သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် ဝိုင်းမော်မြို့နယ်တွင်း တနေ့တည်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွား


KIA တပ်ဖွဲ့ဝင်များ (AFP)
KIA တပ်ဖွဲ့ဝင်များ (AFP)

[[ZAWGYI]]

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား ဒီနေ့ မနက်ပိုင်းက တိုက်ပွဲ ၃ကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ KIO ဘက်ကတော့ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတာ ၁၀ရက်ကျော်လာနေပြီး စစ်ရေးအခြေအနေဟာ ဆက်လက် တင်းမာနေကြောင်း ပြောပါတယ်။ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဘက်မှာတော့ စစ်ရေးတင်းမာမှုတွေဆက်လက်ရှိနေပြီး ဒေသခံအချို့ ဘေးလွတ်ရာ တိမ်းရှောင်နေတာတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်တွင်းက တိုက်ပွဲသတင်း ရန်ကုန်က ပေးပို့ထားတာ ကိုသားညွန့်ဦး ပြောပြပါမယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ရွာအနီးက နန်ဇော်ယန်မှာ ဇူလိုင် ၁၀ရက်နေ့က တိုက်ပွဲစတင် ဖြစ်ပွားခဲ့တာပါ။ ၁၁ရက်နေ့မှာတော့ စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်မှုရှိခဲ့ပြီး၊ နောက်ရက်တွေမှာ ဝိုင်းမော်အခြေစိုက် ခလရ ၅၈က လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ တိုက်ပွဲငယ်တချို့ရှိခဲ့ပါတယ်။ အခု ဇူလိုင် ၂၁ရက် ဒီနေ့မှာတော့ တိုက်ပွဲ ၃ကြိမ်လောက် ဖြစ်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက VOA ကို ပြောပါတယ်။

“ ဖြစ်နေတယ်။ အဲဒီ ဝစကားဘွမ် တောင်မှာ အဲဒီမှာ တိုက်ပွဲတွေဖြစ်တယ်။ နောက်ပြီးတော့ ဝါးရှောင်၊ ဝိုင်းမော်ကနေ တက်လာရင် ဝါးရှောင်အထက် ၁၃မိုင်ဂိတ်မှာလည်း မနက်စောစောဖြစ်တာ။ အဲဒီမှာ။ နောက် ၉နာရီလောက်ကနေတော့ ဝါးရှောင်လယ်တောအစပ်နားမှာပေါ့။ အဲဒီမှာ ဖြစ်တယ်။ အခု ဒီနေ့က ၃နေရာဖြစ်တာပေါ့။ လက်နက်ကြီးသံပဲ ကြားနေရတယ်။ မနက်ပိုင်း ၉နာရီ အဲဒီ ဝါးရှောင်ရွာအဆုံး လယ်တောအစပ်မှာကျတော့ လက်နက်အငယ်လည်း ကြားရတယ်။”

နှစ်ဘက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာနဲ့ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတာကြောင့် ဒေသခံတွေဟာ လယ်ယာစပါးစိုက်ပျိုးဖို့နဲ့ တောင်ယာခင်းတွေပေါင်းရှင်းဖို့အတွက် အခက်အခဲဖြစ်နေကြပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ဂေါ်ဆက်ယန်ရွာက အမျိုးသားတစ်ဦးပျောက်ဆုံးနေကြောင်းလည်း ဒေသခံက ဆက်ပြောပါတယ်။

“ ဝါးရှောင်က ဆိုင်ကယ်ပြင်တဲ့တစ်ယောက်ကတော့ ၁၈ရက် ဇူလိုင်နေ့မှာ အဲဒီ ဆိုင်ကယ်နဲ့ ထွက်သွားတာတဲ့ အဲဒါ ပျောက်နေတယ်။ လူက အခုထိ ပေါ်မလာဘူး။ ဆိုင်ကယ်ကျတော့ ဟိုး ရွာအဆုံး လယ်တောအစပ်နားက ဝါးရုံပင် ထဲမှာ တွေ့တာတဲ့။ အဲဒီလူငယ်က အသက်က ၂၆နှစ်လို့ ပြောတယ်။ ဝါးရှောင်အထက် ဂေါ်ဆက်ယန်က ။ မိဘမေတ္တာ ဆိုင်ကယ်ဝပ်ရှော့ဖွင့်ထားတဲ့သူဟုတ်တယ်။ သူက။”

ဒေသခံတွေကတော့ စစ်ကောင်စီတပ်က ဖမ်းသွားတာဖြစ်နိုင်ကြောင်း ယူဆနေပါတယ်။

ညနေ ၃နာရီလောက်မှာတော့ တိုက်ပွဲဖြစ်ပွားရာ နန်ဇော်ယန်ဘက်ကို လေယာဉ်တစင်း သွားကြောင်း ဒေသခံတွေက ပြောဆိုပြီး လေကြောင်းက တိုက်ခိုက်မှု ရှိ၊ မရှိကိုတော့ အသေးစိတ် မသိရသေးကြောင်း ပြောပါတယ်။

KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ဝိုင်းမော်ဒေသ တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“ မနက် ၉နာရီခွဲ၊ ၁၀နာရီဝန်းကျင်လောက်ကနေ တိုက်ပွဲပြန်ဖြစ်တာရှိပါတယ်ခင်ဗျ။ အဲဒီနေရာမှာကတော့ ဇူလိုင်လဆန်းပိုင်းကနေ သူတို့က စစ်ဆင်ရေးလုပ်နေတယ်ဆိုတော့ ၁၀ရက်ကနေ ဒီဘက်ပိုင်းကတော့ နေ့တိုင်းလိုလိုပေါ့။ တိုက်ပွဲဖြစ်တယ်။”

နန်ဇော်ယန်ဘက်မှာ လေကြောင်းတိုက်ခိုက်မှုရှိ၊ မရှိကိုတော့ သတင်းမရရှိသေးကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာဘက်မှာတော့ ဗုဒ္ဓဟူးနေ့နဲ့ ဒီကနေ့မှာ တိုက်ပွဲတွေ ပြန်လည် ငြိမ်သက်နေကြောင်း နဲ့ ကျေးရွာအတွင်းမှာ စစ်ကောင်စီဘက်က တပ်စွဲထားတာ ကြောင့် တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်ပြီး ဆယ်ဇင်းရွာသားတွေဟာ အင်းတော်ကြီးကို တိမ်းရှောင်တာတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

KIO ရဲ့ ပြန်ကြားရေးတာဝန်ခံကတော့ ဆယ်ဇင်းရွာလက်မှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ရေးတင်းမာမှုက မြင့်တက်နေဆဲရှိကြောင်း ပြောပါတယ်။

“ အဲဒီဘက်မှာလည်း တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်အင်အားတွေ၊ လက်နက်အင်အားတွေ အကုန်လုံးကို ဟယ်လီကော်ပတာနဲ့ ချပေးတာမျိုးတွေပေါ့နော်။ နောက် ဂျက်ဖိုက်တာနဲ့ လုံခြုံရေးယူပေးပြီးမှ စစ်အင်အားတွေ ပြန်ပြီးမှ ချပေးတာရှိလို့ အဲဒီဘက်မှာလည်း တင်းမာနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့အခြေအနေကတော့ အခုထက်ထိကတော့ ကျနော်အတည်ပြုပေးနိုင်တဲ့ သတင်းကတော့ မရှိပါဘူး။ ဒါပေမဲ့ ငြိမ်သွားတဲ့အနေအထားတော့ မဟုတ်သေးပါဘူးခင်ဗျ။”

ဆယ်ဇင်းရွာအနီးဖြစ်ပွားတဲ့တိုက်ပွဲဟာ ဇူလိုင် ၁၆ရက်နေ့က စတင်ခဲ့ပြီး ၁၇ရက်နေ့ကနေ ၁၉ရက်နေ့အထိ ၃ရက်ဆက်တိုက် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အခြေစိုက် KNG သတင်းဌာနကတော့ စစ်ကောင်စီတပ်တွေဟာ ဆယ်ဇင်းနဲ့ ချမ်းသာအေးရွာအတွင်းမှာ တပ်စွဲထားတာကြောင့် တိုက်ပွဲထပ်မံဖြစ်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ ပြင်ဆင်နေကြောင်း ဖော်ပြထားပါတယ်။

ဝိုင်းမော်နဲ့ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေ လီဆူပြည်သူ့စစ်နဲ့ SNA ရှမ်းနီ တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်တာရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီခြား အတည်ပြုချက်တော့ မရပါဘူး။

ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[[UNICODE]]


















#MyanmarViolence #VOABurmese #ကချင် #ဝိုင်းမော် #ဖားကန့် #KIA #KIO #ဗိုလ်မှူးကြီးနော်ဘူ

XS
SM
MD
LG