သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပါတီတွေ မှတ်ပုံတင် မကျနိုင်သေး


ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ခွင့် ကျထားတဲ့ ပါတီတွေက စည်းရုံးရေးလုပ်ငန်းတွေ စတင်နေချိန်မှာ ကချင်အမျိုးသားတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ပါတီ ၃ ခုကတော့ အခုချိန်ထိ မှတ်ပုံတင်ခွင့် မရသေးပါဘူး။ အဲဒီပါတီတွေကတော့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ကချင် (UDP) နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ ဖြစ်ပါတယ်။ ကချင်ပြည်နယ် အတွင်းမှာ အင်အားအကောင်းဆုံး ပါတီ ဖြစ်လာဖွယ်ရှိတဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီဟာ မှတ်ပုံတင်ခွင့် ရရှိရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်ထံကို ဒီရက်ပိုင်းမှာပဲ ထပ်မံ သွားရောက်တွေ့ဆုံနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းမှာတော့ ဒေါက်တာတူးဂျာ ခေါင်းဆောင်တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီက ခေါင်းဆောင်အချို့ဟာ ပါတီမှတ်ပုံတင်ခွင့် မကျသေးတာကြောင့် နေပြည်တော်ကို သွားရောက် ဆွေးနွေးနေတယ်လို့ ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ပြောပါတယ်။

“လောလောဆယ် အခြေအနေမှာ ကချင်ပြည်နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေက အကြီးအကျယ် စည်းရုံးရေးဆင်းပြီး ရွေးကောက်ပွဲအတွက် လုပ်နေတဲ့ အချိန်မှာ သူတို့ကတော့ အခုချိန်ထိ ပါတီတည်ထောင်ခွင့် ဘာမှ မရသေးဘူး၊ မကျသေးဘူးဆိုတော့ ဒါကို ဒုတိယအကြိမ် အထူးကြိုးပမ်းမှု အနေနဲ့ သူတို့ နေပြည်တော်ကို သွားတယ်လို့ သိရတယ်။”

ကချင်ပြည်နယ် တိုးတက်ရေးပါတီ ခေါင်းဆောင် ဒေါက်တာတူးဂျာကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

သူတို့ပါတီဟာ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလောက်က ယာယီဖွဲ့စည်းခဲ့ပြီး ဒီနှစ် ဧပြီလ ၅ ရက်နေ့က တရားဝင်ပါတီ ဖွဲ့စည်းခွင့်ပြုဖို့ ရွေးကောက်ပွဲ ကော်မရှင်မှာ လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ တလကျော် ကြာလာချိန်ထိ ပါတီဖွဲ့စည်းခွင့် မရခဲ့တာကြောင့် လွန်ခဲ့တဲ့ မေလအတွင်းက ဒေါက်တာတူးဂျာ ကိုယ်တိုင် ရွေးကောက်ပွဲ ကော်မရှင်ထံ သွားရောက် ဆွေးနွေးခဲ့ဖူးပါတယ်။

ကချင်ပြည်နယ်က ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (ကချင်) ဟာလည်း အခုချိန်ထိ ပါတီ မှတ်ပုံတင်ခွင့် မရသေးကြောင်းကို ပါတီဝင် တဦးဖြစ်တဲ့ ဦးလရောက်ဇလွန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီဆိုတာ ဖွဲ့စည်းပြီးတော့ တင်ထားတယ်။ ဒါပေမဲ့ သူတို့ အစိုးရက ဘာမှ အကြောင်းမကြားသေးဘူး။ အခုလောလောဆယ်တော့ ဘာမှလည်း မပြောနိုင်သေးဘူး။ ဘာအကြောင်းကြောင့်လည်း မသိဘူး။ ကျနော်ထင်တာက သူတို့ ဥပဒေတွေ၊ စည်းကမ်းတွေ သတ်မှတ်ထားတယ်။ ကျနော်တို့ အဖွဲ့တွေအနေနဲ့ စည်းကမ်းနဲ့ ပေါ်လစီကို တစုံတရာများ အားနည်းချက် ရှိသလားလို့ ကျနော်တော့ အဲဒီလို ခံစားမိတယ်။”

ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် မပြုသေးတဲ့ ကချင်အမျိုးသားပါတီ ၃ ခုဟာ KIO ခေါ် အပစ်ရပ် ကချင်လွတ်လပ်ရေး အဖွဲ့နဲ့ NDA-K ခေါ် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) အဖွဲ့က ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေ ဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် ပါတီမှတ်ပုံတင်ခွင့် ကြန့်ကြာနေတာ ဖြစ်နိုင်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုအောင်ဝါက သုံးသပ်ပါတယ်။

“KSPP မှာရှိတဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေက လက်နက်ကိုင် အဖွဲ့အစည်းထဲမှာ တချိန်တုန်းက ဦးစီးဦးဆောင် ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အဲဒီတချက်ကြောင့် ဖြစ်နိုင်တယ်။ နောက်တခုက KIO ဟာ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ဟာမျိုး ဖြစ်တယ်။ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ကချင် အဖွဲ့အစည်းတွေကလည်း လက်နက်ကိုင်တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ အပေါ်ယံတော့ ကြားနေရတယ်။ နောက်တခုက လရောက်ဇလွန်းတို့ အဖွဲ့တွေကိုလည်း အဲဒီအတိုင်းပဲ NDA-K ကနေ ခွဲထွက်တဲ့ အဖွဲ့အစည်းဖြစ်တယ်၊ ဒါကြောင့် မပေးတာပဲလို့ ကျနော်တော့ မြင်ပါတယ်။”

ကချင်ပါတီ ခေါင်းဆောင်တွေကတော့ သူတို့ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေက နှုတ်ထွက်ပြီးမှ နိုင်ငံရေးပါတီ ဖွဲ့စည်းတာဖြစ်တယ်၊ လက်နက်ကိုင် အဖွဲ့တွေနဲ့ အဆက်အစပ် မရှိတော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။

ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းကတော့ ဒီအချက်အပြင် ကချင်ပြည်နယ် တိုးတက်ရေးပါတီ မကြီးထွားနိုင်အောင် ကန့်သတ်တာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“ခြုံပြီးပြောရရင် ကချင်ပြည်နယ်မှာက အကြီးဆုံး နိုင်ငံရေးပါတီ ဖြစ်လာဖွယ်ရှိတဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီက လောလောဆယ် အခြေအနေမှာ နိုင်ငံရေးအရ အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ တဘက်က နအဖက အခွင့်ကောင်းယူပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေကိုပဲ အားပေးအားမြှောက် လုပ်ပြီးမှ ရွေးကောက်ပွဲကို အနိုင်ရအောင်ဆိုတဲ့ ပုံစံမျိုးနဲ့ အကြီးအကျယ် လှုပ်ရှားမှုတွေ လုပ်နေတယ်ဆိုတဲ့ဟာကို ကျနော်တို့ ထင်ထင်ရှားရှား တွေ့နေရပါတယ်။”

အခြား ကချင်ပြည်နယ်သား တယောက်ကတော့ ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ခွင့်ပြုလိုက်ရင် အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထက် ပိုမို အားကောင်းသွားနိုင်တာကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားတဲ့ ပါတီပေါင်း ၄၂ ပါတီရှိကြောင်း၊ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ပါတီ ၃၃ ပါတီအနက်က ၃၂ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ကျန်ပါတီတွေကို စိစစ် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG