သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အမတ်တဦး အပါအဝင် NDA-K ခေါင်းဆောင်ဟောင်း ၂ ဦး နေအိမ်အကျယ်ချုပ် ချခံရ


လွှတ်တော်အမတ်တဦး အပါအဝင် NDA-K ခေါင်းဆောင်ဟောင်း ၂ ဦး နေအိမ်အကျယ်ချုပ် ချခံရ
လွှတ်တော်အမတ်တဦး အပါအဝင် NDA-K ခေါင်းဆောင်ဟောင်း ၂ ဦး နေအိမ်အကျယ်ချုပ် ချခံရ

အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ပြီး တိုက်ပွဲတွေ ဖြစ်တဲ့အထိ KIA နဲ့ မြန်မာတပ်တွေအကြား တင်းမာနေချိန်မှာ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ခေါင်းဆောင်လည်းဖြစ်၊ လက်ရှိ အမျိုးသားလွှတ်တော်အမတ် ဦးစခုန်တိန့်ယိန်းကို သူ့နေအိမ်မှာ ထိန်းသိမ်းထားလိုက်တယ်လို့ ဆွေမျိုးနီးစပ်တော်သူ တဦးက ပြောပါတယ်။ သူနဲ့ NDA-K ခေါင်းဆောင်ဟောင်း နောက်တယောက်ကိုလည်း ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ရဲ့ အမိန့်နဲ့ မြစ်ကြီးနား နေအိမ်မှာ ပြင်ပကို ထွက်ခွာခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းခဲ့တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ရဲ့ စစ်ဦးစီးချုပ်ဟောင်း ဖြစ်ခဲ့တဲ့ ဦးဝေါ့လော်နဲ့ ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့တဲ့ အမျိုးသားလွှတ်တော်အမတ် ဦးစခုန်တိန့်ယိန်းကို နယ်ခြားစောင့် NDA-K တပ်နဲ့ အဆက်အသွယ် မရအောင် မြန်မာအစိုးရက ဖြတ်တောက်လိုက်ခြင်း ဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ တောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ်ကို အလွယ်တကူ သဘောတူညီ ဖွဲ့စည်းခဲ့တဲ့ စစ်ဦးစီးချုပ်ဟောင်းနဲ့ ဦးစခုန်တိန့်ယိန်းဟာ သူတို့ရဲ့ တပ်ဖွဲ့ဟောင်းတွေမှာ သြဇာညောင်းသူ ဖြစ်တဲ့အတွက် အခုလို ပိတ်ပင်ခံရတာ ဖြစ်တယ်လို့လည်း သူတို့နဲ့ နီးစပ်တဲ့ ဒေသခံက ကချင်လို ပြောပါတယ်။

“သူ့ကို မြစ်ကြီးနားမှာပဲ ဘယ်မှမသွားနဲ့လို့ ပြောထားတယ်တဲ့။ သူတို့ ၂ ယောက်ရဲ့ သြဇာအာဏာ အဟောင်းတွေ၊ သူတို့ ၂ ယောက်ကို ယုံကြည်တဲ့သူတွေ ရှိဦးမယ်ဆိုပြီး လုပ်တဲ့သဘောပေါ့။ သူ့တပ်ဖွဲ့က လူတွေကို ရှေ့တန်းမှာသုံးတယ် ပြောတယ်။ အဲဒါကြောင့် သူတို့ ၂ ယောက်ကို ထိန်းသိမ်းထားတာက သူ့လူတွေ အဲဒီမှာသုံးတော့ ပစ်ခတ်လာရင် သူ့လူတွေနဲ့ ပြန်ပြီး စကားပြောဆို မိန့်ကြားတာတွေ ရှိလာမှာစိုးလို့ အခြေအနေကိုကြည့်ပြီး ဖြတ်တောက်လိုက်တာလို့လည်း သုံးသပ်လို့ ရပါတယ်။”

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ရဲ့ အမိန့်နဲ့ သူတို့ခေါင်းဆောင် ၂ ယောက်ကို မြစ်ကြီးနားမြို့ နေအိမ်ပြင်ပကနေ မထွက်ဖို့ ပိတ်ပင်လိုက်တာ ဖြစ်ပြီး သူ့ရဲ့ မိသားစုဝင်တွေကလည်း စိုးရိမ်ပူပန်နေတယ်လို့ သိရပါတယ်။

ဦးစခုန်တိန့်ယိန်း ခေါင်းဆောင်တဲ့ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ဟာ မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့၊ ပြည်သူ့စစ်အတွက် နယ်ခြားစောင့်တပ်ကို အသုံးမပြုဖို့နဲ့ ပြည်ပရန်သူ အတွက်သာ အသုံးပြုမယ်ဆိုတဲ့ အစိုးရနဲ့ NDA-K ကြားက သဘောတူညီချက်အရ အခုလို နယ်ခြားစောင့်တပ်ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ ပြောင်းလဲခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

NDA-K ကို ဖျက်သိမ်းပြီးတဲ့ နောက်မှာလည်း သူတို့ ၂ ယောက်ဟာ တပ်ရင်း ၃ ခုနဲ့ ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ် အပေါ်မှာ သြဇာလွှမ်းမိုးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ သြဇာလွှမ်းမိုးသူတွေ ဖြစ်လို့လည်း ဦးစခုန်တိန့်ယိန်းဟာ ရွေးကောက်ပွဲ မယှဉ်ပြိုင်ခင်မှာ မြန်မာအစိုးရ တပ်တွေနဲ့ တင်းမာနေခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို ဆူပူအောင် လုပ်နေတာရပ်ဖို့၊ ငြိမ်းချမ်းရေးကို ရှေ့ရှုဖို့အတွက် တိုက်တွန်းခဲ့ပါသေးတယ်။

XS
SM
MD
LG