သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အပစ်ရပ်ရေး အာမခံဖို့ KIA မျှော်လင့်


ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အပစ်ရပ်ရေး အာမခံဖို့ KIA မျှော်လင့်
ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အပစ်ရပ်ရေး အာမခံဖို့ KIA မျှော်လင့်

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ အောင်အောင်မြင်မြင် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးနေစဉ် ကာလအတွင်းမှာ ပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းခွဲတာ၊ အစိုးရ အဆောက်အဦးတွေကို နေရာယူ သိမ်းပိုက်တာတွေ မလုပ်ဖို့နဲ့ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့အတွက် ကချင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားတဲ့ ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့က KIO ဘက်ကို စာပေးပို့ပြီး တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး KIO ဘက်က လက်ခံကြောင်း ပြန်ကြားတာ မရှိသေးပါဘူး။ တချိန်တည်းမှာတော့ အစိုးရတပ်တွေနဲ့ KIA တပ်တွေ အကြားမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ကချင်ပြည်နယ် အတွင်းက ပဋိပက္ခတွေရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဘက်က ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့အတွက် ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့က တောင်းဆိုတဲ့စာကို အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ကချင်အတိုင်ပင်ခံ အဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဆင်ဝါးနော်က လိုင်ဇာမြို့ကို သွားရောက်ပြီး ပေးပို့တာ ဖြစ်ပါတယ်။ ဒီစာကိုတော့ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးသန်းအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်နဲ့ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်တို့က လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့ဟာ အစိုးရတပ်နဲ့ KIA တပ်တွေအကြား အပစ်အခတ် ရပ်စဲဖို့ ကြားဝင်ညှိနှိုင်း ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပြီး ပေးပို့တဲ့ စာပါ အချက်တွေကို KIO အဖွဲ့ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က အခုလို ပြောပြပါတယ်။

“သူတို့ဘက်ကတော့ သူတို့ စစ်တပ်ဘက်ကို KIA သာမပစ်ရင် စပြီး မပစ်ဖို့ ညွှန်ကြားထားတာ ဇွန်လ ၁၈ ရက်နေ့ကတည်းက ဖြစ်တယ်၊ အဲဒါကြောင့်မို့ KIA တပ်ဖွဲ့တွေကလည်း တူညီတဲ့ တုံ့ပြန်တဲ့အနေနဲ့ အပစ်အခတ် ရပ်ဆိုင်းပေးဖို့ ရှေ့တန်းတွေကို ညွှန်ကြားပေးပါဆိုတဲ့ စာပါပဲ။ နောက်ပြီးတော့ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးပွဲက နေပြီးတော့ ထာဝရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ကတော့ အချိန်တော့ လိုအပ်မှာ ဖြစ်တယ်။ ဒီလိုမျိုး ဆွေးနွေးမှုမှာတော့ ယုံကြည်မှုရှိဖို့က အရေးကြီးတယ်။ ဒါကြောင့် ရှေ့တန်းမှာ ပစ်တာ ခတ်တာတွေ မရှိအောင် ညွှန်ကြားပေးပါဆိုတဲ့ အချက်ပါ။ အဓိကအချက်က အဲဒီအချက်ပါပဲ။”

ညှိနှိုင်းရေးအဖွဲ့က တောင်းဆိုတဲ့စာနဲ့ ပတ်သက်ပြီး KIO ဘက်က တုံ့ပြန်မှုကိုတော့ ဦးလနန်က အခုလို ပြောပါတယ်။

“လက်ခံနိုင်တဲ့ အဆင့်တော့ မရောက်သေးဘူး။ တခြားတော့ တုံ့ပြန်စရာ ဘာမှ မရှိပါဘူး။ အရင်တုန်းက ပြောပြီးသား ရှိတယ်လေ သူတို့ကို။ စာနဲ့ကို အကြောင်းကြားထားတာ ရှိတယ်။ ကျနော်တို့ တောင်းဆိုထားတဲ့ သူတို့ တပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တဦးဦးက နေပြီးတော့ တကယ်ပဲ အဲလို ရှေ့တန်းတွေကို ညွှန်ကြားထားပြီးပြီ ဆိုတဲ့ဟာ အာမခံပေးနိုင်တဲ့စာကို ကျနော်တို့ တောင်းထားတာပါ။ အဲဒါပါပဲ ကျနော်တို့ကတော့။”

မြန်မာစစ်တပ်တွေကို အပစ်အခတ် ရပ်ဆိုင်းဖို့ ညွှန်ကြားထားပေမဲ့ ရှေ့တန်းတွေမှာတော့ တိုက်ခိုက်တာတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဦးလနန်က ဆက်ပြောပါတယ်။

“ရှေ့တန်းမှာတော့ တိုက်တာ ခိုက်တာတွေကတော့ အမြဲတမ်း အနည်းအကျဉ်းတော့ ရှိနေတုန်းပဲ။ သူတို့က မတိုက်ဘူး ဆိုပေမဲ့ တပ်အင်အား ဖြည့်တင်းမှုက ရှိနေတယ်။ ဒီနေ့မှာလည်း မိုးမောက်ကနေ ကား ၃ စင်းနဲ့ တက်လာတာမျိုး ရှိတယ်လေ။ မနေ့ကလည်း ဆန်ဂန်စခန်းမှာဆို ကျနော်တို့ဘက်ကို လက်နက်ကြီးနဲ့ ၅ ချက်လောက် ပစ်သေးတယ်။ အဲဒါမျိုး ဆက်တိုက် ဖြစ်နေတယ်။ အဲဒါကြောင့် သူတို့ ပြောဆိုချက်ကို ကျနော်တို့က လက်ခံနိုင်တဲ့ အဆင့်တော့ မရောက်သေးဘူး။”

မြန်မာအစိုးရဘက်ကလည်း KIA တပ်ဖွဲ့တွေက ဟိုပင်မြို့အနီးက မြစ်ကြီးနား၊ မန္တလေး ရထားလမ်းကို ဒီလ ၅ ရက်နေ့က ဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် သံလမ်းပြတ်တောက်ပြီး ဇလီဖားတုံးတွေ ပျက်စီးခဲ့ကြောင်း၊ ထိခိုက် သေကျေတာ မရှိကြောင်း ဒီနေ့သတင်းစာမှာ ဖော်ပြပါတယ်။

KIA ဘက်က အပစ်ရပ်ဖို့ တောင်းဆိုတာကို လက်မခံသေးပေမဲ့ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးသန်းအောင် တောင်းဆိုတဲ့ မြစ်ကြီးနား၊ ဗန်းမော်လမ်းက မဒီးယန်တံတားကို ပြန်လည်ပြင်ဆင်ဖို့ကိုတော့ လက်ခံခဲ့ပါတယ်။ ဒါ့အပြင် ညှိနှိုင်းရေးအဖွဲ့ဘက်က KIO ရဲ့ လိုလားချက်တွေကို နိုင်ငံတော် သမ္မတဆီကို တိုက်ရိုက်စာရေးဖို့ ကမ်းလှမ်းတာ ရှိခဲ့ပေမဲ့ KIO ဘက်က ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးပြီး အကြောင်းပြန်မှာဖြစ်ကြောင်း တုံ့ပြန်ထားတယ်လို့ သိရပါတယ်။

KIA နဲ့ အစိုးရတပ်တွေအကြား အပစ်အခတ် ရပ်စဲဖို့အတွက် ဇွန်လ ၁၇ ရက်နေ့နဲ့ ၃၀ ရက်နေ့မှာ နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေးတာတွေ ရှိခဲ့သလို မနေ့က စာရေးပြီး ညှိနှိုင်းတာ ရှိပေမဲ့ အခုထိတော့ မအောင်မြင်သေးပါဘူး။ ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့ကတော့ ထာဝရငြိမ်းချမ်းရေး ရတဲ့အထိ ဆောင်ရွက်သွားဖို့ မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အရင်လက စခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်ဒုက္ခသည် ၁၅,၀၀၀ ကျော်ဟာ တရုတ်၊ မြန်မာ နယ်စပ်က KIA ဌာနချုပ် လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျယ် စတဲ့မြို့တွေအပြင် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေကိုလည်း ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

XS
SM
MD
LG