သုံးရလွယ်ကူစေသည့် Link များ

အစိုးရနဲ့ KIO ဆွေးနွေးပွဲ အလားအလာ


KIO နဲ့ မြန်မာအစိုးရအကြား တရုတ်နိုင်ငံ ရွှေလီမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်။
KIO နဲ့ မြန်မာအစိုးရအကြား တရုတ်နိုင်ငံ ရွှေလီမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်။
မြစ်ကြီးနားမြို့မှာ ဒီကနေ့ အင်္ဂါနေ့မှာ စတင် ကျင်းပမယ့် မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်မှု ကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား ဆွေးနွေးမှုတွေကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ အစိုးရဘက်က မျှော်လင့်နေပေမဲ့ KIO ဘက်က ဆွေးနွေးလိုတဲ့ အချက်တွေနဲ့ မြန်မာအစိုးရဘက်က ဆွေးနွေးမယ့် အရာတွေဟာ တထပ်တည်း ကျပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေကလည်း စောင့်ကြည်သူတွေအကြားမှာ ရှိနေပါတယ်။
ဒီဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေ အစည်းအဝေးကျင်းပမယ့် မြစ်ကြီးနားမြို့က လုံခြုံရေး အခြေအနေ ဘယ်လိုရှိသလဲဆိုတာတွေကို သိရအောင်လို့ အဲ့ဒီမှာ သတင်းယူဖို့အတွက် ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်း ကို မကြာသေးခင် အချိန်ပိုင်းက မေးမြန်းကြည့်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့တော့ ကိုကျော်ကျော်သိန်း က အခုလို စပြီး ပြောပြပါတယ်။

“ဆွေးနွေးပွဲက ဒါ မြန်မာနိုင်ငံထဲမှာ ပထမဆုံးအကြိမ် ဆွေးနွေးပွဲ ဖြစ်တဲ့အခါကျတော့ မြန်မာအစိုးရဘက်က မျှော်လင့်ချက်တွေ ရှိပါတယ်။ ရလဒ်တစ်ခု ထွက်မယ်ဆိုတဲ့ မျှော်လင့်ချက် အရိပ်လက္ခဏာမျိုးလည်း ကျနော် တွေ့ရပါတယ်။ KIA KIO ဘက်မှာတော့ ဒီဟာနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ ခံယူထားကြသလဲဆိုတာ ကျနော် မသိရသေးပါဘူး။ ဆိုတော့ ကချင်လူထုကို ကိုယ်စားပြုတယ်လို့ ပြောရမယ့် ဒီ ကချင်လူမှု အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေက ပြောတဲ့ စိတ်ဝင်စားစရာ အချက်တစ်ခု ကျနော် တွေ့ရပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ဘက်က ဆွေးနွေးပွဲကို ယူဆောင်လာမယ့် အချက်တွေနဲ့ မြန်မာအစိုးရအဖွဲ့ ဘက်ကနေပြီးတော့ ဆွေးနွေးပွဲကို ယူဆောင်လာမယ့် ဆွေးနွေးမယ်ဆိုတဲ့ အချက်တွေ တဘက်နဲ့တဘက် ဆွေးနွေးမယ်ဆိုတဲ့ ခေါင်းစဉ်တွေက မတူကြဘူးတဲ့။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO KIA ဘက်က ဆွေးနွေးချင်တဲ့ကိစ္စက ခြုံပြီးတော့ ပြောရရင် နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခု ဖော်ဆောင်ဖို့ကိစ္စ၊ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်မှု ကော်မတီဘက်က အဓိက ဆွေးနွေးဖို့ ယူဆောင်လာတဲ့ အချက်က ခြုံပြီးတော့ ပြောရရင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ကိစ္စ၊ အဲ့ဒီနေရာမှာတင် ဆွေးနွေးဖို့ ယူလာတဲ့ ခေါင်းစဉ်နှစ်ခုက မတူတဲ့အတွက် ဒီဆွေးနွေးပွဲအပေါ်မှာ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေရဲ့ မျှော်လင့်ချက်က သိပ်ပြီး ကြီးကြီးမားမား မရှိလှပါဘူး။ သူတို့ကတော့ အကောင်းမြင် မျှော်လင့်ချက်မျိုး ထားကြပါတယ်။ ချောချောမောမော ဖြစ်သွားနိုင်ရင် ကောင်းမယ် ဆိုတဲ့ မျှော်လင့်ချက် အဲ့လို အသံမျိုးတော့ ကျနော်တို့ ကြားရပါတယ်။”

အခုနောက်ဆုံး ဒီ လုံခြုံရေး အခြေအနေကရော ဘယ်လိုရှိသလဲ။ ကိုကျော်ကျော်သိန်း အဲ့ဒီမှာ တွေ့ရတဲ့ အခြေအနေကို ပြောပြပါဦးရှင့်။

“ဒီဆွေးနွေးပွဲကတော့ ပြည်ထောင်စုအဆင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပါတယ်။ အံ့သြဖို့ကောင်းတာက နေရာတိုင်း လိုလိုမှာပါပဲ ထူးခြားတဲ့ လက်နက်ကိုင် အစောင့်အကြပ် လုံခြုံရေးရယ်လို့ ကျနော်တို့ ထူးထူးခြားခြား မတွေ့ရပါဘူး။ မြန်မာအစိုးရဘက်ကရော၊ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ဘက်ကရော လက်နက်ကိုင်စစ်သား အများအပြား ချထားတာကို ကျနော်တို့ မတွေ့ရပါဘူး။ ကားတချို့နဲ့ပေါ့ လူကြီးတွေရဲ့ ယာဉ်တန်းကို လိုက်ပါစောင့်ရှောက်တဲ့ ကားတချို့ရဲ့အပေါ်မှာ မြန်မာအစိုးရ စစ်တပ် တပ်ဖွဲ့ဝင်တချို့ အဲ့ဒါကို ကျနော်တို့ တွေ့ရပါတယ်။ ကျန်တာကတော့ ဒီ အစည်းအဝေး ကျင်းပမယ့် မနောကွင်းထဲမှာပဲ ရဲလက်နက်ကိုင် လုံခြုံရေး အစောင့်အကြပ် ချထားတာ တွေ့ရပါတယ်။ ဒီ့ထက်ပိုပြီးတော့ ထူးခြားတဲ့ လုံခြုံရေး အခြေအနေ ကျနော် မတွေ့ရဘူး။”

ဟုတ်ကဲ့ ဒီရက်ပိုင်းမှာပဲ တိုက်ခိုက်မှုတွေရော ဖြစ်တဲ့အသံတွေရော ကြားရတာမျိုး ရှိပါသေးလား။

“တိုက်ခိုက်မှုတွေက ဟိုရက်ပိုင်းတွေတုန်းက သတင်းတွေမှာတော့ ကြိုကြားကြိုကြား ဖြစ်နေတာတွေတော့ ရှိတယ် ဆိုတဲ့ သတင်းမျိုးတွေ ရတာတော့ ရှိပါတယ်။ ဒါပေမဲ့ ထူးထူးခြားခြားပေါ့လေ ကြီးမားတဲ့ တိုက်ပွဲမျိုးတွေ ရှိတဲ့ သတင်းမျိုးတော့ ကျနော်တို့ မကြားပါဘူး။ တနင်္လာနေ့ ရောက်ပြီးတဲ့နောက် မေးမြန်းကြည့်တော့လည်းပဲ တိုက်ပွဲတွေ ထူးထူးခြားခြား ဖြစ်တဲ့ သတင်းမျိုး ကျနော်တို့ မကြားသိရပါဘူး။”

အခု ဒီဆွေးနွေးပွဲမှာ နိုင်ငံတကာကနေပြီးတော့ ကုလသမဂ္ဂ အပါပေါ့နော် လေ့လာသူတွေ တက်ရောက်မယ်လို့လည်း ကျမတို့ ကြားထားတာ ရှိပါတယ်။ ကိုကျော်ကျော်သိန်းရော အဲ့ဒီမှာ ဘယ်သူတွေ တက်ရောက်မယ်လို့ ကြားသလဲ။ အခြေအနေ နည်းနည်း ပြောပြပါဦး။

“ကျနော်တို့ တနင်္လာနေ့က မေးကြည့်သလောက်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားရဲ့ လက်ထောက်ပေါ့လေ လက်ထောက် အမျိုးသမီးတစ်ဦးဟာဆိုရင်ဖြင့် တနင်္လာနေ့က ကချင်လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတွေကို ကချင်လူမှုအဖွဲ့အစည်းတွေ၊ နောက် ကချင်ပြည်နယ်အစိုးရ စသည်အားဖြင့်ပေါ့လေ ကချင်လူထုကနေ ကြိုဆိုတဲ့အခါမှာ မစ္စတာ နမ်ဘီးယားရဲ့ လက်ထောက်ပါတယ်လို့ ကျနော်တို့ အဲ့ဒီလို ခိုင်ခိုင်မာမာ သိရပါတယ်။ မစ္စတာ နမ်ဘီးယားကိုယ်တိုင်က မြစ်ကြီးနားမှာ ရောက်နေတယ်လို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ကျနော့်ကို ပြောပါတယ်။ အဲ့ဒီနေရာမှာတော့ ကွဲလွဲချက်တစ်ခုတော့ ရှိပါတယ်။ သတင်းလောကမှာ မေးမြန်းကြည့်ရသလောက်ဆိုရင် မစ္စတာ ဗီဂျေး နမ်ဘီးယား မြစ်ကြီးနားမှာ ရောက်နေတယ်၊ မရောက်နေဘူးဆိုတာ ကွဲလွဲတာတွေတော့ ရှိပါတယ်။ ဆိုတော့ ငြိမ်းချမ်းရေးစင်တာက ပုဂ္ဂိုလ်ကတော့ မစ္စတာ နမ်ဘီးယား ရောက်နေပြီ။ ဆွေးနွေးပွဲကို တက်မယ် မတက်ဘူး ဆိုတာကတော့ အသေအချာ မသိရသေးဘူး ဆိုတဲ့အကြောင်း အဲ့လို အခိုင်အမာ ပြောထားတာတော့ ရှိပါတယ်။ အဲ့ဒါအပြင်တော့ အရင် ကြားနေသလိုမျိုး တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတစ်ဦး တက်ရောက်မလား၊ မတက်ရောက်ဘူးလား ဆိုတာ အခုအချိန်ထိ ခိုင်ခိုင်မာမာ မသိရသေးပါဘူး။ တက်မယ်လို့ ပြောတာမျိုး ရှိသလို၊ မတက်တော့ဘူးဆိုတဲ့ဟာမျိုးလည်း ကျနော်တို့ ကြားရပါတယ်။ အဲ့ဒါတွေ အတည်ပြုနိုင်ဖို့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ဘက်က တာဝန်ရှိသူ တစ်ဦးကို ကျနော်တို့ ဆက်သွယ်ဖို့ ကြိုးစားပါတယ်။ တွေ့ဆုံဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ မနေ့ကအထိတော့ ကျနော်တို့ တွေ့ဆုံခွင့် မရခဲ့သေးပါဘူး။ အဲ့ဒါအပြင် ကျန်တဲ့ နိုင်ငံတကာ လေ့လာသူတွေ တက်ရောက်မယ့် အလားအလာမျိုး ရှိတယ်လို့လည်း ကျနော်တို့ မသိရသေးပါဘူး။”
XS
SM
MD
LG