သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်အားပေးဆရာမ ၂ ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရကို အမေရိကန်တောင်းဆို


(Photo Credit: Kachin Baptist Churches)
(Photo Credit: Kachin Baptist Churches)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးရွာမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာမနှစ်ဦးကို ဒီလ ၁၉ ရက်ညနဲ့ ၂၀ ရက်နေ့မနက် အစောပိုင်းလောက်မှာ အမည်မသိသူတွေက အဓမ္မပြုကျင့် နှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ်ခဲ့ကြတယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့မနက်မှာ ပန်ဆိုင်း (ကြူကုတ်) ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာကို သွားရောက်ပြီး ဒေသခံတွေနဲ့ တပ်မတော်သားတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့ မနက်က ကောင်းခါးရွာအနီးကို ခမရ ၅၀၃ က စစ်ကြောင်းတကြောင်း လာရောက် စခန်းချတာကြောင့် တပ်မတော်သားတွေကို ခေါ်ယူစစ်ဆေးတာ ဖြစ်ပါတယ်။

အခုလို ကချင်လုပ်အားပေး ဆရာမနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သတ်လို့ ဒီအမှုကို စုံစမ်းစစ်ပြီး ထိရောက်စွာ အရေးယူဖို့ အမေရိကန် နိုင်ငံခြားရေးဌာနကလည်း မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jen Psaki က ဗုဒ္ဓဟူးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က လုပ်အားပေးဆရာမနှစ်ဦး ရှမ်းပြည်မြောက်ပိုင်း ကျေးရွာတရွာမှာ အသတ်ခံရတဲ့သတင်း ကြားသိရပါတယ်။ သေဆုံးသူမိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း ပြောလိုပါတယ်။ ဒီအမှုကို အာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူတွေကို သမာသမတ်ကျပြီး ထင်သာမြင်သာရှိတဲ့ တရားဥပဒေအရ အရေးယူဖို့ တောင်းဆိုပါတယ်။ မြန်မာအစိုးရက ဒီကိစ္စနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ကျမတို့ကို အသိပေးခဲ့ပါတယ်။ အချက်အလက်တွေကို အခုချိန်ထိ လေ့လာနေဆဲ ဖြစ်ပါတယ်။

အသတ်ခံရတဲ့ လုပ်အားပေးဆရာမနှစ်ဦးတို့ရဲ့ အလောင်းကို မြစ်ကြီးနားကို သယ်ဆောင်သွားပြီး ဈာပနအခမ်းအနားကိုတော့ ဇန်နဝါရီလ ၂၂ ရက် ဒါမှမဟုတ် ၂၃ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်မှာ ပညာရေးဝန်ကြီးဌာနက စေလွှတ်တဲ့ ဆရာ၊ ဆရာမ အလုံအလောက် မရှိတာကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေအနေနဲ့ ကချင်လူထုပညာရေးအတွက် တာဝန်ယူ လုပ်ဆောင်ပြီး ၁၉၉၅ ခုနှစ်က စတင်ခဲ့တဲ့ ဒီပညာရေးအစီအစဉ်မှာ လုပ်အားပေးဆရာမတွေကို ခန့်အပ်ပြီး စာသင်ကြားပို့ချစေခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG