယ်လို့ KIO ကယ်ဆယ်ရေးအဖွဲ့က ခန့်မှန်းထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
KIO ထိန်းချုပ်ရာနယ်မြေ လိုင်ဇာမြို့က ဈေးကြီးမှာ ညသန်းခေါင်ချိန်ကနေ မီးအရှိန်ပြင်းပြင်း စလောင်နေတာ တွေ့ရတယ်လို့ မျက်မြင် ဒေသခံတယောက်က အခုလို ပြောပါတယ်။
“တနာရီ၊ နှစ်နာရီ ထိုးခါနီးမှာ ကျနော် အဲဒီနေရာ ရောက်တယ်။ အဲဒီအချိန်ကျတော့ ဘယ်လိုမှ ငြှိမ်းလို့မရပါဘူး။ မီးက အရှိန် တအားကောင်းနေတော့ မနက် ၅ နာရီလောက်မှ လောင်စရာရှိတဲ့ဟာ အားလုံးလောင်သွားမှပဲ သူ့ဟာသူ မီးအရှိန် လျော့သွားပြီး အဲဒီအချိန်ကျမှ မီးက ငြိမ်းသွားတယ်လို့ ပြောနိုင်ပါတယ်။ လေးထပ်တိုက်တွေလေ၊ လေးထပ်တိုက်ရဲ့ အထက်တောင်မှ မီးခိုးလုံးတွေက မည်းပြီးမှ လေးထပ်တိုက်ရဲ့ အထက်တောင်မှ သူ့ရဲ့ မီးလျှံတွေက အဲဒီမှာ လိုင်ဇာမြို့ တမြို့လုံးဗျာ လင်းထိန်နေတာပဲ။
“KIA ဒီလိုင်ဇာမြို့က မီးသတ်အဖွဲ့ ရှိပါတယ်၊ မီးသတ်ဌာန ရှိပါတယ်။ သူတို့အဖွဲ့က မီးသတ်ကား ၂ စင်းနဲ့တော့ မီးငြှိမ်းရှာပါတယ်။ တစီးက အလုပ်မဖြစ်တော့ဘူး။ တစီးနဲ့ပဲ ခေါက်တုန့်ခေါက်ပြန်၊ မီးက အရှိန်ကောင်းတော့ ဘယ်လိုနည်းမှ မီးငြှိမ်းသတ်လို့မရ ဖြစ်နေခဲ့ပါတယ်။”
မီးလောင်မှု စဖြစ်တာကို အတိအကျ မရသေးတဲ့အတွက် တချို့ကတော့ ဝါယာကြိုး လျှော့ဖြစ်လို့ မီးလောင်တယ်လို့ ပြောပြီး တချို့ကတော့ ဖယောင်းတိုင် မီးကနေ စလောင်တယ်လို့ အမျိုးမျိုး ယူဆနေကြပါတယ်။
ဘယ်လိုစလောင်တယ်ဆိုတာ အတည်ပြုလို့ မရသေးပေမဲ့ မီးလောင်မှုဟာ လိုင်ဇာဈေး အထည်ဆိုင်ကနေ စလောင်တာ ဖြစ်တယ်လို့ KIO အရပ်ဘက် အုပ်ချုပ်ရေးနဲ့ ကယ်ဆယ်ရေး ကော်မတီ တာဝန်ခံ ဗိုလ်မှူး နော်အောင်က ပြောပါတယ်။
“အမှတ် ၁ အဝတ်အထည်နဲ့ အလှကုန်ပစ္စည်းတန်းမှာ စလောင်တယ်၊ ည ၁၂ နာရီခွဲမှာ စလောင်တယ်။ ဆိုင်ခန်းနံပါတ် C7 မှာ တရုတ်အမျိုးသား၊ အမျိုးသမီး၊ သူတို့ အဝတ်အထည် ရောင်းတဲ့ဆိုင်ကနေ စလောင်တာဖြစ်တယ်။ ဆုံးရှုံးမှုတွေတော့ရှိတယ်။ တဆိုင်ထဲ မန္တလေးစတိုးဆိုင် အတွင်းမှာကို သိန်း ၂,၀၀၀ ပတ်ဝန်းကျင်လောက် ဆုံးရှုံးမှုရှိတယ်။ ဆိုင်ပေါင်း ၁၀၆ ခန်း လောင်သွားတယ်၊ အိမ်က ၉ အိမ်၊ နောက် ကော်မတီရုံး တအိမ်၊ ကော်မတီရုံး ဆိုတာက ရပ်ကွက်ကော်မတီရုံး၊ ဒဏ်ရာရတဲ့လူက ဟိုတယ်ပေါ်က ခုန်ဆင်းတဲ့လူ တယောက်စ၊ နှစ်ယောက်စတော့ ဒဏ်ရာရတဲ့သူ ရှိတယ်။”
မီးလောင်မှု ဖြစ်ပွားတဲ့ ဈေးနေရာတဝိုက် နောက်ဆုံးအခြေအနေမှာတော့ ဆိုင်ခန်းပိုင်ရှင်တွေက လောင်သွားတဲ့ ပစ္စည်းတွေ၊ အစအနတွေကို ရှာဖွေနေတာ တွေ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
“ဆိုင်ရှင်တွေ အနေနဲ့ကတော့ ရွှေဆိုင်က သုံးဆိုင် ပါသွားပါတယ်။ အဲဒီရွှေဆိုင်က လူတွေကတော့ လောင်သွားတဲ့ အထဲက ရွှေရည် ကျန်နေတဲ့ဟာ ရှိသေးမလား ဆိုပြီးမှ ဒီပြာပုံထဲက၊ မီးခဲပုံထဲက သူတို့က လိုက်လံရှာတယ်။ နောက်ပြီးမှ KIO အနေနဲ့ကတော့ ဒီလောင်နေတဲ့မီးကို မီးခဲတွေ မီးစတွေကို အားလုံးငြှိမ်းသတ်နေတာ၊ အဲဒီအခြေအနေ ရှိနေပါတယ်။”
KIO ဗဟိုကော်မတီက ကယ်ဆယ်ရေး ကော်မတီ ချက်ချင်းဖွဲ့ပြီး သိန်း ၁,၀၀၀ ချပေးကာ ဆိုင်ခန်းပိုင်ရှင်တွေကို လောလောဆယ် အထက်တန်းကျောင်းနဲ့ ဘုရားကျောင်းမှာ နေရာချထားပြီး စားစရာ၊ ဆေးဝါးကုသမှုတွေ လုပ်နေတယ်လို့ ကယ်ဆယ်ရေး တာဝန်ခံ ဗိုလ်မှူး နော်အောင်က ပြောပါတယ်။
ကချင်ပြည်နယ်အတွက် ကုန်သွယ်ရေးမှာ အဓိကျတဲ့ ဈေးလောင်ကျွမ်းသွားတဲ့ အတွက် ကချင်ပြည်နယ်ရဲ့ ကုန်သွယ်ရေးမှာ ထိခိုက်နစ်နာမှုတွေ ရှိနိုင်တယ်လို့ တရုတ်နယ်စပ် အကဲခတ် လေ့လာသူ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်က ကိုအောင်ဝါက အခုလို သုံးသပ်ပါတယ်။
“လိုင်ဇာမှာ အဓိက ဈေးသုံးခုရှိတယ်။ ဈေးသုံးခုရှိတဲ့ အထဲမှာမှ နယ်စပ် အနီးဆုံးဂိတ်နဲ့ နီးတဲ့ဈေးဖြစ်တယ်။ ဒါကြောင့် အတိုင်းအတာ တခုတော့ ပြည်သူလူထု အတွက်တော့ ထိခိုက်မှုတော့ ရှိပါတယ်။ နောက်တခုက ဒီနေရာဟာ ဗန်းမော်၊ မြစ်ကြီးနားကနေ ကချင်ပြည်အတွက် ဖောက်သည်ယူတဲ့ နေရာဖြစ်တယ်။ တရုတ်ပစ္စည်းတွေ ဝင်ထွက်နေတဲ့နေရာ ဖြစ်တယ်။
“အဓိကတော့ ဒီအထည်လုပ်ငန်းတွေ၊ တခြား အသေးသုံး တရုတ်ပစ္စည်းတွေ၊ အသေးသုံးကအစ၊ အိမ်ဆောက်ပစ္စည်းတွေ ဒီမှာ အဝင်အထွက် ရှိတာကိုး။ ဒီအတွင်းဘက်ကို သွားဖို့လာဖို့ဆိုတာ ဖောက်သည်တွေက ဒီကနယ် တဆင့် သွားနေတာ၊ ဒါကြောင့် ဒါက တစုံတခု ထိခိုက်နိုင်တယ်။”
အခုနောက်ဆုံး ခန့်မှန်းချက်အရ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသွားတဲ့ အရေအတွက်ဟာ ကျပ်သိန်း ၃၀,၀၀၀ လောက် ရှိနေပြီး ဆိုင်ခန်းကတော့ ၁၁၉ ခန်းဖြစ်တယ်လို့ KIO ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။