သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားမှာ ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲ


မြစ်ကြီးနားမှာ ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲ

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့မှာ အင်္ဂါနေ့ည ၁၁ နာရီလောက်က အမှတ် ၁ ရဲစခန်းနဲ့ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးရုံးတွေမှာ ၅ မိနစ်စီခြားပြီး ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ညပိုင်းမှာ ဖြစ်ခဲ့တာကြောင့် ထိခိုက် သေဆုံးမှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကတော့ သူတို့လက်ချက်ဖြစ်တယ် ဆိုတာကို လတ်တလော အတည်ပြုချက် မပေးနိုင်သေးဘူးလို့ ပြောပါတယ်။ ကချင်ပြည်နယ် အတွင်းက နောက်ဆုံးရ သတင်းတွေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြစ်ကြီးနားမြို့ ဗုံးပေါက်ကွဲတာဟာ အစိုးရတပ်တွေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အပြန်အလှန် စကားကမ်းလှမ်းပြီး တိုက်ပွဲတွေ ၂ ရက်ကြာ ငြိမ်သက်နေချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဒေသခံ တယောက်က အခုလို ပြောပြပါတယ်။

“မနေ့ညက ၁၁ နာရီထိုးဖို့ ၁၀ မိနစ်လောက် အလိုမှာ တလုံးကွဲတယ်။ နောက် ၅ မိနစ်ခြားပြီး တလုံးပြန်ကွဲတယ်။ နေရာကျတော့ အမှတ် ၁ ရဲစခန်းရယ်၊ ပြည်နယ် လ၀ကရုံးပေါ့။ အထိအခိုက်ကတော့ လူကတော့ ထိခိုက်ဒဏ်ရာမရဘူး။ ညဆိုတော့ လူကမရှိဘူးဆိုတော့ အထိအခိုက်တော့ မရှိဘူး။ ဒါပေမဲ့ ခေါင်မိုးတွေ ဘာတွေ လွင့်ကုန်တယ်။ မှတ်တမ်းတွေ ထားတဲ့ နေရာပေါ့၊ အဲဒီစာအုပ်တွေ ပေါက်ကွဲတဲ့နေရာ အဲဒါတွေလည်း ပါကုန်တယ်။ အမှတ် ၁ ရဲစခန်းက အဲလောက်ကြီးတော့ မဖြစ်ဘူး။ ခေါင်မိုးလေး နည်းနည်းလွင့်သွားရုံပဲ။”

ဒီကနေ့မှာတော့ လူဝင်မှု ကြီးကြပ်ရေးရုံးကို ပြန်လည် ပြင်ဆင်နေတာကြောင့် ရုံးပိတ်ထားရပါတယ်။ ဒီပေါက်ကွဲမှုတွေဟာ လက်ပစ်ဗုံးနဲ့ ပစ်တာလို့ ဒေသခံတွေက ယူဆကြပါတယ်။ အခြေအနေ အသေးစိတ် သိနိုင်ဖို့ အမှတ် ၁ ရဲစခန်းကို ဆက်သွယ် မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

ဒီဗုံးကွဲမှုဟာ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ KIA အဖွဲ့ရဲ့ လက်ချက်အဖြစ် ပြောဆိုတာတွေ ရှိပေမဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကတော့ လောလောဆယ် အတည်ပြုချက် မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

“ဟုတ်ကဲ့၊ ကျနော်တို့လည်း အဲလိုပဲ ကြားပါတယ်။ ဒါပေမဲ့ အဲဒီ မြစ်ကြီးနားမှာဖြစ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Report မရောက်သေးဘူး။ အဲဒီကျတော့ ဘယ်လိုဖြစ်တယ်၊ ဘယ်အဖွဲ့တွေလုပ်တယ် ဆိုတာကတော့ ယတိပြတ်ပြောဖို့ ခက်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့တန်းက တင်ပြလာတဲ့ အချက်တွေက ကျနော်တို့ဘက်မှာ မရောက်သေးဘူး။ အဲတော့ အဲဒီဖြစ်စဉ်က KIA အဖွဲ့တွေ လုပ်တယ်ဆိုပြီး ယတိပြတ်ပြောဖို့ ခက်တယ်။”

တချိန်တည်းမှာပဲ မြစ်ကြီးနားနဲ့ ပျဉ်ထောင်ဘူတာ အကြားက နန်းကွေ့တံတားနဲ့ မိုးကောင်းနဲ့ ထိုပူးအကြားက လွဲလော တံတားတွေကိုလည်း တိုက်ခိုက်ခံရတာကြောင့် မြစ်ကြီးနား၊ မန္တလေး ရထားခရီးစဉ်တွေ ရပ်တန့်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ထိုပူးနဲ့ မိုးကောင်းကြားထဲမှာလည်း တနေရာ ပျောက်သွားတယ်။ နောက်တခါ နန်းကွေ့တံတားလည်း ပျောက်သွားတယ်။ နန်းကွေ့ဆိုတာ မြစ်ကြီးနားက ထွက်ခါစပဲ။ သူက ပျက်သွားတဲ့ အကြောင်းက သတင်းနှစ်ခု ထွက်တယ်။ တခုကတော့ ရထားလမ်းကို မိုင်းခွဲတယ်လို့ ထွက်တယ်။ တခုကတော့ သံလမ်းတွေကို အဆက်ဖြုတ်ပစ်ထားတယ်လို့ ထွက်တယ်။ အခုဟာက မန္တလေးဘက်က ထွက်လာတဲ့ အဆန်ရထားတွေလေ၊ ပင်းဘောမှာပဲ ရပ်နေရတယ်။ မြစ်ကြီးနားက ထွက်တဲ့ ရထားကတော့၊ တရုတ်ရထားလေ၊ အရင်ဆုံးထွက်တာကိုး၊ အဲဒီကောင်ကတော့ အခု နောက်ပြန်ဆုတ်သွားတယ်လို့ ပြောတယ်။ နန်းကွေ့လည်း ရောက်ရော ပြန်ဆုတ်သွားရတယ်။”

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုတိုက်ခိုက်တယ် ဆိုတာကိုတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။ မြစ်ကြီးနားမြို့က မီးရထားဌာနကို ဆက်သွယ် မေးမြန်းရာမှာတော့ နန်းကွေ့တံတား ကောင်းမွန်ကြောင်းနဲ့ ဒီကနေ့ အထူးရထားနဲ့ မန္တလာရထား ထွက်နိုင်ပေမဲ့ အမှတ် ၃၈ အစုန်၊ ဒေသအခေါ် တရုတ်ရထားနဲ့ ဒုတိယ အမြန်ရထား မထွက်နိုင်ဘူးလို့ ပြောပါတယ်။ ဒေသခံတွေကတော့ မန္တလေးဘက်က တက်လာတဲ့ ရထားတွေဟာ ဆားမှော်နဲ့ ပင်းဘော ဘူတာမှာ ရပ်နားထားရတယ်လို့ ပြောပါတယ်။

KIA တပ်တွေနဲ့ မြန်မာအစိုးရ တပ်တွေဟာ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲပြီးတဲ့နောက် ဒီလ ၁၁ ရက်နေ့က စတင်ပြီး ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် အတွင်းမှာ တိုက်ပွဲတွေ ပြန်စခဲ့တာ ဖြစ်ပါတယ်။ ဒီလ ၁၃ ရက်နေ့မှာတော့ KIA ဘက်က အစိုးရတပ်တွေကို ပြန်ရုပ်သိမ်းဖို့နဲ့ မရုပ်သိမ်းရင် နေရာဒေသအနှံ့က အစိုးရပိုင် လမ်းတံတား အဆောက်အဦးတွေကို တိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့ပြီး အစိုးရဘက်ကတော့ KIA က တံတားပေါင်း ၂၅ စင်း ဖျက်ဆီးခဲ့တယ်လို့ ဒီလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဒီရက်ပိုင်းမှာတော့ KIA နဲ့ မြန်မာအစိုးရဟာ နှစ်ဘက် အပစ်ရပ်ပြီး ဆွေးနွေးနိုင်ဖို့ ပြင်ဆင်နေကြပြီး KIA ဘက်ကတော့ တိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၁၄ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ စစ်ပွဲဖြစ်ပွားရာ ဒေသက ကချင်လူမျိုး ၁၀,၀၀၀ ကျော်ဟာ နေရပ်ဒေသကို စွန့်ခွာပြီး ဒုက္ခသည်အဖြစ် ထွက်ပြေးနေကြရပါတယ်။

အခုနောက်ဆုံး သိရတဲ့ သတင်းတခုကတော့ ပူတာအိုခရိုင်ဘက်မှာလည်း ဒီကနေ့ ညနေ ၃ နာရီလောက်က KIA နဲ့ မြန်မာအစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီအခြေအနေကိုတော့ KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က အခုလို ပြောပါတယ်။

“ဖြစ်တာကတော့ ဧရာဝတီ မီးသတ်ရှိတဲ့နေရာ ၃ နာရီ ပတ်ဝန်းကျင်လောက်မှာ ဖြစ်တယ်။ ကြည့်ရတာ ရှေ့တန်းတွေ သွားကြရင်းနဲ့ မထင်မှတ်ဘဲ တွေ့ကြပြီးတော့ ပစ်တာခတ်တာ ဖြစ်ပါလိမ့်မယ်။ ခလရ ၁၃၇၊ အဲဒီဘက်မှာ တပ်ရင်း ၇ ရှိတယ်၊ KIA တပ်ရင်း။ အဲဒါနဲ့ ၁၀ မိနစ်လောက် ထိတွေ့မှု ရှိပြီးတော့ ပစ်တာခတ်တာတွေ ရှိတယ်လို့ ကြားတယ်။ အဲဒီလောက်ပဲ ရသေးတယ် သတင်းကတော့။ ၃ နာရီခွဲလောက်မှာ ခဏတဖြုတ် ၁၀ မိနစ်လောက် ပစ်တယ်ဆိုတဲ့ သတင်း အဲဒီလောက်ပဲ ရသေးတယ်။ နောက်ဆက်တွဲတော့ ဘာမှ မကြားရသေးဘူး။”

ပူတာအိုခရိုင်ဘက်မှာ ဒီကနေ့ KIA နဲ့ မြန်မာစစ်တပ်အကြား နောက်ဆုံးဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန် ပြောပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG