သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးနဲ့ တပ်ကိုယ်စားလှယ်တွေ ကချင်အရေး အင်အားသုံးဖို့ လိုလား


ပြည်သူ့လွှတ်တော် အစည်းအဝေးခမ်းမအတွင်း တပ်မတော်သား ကိုယ်စားလှယ်များ တက်ရောက်နေစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၂)
ပြည်သူ့လွှတ်တော် အစည်းအဝေးခမ်းမအတွင်း တပ်မတော်သား ကိုယ်စားလှယ်များ တက်ရောက်နေစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၂)
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီးတော့ နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်တွင်း ဒီကနေ့ ဆွေးနွေးကြပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ မြန်မာအစိုးရတပ်တွေနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ တိုက်ခိုက်မှုတွေကို နိုင်ငံရေးအရ အဖြေရှာကြဖို့ အကြံပြုဆွေးနွေးခဲ့ကြပေမဲ့ အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ အင်အားသုံး နှိမ်နင်းဖို့ လိုလားနေကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီကနေ့ လွှတ်တော်ထဲမှာ အချေအတင် ဆွေးနွေးခဲ့တာတွေကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။

မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ကြား တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီး အမျိုးသားလွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတရပ်ကို ဆွေးနွေးကြတာပါ။ ကချင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးခက်ထိန်နန် တင်သွင်းလာတဲ့ အဆိုကို တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးကြ ရာမှာတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် ကြုံခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အစိုးရ အဆက်ဆက် လက်ထက် ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေး အကျိုးဆက်အဖြစ် ဆွေးနွေးခဲ့ကြတာပါ။ ကချင်ပြည်နယ်က အခုနောက်ဆုံး ပဋိပက္ခတွေ အဆုံးသတ်ဖို့ ဆိုရင်လည်း တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကသာ အဖြေရနိုင်မယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ယုံကြည်ကြတဲ့အကြောင်း ကိုယ်တိုင် ဝင်ရောက် ဆွေးနွေးခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။

“အဓိကကတော့ ပြည်တွင်းစစ်ကို ရပ်စေချင်တာပေါ့၊ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းဟာ တွေ့ဆုံညှိနှိုင်းဖြေရှင်းနည်းပဲ ဆိုတဲ့သဘောကို ဆွေးနွေးကြပါတယ်။ ဒါကျနော်တို့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြတယ်။ တော်တော်များများ အဲ့ဒီ့အမြင်နဲ့ပါ။ နောက်တော့ ပြည်ခိုင်ဖြိုးပါတီဘက်က တချို့၊ တပ်မတော် အငြိမ်းစားပုဂ္ဂိုလ်တွေကတော့ဖြင့် အပြုတ်ချေမှုန်းရေးဆိုတဲ့ ဦးတည်ချက်ဘက်ကို သွားတယ်လို့ယူဆပါတယ်။ ကျနော်တို့ဆွေးနွေးတဲ့အခါမှာကျတော့ ဒီနယ်မြေကို ခဏတာ အောင်လံစိုက်ပြီးခါမှ သိမ်းရုံနဲ့ ထာဝရ ငြိမ်းချမ်းရေးကို မရနိုင်ဘူး။ နယ်မြေစိုးမိုးရေးကို မရနိုင်ဘူး ဆိုတာ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ထာဝရ ငြိမ်းချမ်းရေးကို ရဖို့အတွက် ကျနော်တို့ နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ ယဉ်ကျေးမှု တည်ဆောက်ဖို့ လိုတယ်ဆိုတဲ့ အဲ့တာလေးနဲ့ ကျနော်တို့ ဆွေးနွေးပါတယ်။”

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားတာတွေ ၂၀၁၁ နှစ်လည်ပိုင်းမှာပဲ ပျက်ပြားခဲ့ပြီးတဲ့နောက် လက်နက်ကိုင် ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားနေတာတွေဟာ ဒီနှစ်ဆန်းပိုင်းမှာတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာပါ။ မြန်မာအာဏာပိုင်တွေ ကတော့ အစိုးရရဲ့ စစ်ကြောင်းတွေကို ကချင်လက်နက်ကိုင် တပ်တွေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် တုန့်ပြန်တဲ့ အနေနဲ့ ဒေသတွင်း ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့တာလို့ ပြောပါတယ်။ စစ်ရေးရည်မှန်းချက်တွေ ရရှိပြီး ဖြစ်တဲ့အတွက်လည်း ပြီးခဲ့တဲ့ စနေနေ့ကစပြီး ထိုးစစ်တွေ ရပ်မယ်လို့ ကြေညာထားတာပါ။

ဒါပေမဲ့လည်း ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်းအထိ ကချင်လက်နက်ကိုင်တွေက အစိုးရ တပ်ဖွဲ့တွေနဲ့ အရပ်သားတွေကို တိုက်ခိုက်မှုတွေ ရှိတယ် ဆိုပြီးတော့လည်း ပြောဆိုနေတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က လွှတ်တော်တွင်း ဆွေးနွေးစဉ်မှာလည်း စစ်တပ် ကိုယ်စားလှယ်တွေနဲ့ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်တွေက အလားတူ စွပ်စွဲချက်တွေနဲ့အတူ ပြဿနာကို အင်အားသုံး ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာအေးမောင် ကပြောပါတယ်။

“တပ်မတော်သားတွေဖက်က ဆွေးနွေးတဲ့အခါကျတော့ ပြည်တွင်းဒီစစ်ပွဲနဲ့ပတ်သက်လို့ ကေအိုင်အေ၊ ကေအိုင်အိုတို့ရဲ့ စတင်ပစ်ခတ်မှုတွေ၊ မိုင်းခွဲမှုတွေ၊ အဲ့တာမျိုးတွေကို ချပြပြီးကာမှ ရှင်းတာပေါ့ဗျာ။ တိုင်းရင်းသားတွေဖက်ကတော့ ဟိုဘက်၊ ဒီဘက် အကြောင်းပြနိုင်မှာပဲ စစ်ပွဲဆိုတာ၊ နော် စစ်ပွဲဆိုတာ အကြောင်းရင်းကို ရှာဖို့လိုတယ်။ အဲ့ဒီ့နည်းဟာ နိုင်ငံရေးအရ ဖြေရှင်းနည်းပဲ။ တကယ်တမ်း ကျနော်တို့ တိုင်းပြည်ကိုသာ စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုရင် နှစ်ပေါင်း ၆၀ကျော် မငြိမ်းချမ်းသေးတာ၊ တိုင်းရင်းသားအချင်းချင်း တိုက်ကြခိုက်ကြ ဖြစ်ကြတာ၊ အမှန်တော့ ကျနော်တို့ပြန်လည်သုံးသပ်ဖို့ လိုပြီ။ ကျနော်တို့ တွေ့ဆုံညှိနှိုင်း အဖြေရှာပြီးကာမှ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုပြီဆိုတာကို ကျနော်တို့ကို ပြန် တပ်လှန့်လိုက်တဲ့ သဘောပါပဲလို့ ဆွေးနွေးကြပါတယ်။ အကုန်လုံး ငြိမ်းချမ်းရေးကို ရစေချင်တယ်။ ဦးခတ်ထိန်နန်အဆိုတင်သွင်းတဲ့ အချက်သုံးချက်လုံးကို တိုင်းရင်းသားလွှတ်တော်အမတ်တွေက ထောက်ခံခဲ့ကြပါတယ်။”

ကချင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်မှာ သောကြာနေ့အထိ ဆက်လက် ဆွေးနွေးဦးမှာပါ။ မြန်မာအစိုးရ ကတော့ တိုက်ခိုက်မှုတွေ ရပ်စဲပြီး KIO နဲ့ ဆွေးနွေးဖို့ အသင့်ရှိနေတဲ့ အကြောင်း ကမ်းလှမ်းထားပေမဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲမို့ လက်တွေ့မှာ ဆွေးနွေးရေး မဖြစ်နိုင်သလောက် အခြေအနေမျိုးမှာ ရောက်နေတယ်လို့ KIO က ပြောဆိုထားတာပါ။ ဒီလိုပဲ တွေ့ဆုံရမယ် ဆိုရင်လည်း တဖွဲ့ချင်း အနေနဲ့ မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တခုဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့အတူ တွေ့ဆုံဖို့ လိုလားကြောင်းလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG