သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုအဖွဲ့အစည်းတွေ ကချင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည်


လူထုအဖွဲ့အစည်းတွေ ကချင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည်
လူထုအဖွဲ့အစည်းတွေ ကချင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည်

ကချင်ပြည်နယ်က ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် Vision of Peace ခေါ် ငြိမ်းချမ်းရေး ပုံရိပ်အဖွဲ့က ပညာရှင်တွေ၊ ဘာသာရေးနဲ့ လူမှု အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဒီလ ၁၀ ရက်နေ့မှာ ဆွေးနွေးပွဲ တခုကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒီဆွေးနွေးပွဲက ရရှိလာတဲ့ သုံးသပ်ချက်တွေနဲ့ ဆွေးနွေးပွဲအပြီး
ဆက်လက် ကောက်ယူမယ့် လူထု သဘောထားတွေကို အစိုးရကို တင်ပြသွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ကချင် လွတ်လပ်ရေးအဖွဲ့ KIOနဲ့ မြန်မာအစိုးရရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေ အရင်လ ၂၉ ရက်နေ့က နောက်ဆုံး ဆွေးနွေးခဲ့တာဖြစ်ပြီး ဆွေးနွေးပြီးနောက် ဒီတပတ် အတွင်းမှာပဲ တိုက်ပွဲတွေက
ပိုမို ပြင်းထန်လာနေတာလည်း ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ကိုမိုးဇော်က တင်ပြ ပေးထားပါတယ်။

Vision of Peace ခေါ် ငြိမ်းချမ်းရေးပုံရိပ်အဖွဲ့ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးသမားတွေနဲ့ စုပေါင်းပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ပြည်ထောင်စု အရေးနဲ့ လူ့အခွင့်အရေး စတာတွေကို ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒီလ ၁၀ ရက်နေ့မှာတော့ တိုင်းရင်းသား ဒေသတွေမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေး အတွက် ဆွေးနွေးပွဲတခု ကျင်းပဖို့ စီစဉ်နေတယ်လို့ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

"ကျမတို့ ဆွေးနွေးပွဲ လုပ်မယ်ဆိုတာက တိုင်းရင်းသားတွေမှာ ဖြစ်နေတဲ့ အခက်အခဲလေးတွေကိုပေါ့၊ လက်ရှိကတော့ ကချင်ပြည်နယ်ပေါ့လေ၊ ဒီမှာဖြစ်နေဲတဲ့ ပဋိပကတွေကို ဘယ်လို ဖြေရှင်းမလဲပေါ့နော်။ အကောင်းဆုံး အဖြေတခု ရမလားဆိုပြီးတော့ ကျမတို့ ပညာရှင်တွေကို ခေါ်တယ်။ NGO အဖွဲ့အစည်းတွေက အစပေါ့။ အားလုံးကို ဖိတ်ခေါ်ပြီးတော့ အဲဒါ ဆွေးနွေးပွဲ တခု လုပ်မှာပါ။ အဲဒီအပေါ်မှာ အဖြေရလာတဲ့ အပေါ်မှာ ကျမတို့ ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ လုပ်တာပါ။"

ဒီဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေ နဲ့ ဘာသာရေး ခေါင်းဆောင်တွေ ကိုလည်း ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။ ဒီဆွေးနွေးပွဲက ရလဒ်နဲ့ ဆွေးနွေးပွဲ ပြီးတဲ့နောက်မှာ စစ်ပွဲဖြစ်ရာဒေသက လူထု သဘောထားတွေမေးမြန်း ကောက်ယူပြီး အစိုးရဆီကို တင်ပြသွားမယ်လို့ဒေါ်ဘောက်ဂျာက ဆက်လက်ပြောပါတယ်။

"ဆွေးနွေးပြီးလို့ရှိရင် ကျမတို့က ကချင်ပြည်နယ်ဖက်ကို အရင်ဦးဆုံး လုပ်ဆောင်သွားမယ်။ ပြည်သူတွေရဲ့ ဆန္ဒ၊ အခု ငြိမ်းချမ်းရေးအတွက် ဘယ်လို ဖြစ်စေချင်တာတွေမျိုး ပေါ့နော် ဒါတွေကအစ သူတို့ရဲ့ အသံတွေကိုလည်း ကျမတို့ လိုက်ပြီးတော့ နားထောင်မယ်။ ပြီးတော့ ဒီ လက်နက်ကိုင်တွေနဲ့ ကျမတို့ သိလို့ ရလို့ရှိရင် သူတို့ရဲ့ လိုအပ်ချက်ကိုလည်း ကျမတို့ တောင်းဆိုမယ်။ ပြီးတော့ ဒီ သမ္မတ၊ အစိုးရ အဖွဲ့ အစည်းနဲ့လဲ ဆက်ပြီးတော့ ဆွေးနွေး ပေးနိုင်တဲ့အထိကတော့ လုပ်ဆောင်သွားမယ်လို့ ကျမတို့က ဆုံးဖြတ် ထားတာပါ။"

ဒါ့အပြင် လိုင်ဇာနဲ့ တရုတ်နယ်စပ်ဒေသက ကချင် စစ်ပြေးဒုက္ခသည်တွေကိုလည်း ကူညီ ဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ မြန်မာ အစိုးရတပ်တွေဟာ ဒီနှစ်ဇွန်လဆန်းတည်းက စတင်ပြီး တိုက်ပွဲတွေပြန်လည် စတင်ခဲ့တာဟာ အခုဆိုရင် ၆ လနီးပါး ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကတော့ ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား အပါအဝင် ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရဘက်က အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ တရုတ်နိုင်ငံရွှေလီမြို့မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။

ဒီလိုဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက် တစုံတရာမရရှိခဲ့ဘဲ ဆွေးနွေးပြီး တပတ်အတွင်းမှာ တိုက်ပွဲတွေဟာ ပိုပြင်းထန်လာတယ်လို့ KIOအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

"ဒီ တွေ့ဆုံပြီးတဲ့ နောက်ပိုင်းမှာ တိုက်ပွဲကတော့ ပိုပြီး များလာတယ်လို့ ပြောရမယ်။ ကေအိုအေက တပ်တွေကလည်း များလာတယ် ခင်ဗျ။ မနေ့က တစ်ရက်ထဲမှာတောင်မှ တိုက်ပွဲအားလုံးက ၁၄ ကြိမ် ဖြစ်တယ်။ ဖြစ်တဲ့ တိုက်ပွဲတွေ အားလုံးလိုလိုကတော့ တော်တော် ပြင်းထန်တဲ့ တိုက်ပွဲတွေပဲ ခင်ဗျ။ ဒီ ၅ ရက်နေ့၊ မနေ့တနေ့ကတော့ ၁၀ ကြိမ်လောက် ဖြစ်တယ်။ တချို့ဒီ အသေးအဖွဲကိစ္စတွေက စာရင်း မတင်တာမျိုးလဲ ရှိတာတော့ - ဒီထက်ကတော့ များဖို့ပဲ ရှိတယ်ခင်ဗျ စာရင်းတွေကတော့။"

ဒီတိုက်ပွဲတွေကတော့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ဝိုင်းမော် မြို့နယ်တွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်ဘက်တွေမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ အထူးသဖြင့် မိုးမောက်မြို့နယ် အတွင်းမှာ ဒီကနေ့မနက်ကစပြီး တိုက်ပွဲတွေက ပိုမို ပြင်းထန်လာနေတယ်လို့ ဦးလနန်က ဆက်ပြောပါတယ်။

ဒီလို တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာကြောင့် မိုးမောက်မြို့နယ် KIA တပ်မဟာ ၃ နယ်မြေ အတွင်းက ဒုက္ခသည်တွေဟာ တရုတ်နယ်စပ်ဘက်တွေကို ထွက်ပြေး လာနေကြတယ်လို့ ပြောပါတယ်။

"နောက်ထပ် တိုးလာပုံ ရှိတယ်ခင်ဗျ။ ဒီ တပ်မဟာ ၃၊ တပ်ရင်း ၁၅ ခွင်နယ်မှာ ရှိတဲ့ ဒုက္ခသည်စခန်းမှာ အခုရှိပြီးသား အားလုံးက ၃၀၀၀ ကျော်ကျော်ပေါ့ဗျာ ဒုက္ခသည်တွေက။ အဲဒီ ဒုက္ခသည်တွေက မနေ့က တနေ့က စပြီးတော့ တောဖက်ကို ပြန်ပြီးတော့ ရွေ့ပြောင်းနေကြရတယ်။ အဲဒီလို ဟာမျိုးတွေ များလာတဲ့ အတွက်ကြောင့် ဒုက္ခသည် ဦးရေကတော့ ဒီထက် တိုးလာဖို့ပဲ ရှိတယ်ခင်ဗျ။ ကေအိုင်အိုရဲ့ ဒီ ဒုက္ခသည် စခန်းဆီကနေပြီးတော့ ရထားတဲ့ စာရင်းတွေက အားလုံးက ၃၅,၀၀၀ နီးပါး ရှိလာပြီ ဒုက္ခသည်တွေ ကတော့။"

ဒုက္ခသည်အရေး ကူညီသူတွေကတော့ ကချင် စစ်ပြေးဒုကသည် အများစုဟာ ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပြီး ခုချိန်မှာ ရာသီဥတုက ရေခဲအောင် အေးလာပြီဖြစ်တာကြောင့် နေအိမ်၊ အဝတ်အထည်၊ စောင်နဲ့ ဆေးဝါး စတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

အချို့ထောင်နဲ့ချီတဲ့ ကချင် စစ်ပြေး ဒုက္ခသည်တွေကတော့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် စတဲ့မြို့တွေကို ထွက်ပြေး တိမ်းရှောင်နေပြီး သူတို့တွေကိုတော့ အစိုးရနဲ့ ကုလသမဂ္ဂ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ အပါအဝင် ဘာသာရေးအသင်းတွေနဲ့ လူမှုအသင်းအဖွဲ့တွေက ကူညီ ထောက်ပံနေကြပါတယ်။

KIOနဲ့ အစိုးရအကြားမှာ ငြိမ်းချမ်းရေးအတွက် နောက်တကြိမ် ထပ်မံတွေ့ဆုံဖို့ သဘောတူထားပေမဲ့ ခုချိန်ထိတော့ နှစ်ဘက်အကြား ထပ်မံ ဆက်သွယ်တာတွေ မရှိသေးပါဘူး။

XS
SM
MD
LG