သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နိုင်ငံတကာ အကဲခတ်များ တက်မည်


ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ
ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ
အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ကမ်းလှမ်းထားတဲ့ဒီလ ၆ရက်နေ့ မှာ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးရေး အစီအစဉ် ကို မြန်မာနှစ်သစ်ကူး ရက်နောက်ပိုင်းအထိ ရက်ရွှေ့ပြောင်းဖွယ် ရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့ ရဲ့ ပြောခွင့်ရသူက ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။ အခုလို ရက်ရွှေ့ဆိုင်းရတဲ့ အဓိက အချက်ကတော့ နိုင်ငံတကာလေ့လာသူတွေ စုံစုံညီညီတက်ရောက်နိုင်မယ့် အခြေအနေ မရှိတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီလ ၁၀ရက်နေ့ မတိုင်ခင် နောက်ကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ကို မတ်လ ၁၀ရက်နေ့ က တရုတ်နိုင်ငံရွှေလီမြို့ဆွေးနွေးပွဲမှာ သဘောတူထား တာဖြစ် ပါတယ်။ ဒီသဘောတူညီချက်အရ အစိုးရကိုယ်စားလှယ်အဖွဲ့ဖက်က ဒီလ၆ရက်နေ့မှာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အဲဒီရက်မှာတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

“ဟုတ်ကဲ့။ ကျနော်တို့ UN ရော၊ US, UK ရယ် တရုတ်နိုင်ငံအစိုးရကနေပြီးတော့ Observer အနေနဲ့ ပါဝင်တက်ရောက်ဖို့ ကျနော်တို့ ညှိနှိုင်းထားတာရှိတယ်။ ကျနော်တို့ တရားဝင် စာနဲ့ ရေးသားပေးပို့ပြီးသား ဖြစ်တယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေကနေပြီးတော့ ဒီဆွေးနွေးပွဲမှာ စုံစုံလင်လင်တက်ရောက်ဖို့ဆိုတာ သိပ်အဆင်မပြေဘူးဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီဦးအောင်မင်းကနေ အဆိုပြုထားတဲ့ ဧပြီလ ၆ရက်ဆိုတာတော့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ အကြောင်းနဲ့ ကျနော်တို့ အကြောင်းပြန်ကြားတဲ့စာတော့ ကျနော်တို့ ရေးလိုက်ပြီ။ ဒါကြောင့် ဒီ နေ့ရက်ကိုတော့ နှစ်ဘက် ပြန်လှန်ညှိနှိုင်းကြမယ်။ နောက်ပြီးတော့ ဒီ နိုင်ငံတကာက observer ကလည်း ပြည့်ပြည့်စုံစုံနဲ့ ပါဝင်တက်ရောက်မယ့် အချိန်ကို ရွေးပြီးမှပဲ နောက်ထပ် အချိန်ကို ထပ်ရွေးချယ်ဖို့ ရှိတယ်ခင်ဗျ။”

ဒီလို ရက်ထပ်မံရွေးချယ်မယ်ဆိုရင်တော့ မြန်မာနှစ်သစ်ကူးရက်ဖြစ်တဲ့ သင်္ကြန် ကာလနောက်ပိုင်း မှာသာ အစောဆုံး ဖြစ်နိုင်မယ်လို့ ယူဆကြောင်း ဦးလနန်က ဆက်ပြောပါတယ်။

“ ၁၀ရက်အတောအတွင်းတော့ မဖြစ်နိုင်တော့ဘူးထင်တယ်ဗျ။ ဒီ၁၀ရက် ဟိုဖက်ပိုင်းမှာဆိုရင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီက အချိန်က ပေးနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီ ပြီးတဲ့အခါမှာတော့ သင်္ကြန်ကို ပြန်ရောက်လာလိမ့်မယ်။ ဒါကြောင့်မို့ ကျနော့အထင်တော့ သင်္ကြန်ပြီးတဲ့နောက်ပိုင်းကျမှပဲ ဒီကိစ္စကို ဆက်ပြီးတော့ ရွေးချယ်ရမယ်လို့ သဘောထားရှိတယ်ခင်ဗျ။”

KIO ဗဟိုကော်မတီဖက်ကတော့ ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ တရုတ် စတဲ့ နိုင်ငံတကာလေ့လာသူတွေပါဝင်တက်ရောက်မယ်ဆိုရင် မြန်မာပြည်တွင်းမှာ တွေ့ဆုံဖို့ ရည်ရွယ်ချက်ရှိပြီး ပြည်တွင်း မှာ တွေ့ဆုံမယ် ဆိုရင် လည်း မြစ်ကြီးနားမြို့ဟာ အဖြစ်နိုင်ဆုံးနေရာဖြစ်တယ်လို့ ဦးလနန်က ပြောပါတယ်။ ပြီးခဲ့တဲ့ လ တရုတ်နိုင်ငံ ရွှေလီ ဆွေးနွေးပွဲမှာတော့ တရုတ်အစိုးရဘက်က နိုင်ငံတကာလေ့လာသူတွေ ဖိတ်ခေါ်တာကို ကန့်ကွက်ထားတာလည်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဖြစ်တဲ့ ဦးလှမောင်ရွှေကလည်း KIO ဖက်က ဒီလို ရက်ရွှေ့ဆိုင်းတယ်ဆိုတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပြီး ဒီရက်ရွှေ့ဆိုင်းတာဟာ သင်္ကြန်ကာလ နောက်ပိုင်း အထိ ရောက်ရှိနိုင်ကြောင်း ပြောပါတယ်။

“ ရက်ရွှေ့တာတော့ နှစ်ဖက်ညှိနှိုင်းပြီးမှပဲ ရက်ကိုတော့ သိနိုင်မှာခင်ဗျ။ ဒါပေမဲ့ ကျနော်ထင်တာကတော့ ကျနော်တို့ မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်က ရှည်တာကိုး။ ရှည်တယ်ဆိုတော့ ဒီရုံးပိတ်ရက်ရှည်ပြီးတော့မှပဲ ဖြစ်ဖို့က ပိုများမယ်လို့ ထင်ပါတယ်။”

KIOနဲ့ ဦးအောင်မင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီနှစ် ဖေဖော်ဝါရီလဆန်း တရုတ်နိုငံရွှေလီမြို့ဆွေးနွေးပွဲ မှာ နှစ်ဖက်တပ်တွေ အကြား စစ်ရေးအရှိန်လျှော့ချဖို့ သဘောတူညီခဲ့ကြပြီးတဲ့နောက် ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေဟာ သိသိသာသာ လျော့နည်းခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးအရ တင်းမာတာတွေတော့ ရှိနေဆဲပဲ ဖြစ်တယ်လို့ ဦးလနန်က ပြောပါတယ်။

“ တရုတ်နိုင်ငံမှာ တွေ့တာကတော့ ဖေဖော်ဝါရီလ ၄ရက်နေ့ပေါ့။ အဲဒီကနေပြီး မနေ့ကအထိ တိုက်ပွဲပေါင်း အားလုံးက ၂၉ကြိမ်တော့ ရှိသေး တယ်။ တွေ့ဆုံမှုနောက်ပိုင်းတော့ တိုက်ပွဲတွေက အရေအတွက်တော့ လျော့လာ တယ်။ ဒါပေမဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ အခြေအနေကတော့ တင်းမာနေဆဲပါပဲ။ မနေ့ကတော့ တပ်မဟာ၄ လက်အောက်ခံ တပ်ရင်း၉ ဒေသမှာ တိုက်ပွဲဖြစ်သွားတယ်။ ကျနော်တို့ တပ်ရင်း၉ ရဲ့ ရှေ့တန်းစခန်းတွေ မှာ အစိုးရက စစ်ကြောင်း၃ကြောင်း လာပြီး ထိုးစစ်ဆင် တာတွေ လုပ်တယ်။ မနေ့က ဖြစ်စဉ်ကတော့ မနက်ပိုင်း ၁၀နာရီကနေ ညနေပိုင်း ၅နာရီခွဲထိဆိုရင်တော့ ဒီတလောမှာ ဖြစ်တဲ့တိုက်ပွဲထဲမှာတော့ အချိန်ကြာတဲ့ တိုက်ပွဲလို့တော့ ပြောရမယ်ခင်ဗျ။”

ဒီလိုတိုက်ပွဲဖြစ်ပွားတာတွေ လုံးဝရပ်ဆိုင်းဖို့ဆိုရင် အရင်ဆွေးနွေးပွဲမှာ သဘောတူထားတဲ့ ရှေ့တန်းနယ်မြေမှာ လေ့လာစောင့်ကြပ်ရေးရုံးတွေ ဖွင့်လှစ်ဖို့ဆိုတာကို လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီး၊ လာမယ့် ဆွေးနွေးပွဲမှာလည်း ဒီအချက်ကို အလေးထားဆွေးနွေး ဖို့ ပြင်ဆင်ထားတယ်လို့ ဦးလနန်က ပြောပါတယ်။

KIO နဲ့ အစိုးရတပ်တွေဟာ ၁၉၉၄ခုနှစ်ကနေ ၁၇နှစ်ကြာ အပစ်အခတ် ရပ်စဲပြီးတဲ့နောက် ၂၀၁၁ခုနှစ် ဇွန်လမှာ တိုက်ပွဲတွေပြန်လည်စတင်လာတာဟာ ခုဆိုရင် ၂နှစ်နီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီစစ်ပွဲကာလအတွင်းမှာတော့ ကချင်ပြည်နယ်က ဒုက္ခသည်ပေါင်း ၁သိန်းကျော်ဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေကြရပါတယ်။
XS
SM
MD
LG