သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဖြစ်နေဆဲ


ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဖြစ်နေဆဲ

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပြောခဲ့သလို ပဋိပက္ခတွေ ပြေလည်မှု ရရှိသွားခြင်း မရှိဘဲနဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ပြောခဲ့တာဟာ မမှန်ဘူး၊ အစိုးရတပ်တွေရဲ့ စစ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်တာတွေဟာ ပုံမှန်ထက် ပိုအရှိန်မြင့်နေတယ်လို့ KIO က ပြောပါတယ်။ အခြေအနေ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

အခုချိန်ထိ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ အစိုးရတပ်တွေ ရှေ့တန်း စစ်မျက်နှာပြင်တွေမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ KIO ဗဟိုကော်မတီဝင် တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောပါတယ်။

“တင်းမာမှုတော့ လျော့သွားတာမျိုး မရှိဘဲနဲ့ ပိုပြီးတော့တောင်မှ တင်းမာလာတဲ့ အခြေအနေ တဖြည်းဖြည်း မြင့်လာတယ်လို့ ပြောလို့ရတယ်။ ပြောမယ်ဆိုရင်တော့ ကချင်ပြည်နယ် ဒေသ အနှံ့အပြားမှာ တင်းမာနေပါတယ်။ မနေ့ ညနေ ၃ နာရီလောက်မှာ ကချင်ပြည်နယ် ကာမိုင်းဘက်မှာ တိုက်ပွဲငယ်တခု ဖြစ်ပွားသေးတယ်။”

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖြစ်ခဲ့တဲ့ ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ မိုးကောင်းအခြေစိုက် ခလရ ၇၄ နဲ့ KIA တပ်ရင်း ၁၂ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာတော့ KIA ဘက်က အထိအခိုက် မရှိဘူးလို့ပြောပြီး မြန်မာစစ်တပ်ဘက်က အနည်းဆုံး ၃ ယောက်ကျတာ တွေ့ရတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

ဆက်လက်ပြီးလည်း ကချင်ပြည်နယ် နေရာအနှံ့ အစိုးရတပ်တွေ စစ်အင်အား တိုးချဲ့မှုတွေကိုသာ မြင်တွေ့နေရပြီး အရင်က တပ် မချခဲ့တဲ့ မြို့အနီးတ၀ိုက်မှာ စစ်တပ်နေရာယူလာတာ တွေ့ရတယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ ဆယ်မိုင်အထက် ခရစ်ယန် လက်ဝါးကပ်တိုင်တောင်အနီး စစ်သားတွေကို တွေ့မြင်ရတဲ့အတွက် ဒေသခံတွေ စိုးရိမ် ကြောက်လန့်နေတယ်လို့ ဆယ်မိုင်အထက် ဒေသခံ အမျိုးသမီးက အခုလို ပြောပါတယ်။

“ဟိုးတနေ့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်က လက်ဝါးကပ်တိုင်ရှိတဲ့ တောင်ဘက်ကို ကား ၂ စင်း အပြည့်နဲ့ ဗမာစစ်တပ် ချထားတယ်လို့ သတင်းရတယ်။ ကားလမ်းပေါ်က ဖြတ်သွားလိုက်တယ်၊ ကားသွားလိုက်တာပဲ တွေ့လိုက်တယ်။ အဲဒါ တောင်ပေါ်ဘက်မှာရှိတဲ့ လူကြီးတွေက ပြောတယ်။ အဲဒီဘက်မှာ ကား ၂ စင်းနဲ့ ချထားကြတယ်လို့ ပြောတယ်။”

မြစ်ကြီးနားမြို့ အနီးတ၀ိုက် ဒေသခံတွေအတွက် အခုလို စစ်တပ်တွေ ချဉ်းကပ်လာရင် KIO နယ်မြေနဲ့ ဝေးပြီး ဒေသခံတွေအတွက် ရှောင်ပြေးဖို့လည်း မလွယ်ကူတဲ့ အတွက်ကြောင့် စိုးရိမ်ပူပန်နေတယ်လို့ ဆက်ပြောပါတယ်။

“အဒေါ်တို့ စိုးရိမ်တာကတော့ အခု အဒေါ်တို့ရပ်ကွက် သိပ်မဝေးတဲ့ ဆယ်မိုင်ကျော်ကျော်လောက် မြို့ထဲမှာပေါ့၊ အဲဒီမှာ ရပ်ကွက်ထဲမှာ ၀င်တဲ့ ဒုက္ခသည်တွေ၊ အဒေါ်တို့က စစ်ဖြစ်မှာလည်း စိုးရိမ်တယ်၊ ပေါ်တာဆွဲမှာလည်း စိုးရိမ်တာပေါ့။ ဘယ်ဘက်ကို ပြေးရမလဲ မသိဘူး။ ဟိုဘက်ဆိုရင်လည်း တောင်၊ အရှေ့ဘက်ကို ဆိုရင်လည်း မြစ်ဆိပ်ဆိုတော့ တောင်ဘက်မှာလည်း အစိုးရစစ်တပ်တွေ ချထားတယ်လေ။”

အခုလို အစိုးရတပ်တွေ ကချင်ပြည်နယ် ဒေသအနှံ့ စစ်ရေးအင်အားတွေ အရှိန်မြင့်လာနေဆဲကြောင့် နှစ်ဘက် တင်းမာနေချိန်မှာ အစိုးရလွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ရန်ကုန်လွှတ်တော်အမတ်တွေနဲ့ သောကြာနေ့က တွေ့ဆုံပွဲမှာ ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်ရဲ့ ကြားဝင် ညှိနှိုင်းမှုကြောင့် ပဋိပက္ခတွေ တည်ငြိမ်သွားပြီ ဆိုတာဟာ လက်တွေ့မကျဘူးလို့ ဗဟိုကော်မတီဝင် တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောပါတယ်။

“ကျနော်တို့ ကချင်ဒေသဟာ အားလုံး တည်ငြိမ်သွားပြီဆိုတဲ့ ဒီပြောဆိုမှုဟာ ဘာကိုရည်ရွယ်ပြီး ပြောတယ်ဆိုတာ တပ်အပ်တော့ ပြောလို့မရဘူး။ ဒါ လုံးဝမဖြစ်နိုင်တာ၊ ပြောဆိုမှုနဲ့ တကယ် ရှေ့တန်းမှာဖြစ်တဲ့ ဖြစ်စဉ်က တခြားစီပဲ ဖြစ်နေပါတယ်ခင်ဗျ။”

ကချင်ပြည်နယ်တ၀ိုက် အောက်မြန်မာပြည်က ပို့ထားတဲ့ တပ်တွေကို ရုပ်ခြင်းမရှိတဲ့အပြင် နေ့စဉ်ရက်ဆက် ရှေ့တန်းမှာ တပ်တိုးတိုးလာနေပြီး ဒေသခံတွေကို ပေါ်တာဆွဲတာနဲ့ KIA အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ ရှိနေတယ်လို့ ပြောပါတယ်။

အခုလို နှစ်ဘက် တင်းမာနေတဲ့ အခြေအနေမှာ KIO ဘက်ကလည်း လမ်းတံတားတွေကို အဟန့်အတားဖြစ်အောင် ဗုံးဖောက်ခွဲမှုတွေ လုပ်နေချိန် တဘက်မှာလည်း မြစ်ကြီးနားမြို့အပြင် နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင် မြို့တွင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒါပေမဲ့ KIO ကတော့ ဒါဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး လူစည်ကားတဲ့ နေရာတွေနဲ့ ပြည်သူလူထုတွေကို အန္တရာယ် ဖြစ်စေမယ့် နေရာတွေမှာ ဖောက်ခွဲမှု မလုပ်ဘူးလို့ ပြောပါတယ်။

XS
SM
MD
LG